backup og meta

အပျိုဖော်ဝင်စ သမီးလေးကို ဒါတွေကျွေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပျိုဖော်ဝင်စ သမီးလေးကို ဒါတွေကျွေးပါ

    အပျိုဖော်ဝင်လာတဲ့ သမီးငယ်လေးကို အကောင်းမွန်ဆုံး ကျွေးမွေးဖို့က မေမေတစ်ယောက် မဖြစ်မနေထမ်းဆောင်ရမယ့် တာဝန်တစ်ခုပါ။ ဒီတာဝန်ကို မေမေက အကောင်းဆုံးလုပ်ဆောင်ပေးနိုင်မှ သမီးလေးက ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါနော်။ ဒီတစ်ခေါက်တော့ ကိုယ့်ရဲ့ သမီးလေးကို အပျိုဖော်ဝင်စ အချိန်မှာ ကြီးထွားဖွံ့ဖြိုးလှပတဲ့ သမီးလေးအဖြစ်ကြီးပြင်းလာစေဖို့မေမေတို့အနေနဲ့ ဘယ်လိုမျိုးကျွေးမွေးရမလဲဆိုတာကိုပြောပြပေးပါရစေ။

    အပျိုဖော်ဝင်တယ်ဆိုတာ

    အပျိုဖော်ဝင်တယ်ဆိုတာက ကလေးတစ်ယောက်ရဲ့ အရွယ်ရောက်ပြောင်းလဲမှုပါ။ ဒီအချိန်က အလျင်အမြန်ဖွံ့ဖြိုးကြီးထွားတဲ့ အရွယ်ဖြစ်တာကြောင့် အာဟာရလိုအပ်ချက်ကလည်း ပုံမှန်ထက်ပိုများနိုင်ပါတယ်။ ဒီအချိန်မှာ ကလေးက ခန္ဓာကိုယ် အခြေအနေ၊ စိတ်နေစိတ်ထားနဲ့ တွေးခေါ်မှုတွေကအစ အရာရာ စတင်ပြောင်းလဲနေတာပါ။ ကြီးထွားဖွံ့ဖြိုးလာပြီး ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုအတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်စုံအောင်ကျွေးမွေးနိုင်မှလည်း ကလေးက ရွယ်တူတွေထဲမှာ ညှက်နေတာမျိုး မဖြစ်မှာပါ။ ကိုယ့်ရဲ့ သမီးလေးကို လှပကြော့ရှင်းတဲ့ လေဒီလေးဖြစ်အောင် အကောင်းဆုံး ပုံသွင်းပေးနိုင်မယ့် အချိန်ဆိုလည် မမှားပါဘူး။

    အပျိုဖော်ဝင်စ သမီးလေးကို ဘာတွေကျွေးမလဲ

    ပြောင်းလဲမှုတွေကို ပြည့်မီအောင် အာဟာရဖြည့်တင်းပေးမယ်ဆိုရင် ကလေးကို နေ့စဉ်စားသောက်မှုတိုင်းမှာ ဒါတွေပါအောင်ကျွေးသင့်ပါတယ်။

    အဆီမပါတဲ့အသား

    ကြွက်သားနဲ့ အရိုးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ရရှိစေဖို့ ကