backup og meta

လေ့လာသင်ယူမှု ပြဿနာရှိတဲ့ ကလေးတွေ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့လာသင်ယူမှု ပြဿနာရှိတဲ့ ကလေးတွေ

    ကလေးတွေအားလုံးကတော့ ကျောင်းစာနဲ့ ပတ်သက်လို့ အခက်အခဲတွေ ကိုယ်စီရှိကြတာချည်းပါပဲ။ ဒါပေမယ့် လေ့လာသင်ယူမှုလုံးဝ မလုပ်နိုင်ဖူးဆိုရင်တော့ ဒါဟာ ပြဿနာအကြီးကြီး ဖြစ်ပါတယ်။

    လေ့လာသင်ယူမှု အခက်အခဲရှိတဲ့ ကလေးအများစုဟာ ဉာဏ်ရည်အသင့်အတင့်ရှိတဲ့ ကလေးတွေဖြစ်ပြီး တချို့ကလေးတွေဆိုရင် သာမန်ထက်ပိုတဲ့ ဉာဏ်ရည်တောင် ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အရေး၊အဖတ်နဲ့ အတွက်တို့ကို လေ့လာရာမှာ အခက်အခဲတွေ ရှိနေပါတယ်။

    အဖတ်စွမ်းရည်မှာ ပြဿနာရှိတဲ့ ကလေးတွေဟာ အောက်ပါအခက်အခဲတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။

    ရေးထားတဲ့ စာကို အသံထွက်မဖတ်နိုင်ခြင်း

    စာလုံးတွေကို မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာပြီး အသံထွက်လာအောင် Phonological processing လို့ခေါ်တဲ့ လုပ်ငန်းစဉ်က ကူညီပေးပါတယ်။ ဒါ့အပြင် အဆိုပါ အသံနဲ့ စာလုံးတို့ကို ဆက်စပ်ပြီး စာဖတ်နိုင်အောင်လည်း ဒီလုပ်ငန်းစဉ်ကပဲ ပြုလုပ်စီမံပေးတာဖြစ်ပါတယ်။

    Phonological processing မလုပ်နိုင်တဲ့အတွက် ရေးထားတဲ့ စာတွေကို မဖတ်နိုင်တဲ့ ပြဿနာ(ဝါ)လက္ခဏာကို dyslexia လို့ခေါ်ပြီး အနည်းငယ်မဖတ်နိုင်တာကနေ လုံးဝမဖတ်နိုင်တာအထိ ပြင်းထန်မှု အဆင့်ဆင့် ရှိပါတယ်။

    ချောမွေ့စွာ မဖတ်နိုင်ခြင်း၊မြန်မြန်မဖတ်နိုင်ခြင်း။

    ဖတ်လိုက်တဲ့စာကို နားမလည်နိုင်ခြင်း။

    အရေးစွမ်းရည်မှာ ပြဿနာရှိတဲ့ ကလေးတွေဟာ အောက်ပါအခက်အခဲတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။

    သီကုံးဖွဲ့ဆိုခြင်း

    စိတ်ကူးစိတ်သန်းတွေကို ရေးသားတာ၊စုစည်းရေးဖွဲ့တာ ဒါမှမဟုတ် ကိုယ့်အတွေးအမြင်တွေကို ထုတ်ဖော်ပြောဆိုတာ အစရှိတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

    စာလုံးမပေါင်းနိုင်ခြင်း။

    သဒ္ဒါမမှန်ခြင်း။

    လက်ရေးလက်သားပြဿနာရှိခြင်း (ကောင်းကောင်း မရေးနိုင်ခြင်း)။

    အတွက်စွမ်းရည်မှာ ပြဿနာရှိတဲ့ ကလေးတွေဟာ အောက်ပါအခက်အခဲတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။

    · သင်္ချာအသုံးအနှုံးများနဲ့ တွက်ချက်မှုများကို နားမလည်နိုင်ခြင်း။

    · ပုစ္ဆာပေးထားချက်တွေကို သင်္ချာသင်္ကေတသို့ မပြောင်းလဲတတ်ခြင်း။

    · ဂဏန်းသင်္ကေတများကို နားမလည်ခြင်း။

    · အရာဝတ္ထုများကို မျိုးတူရာအုပ်စုမခွဲတတ်ခြင်း။

    · ဂဏန်းများကို ကူးမရေးနိုင်ခြင်း။

    · သင်္ချာသင်္ကေတများကို မှန်ကန်စွာ မသုံးစွဲနိုင်ခြင်း။

    · အပေါင်း၊အမြှောက်စသည်တို့ ပြုလုပ်ရာတွင် တဆယ်ကျော်လျှင် ထပ်ပေါင်းရမည့်ဂဏန်းကို မမှတ်မိခြင်း။

    · သင်္ချာပုစ္ဆာများကို အဆင့်လိုက် မှန်ကန်စွာ မတွက်နိုင်ခြင်း။

    · အရာဝတ္ထုများကို မှန်ကန်စွာ မရေတွက်နိုင်ခြင်း။

    · အလီမရခြင်း။

    လေ့လာသင်ယူမှုပြဿနာတွေ ဘာကြောင့် ဖြစ်လာရတာလဲ။

    ကလေးရဲ့ ဦးနှောက်ဟာ အချို့သော သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး ကောင်းစွာအလုပ်မလုပ်နိုင်တဲ့အခါ လေ့လာသင်ယူမှုပြဿနာတွေ ဖြစ်လာရပါတယ်။

    နောက်ဆက်တွဲအနေနဲ့ စကားပြောခြင်း၊စာဖတ်ခြင်း၊နားထောင်ခြင်း၊အချက်အလက် အကြောင်းအရာများကို မှတ်သားခြင်း၊စာရေးခြင်း၊စာလုံးပေါင်းခြင်း၊သင်္ချာတွက်ခြင်း နဲ့ အခြားသော လုပ်ငန်းဆောင်တာတွေကို ပြုလုပ်ရာမှာ ပြဿနာတွေ၊အခက်အခဲတွေ ဖြစ်ပေါ်လာရပါတော့တယ်။

    လေ့လာသင်ယူမှုပြဿနာ ရှိနေကြောင်း ဘယ်လိုသိမလဲ။

    စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း

    ကလေးကို စိတ်ပိုင်းဆိုင်ရာအထူးကုဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးရမှာဖြစ်ပြီး ဆရာဝန်အနေနဲ့ ကြီးထွားဖွံ့ဖြိုးမှုနောက်ကျခြင်း ဒါမှမဟုတ် အာရုံခံစားနိုင်စွမ်း ချို့ယွင်းခြင်း အစရှိတဲ့ ပြဿနာတွေကို အရင်ဖယ်ထုတ်ပါလိမ့်မယ်။

    တကယ်လို့ ကလေးရဲ့ အရေး၊အဖတ် နဲ့ အတွက်စွမ်းရည်တွေဟာ သူတို့လေးတွေရဲ့ အသက်အရွယ်၊လေ့လာသင်ယူမှု၊တက်ရောက်နေတဲ့ အတန်း စတာတွေနဲ့ယှဉ်ရင် မျှော်လင့်ထားတာထက် အများကြီး နည်းပါးချို့ယွင်းနေပြီဆိုရင် သူတို့မှာ လေ့လာသင်ယူမှုပြဿနာ ရှိနေပါပြီ။

    အထူးတလည် ဂရုစိုက်သင်ကြားတဲ့အခါ အရည်အချင်း တိုးတက်လာခြင်း ရှိမရှိ (Response to intervention (RTI))

    တချို့ကျောင်းတွေမှာ အထူးတလည် ဂရုစိုက်သင်ကြားတဲ့အခါ အရည်အချင်း တိုးတက်လာခြင်း ရှိမရှိ (Response to intervention (RTI))ကို ဆန်းစစ်တဲ့ မှတ်တမ်းတွေ ထားရှိပါတယ်။

    နှစ်စကနေ စတင်ပြီး ကျောင်းသားအားလုံးရဲ့စွမ်းဆောင်မှုကို အဆိုပါ မှတ်တမ်းမှာ ရေးသွင်းမှတ်တမ်းတင်ပါတယ်။ မကြာခဏလည်း စစ်ဆေးပါတယ်။

    တခြားကလေးတွေနည်းတူ စာလိုက်နိုင်ခြင်းမရှိတဲ့ ကလေးတွေကို ပုံမှန်ထက်ပိုပြီး ဂရုတစိုက် သင်ကြားပေးပါတယ်။ ဒီလို သင်ကြားပေးလိုက်လို့ တခြားကလေးတွေနဲ့ တန်းတူပြန်ဖြစ်သွားပြီ၊သူများတွေနဲ့ တန်းတူစာလိုက်နိုင်သွားပြီဆိုရင် အထူးဂရုစိုက်ရမယ့် အုပ်စုထဲကနေ ပုံမှန်အုပ်စုထဲ ပြန်ထည့်ပါတယ်။

    ဒီလိုဂရုတစိုက်သင်ကြားတာတောင်မှ တိုးတက်မလာဖူးဆိုရင် အထူးတလည် ပိုမိုသင်ကြား အနီးကပ် စောင့်ကြည့်ရပြီး ဒီလိုအနေအထားမှာလည်း အခြေအနေ တိုးတက်မလာသေးဖူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာအထူးကုဆရာဝန်နဲ့ ပြသဆွေးနွေးဖို့ အကြံပြုရပါလိမ့်မယ်။

    လေ့လာသင်ယူမှုပြဿနာရှိတဲ့ ကလေးတွေကို ဘယ်လိုကုသပေးမလဲ။

    ဂရုတစိုက်ကူညီပေးခြင်း

    လေ့လာသင်ယူမှုပြဿနာရှိနေတဲ့ ကလေးတွေကို ကူညီပေးနိုင်မယ့် အစီအစဉ်လေးတွေအများကြီး ရှိပါတယ်။ သူတို့လေးတွေအတွက် အထူးတလည်စီမံထားတဲ့ သင်ရိုးညွှန်းတမ်း ဒါမှမဟုတ် နည်းစနစ်ကို အသုံးပြုပြီး သင်ကြားပေးရပါမယ်။

    ကလေးအသက်ငယ်လေ ဒီလိုမျိုး ဂရုတစိုက်ကူညီပေးခြင်းက အရာထင်လေ ဆိုပေမယ့် နောက်ကျတယ်ဆိုတာ ဘယ်တော့မှမရှိဖူးဆိုတာလေးကိုလည်း သိထားစေချင်ပါတယ်။

    အထောက်အကူပြု အစီအစဉ်တွေကို စီမံပေးခြင်း

    စာသင်ခန်းထဲမှာ ပိုမိုလွယ်ကူစွာ သင်ယူစေနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလို လုပ်ပေးခြင်းအားဖြင့် ကလေးအနေနဲ့ သူ့မှာ ဘယ်လိုပြဿနာပဲ ရှိရှိ ကျောင်းသင်ခန်းစာတွေကို အောင်မြင်စွာ လေ့လာနိုင်စေပါလိမ့်မယ်။

    မှတ်စုတွေ လိုက်မှတ်ပေးမယ့် အကူတယောက်ထားပေးတာလိုမျိုး ရိုးရိုးရှင်းရှင်း အစီအစဉ်ဖြစ်နိုင်သလို စာတွေကို လိုက်ဖတ်ပေးမယ့် ကွန်ပြူတာဆော့ဖ်ဝဲစီစဉ်ပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement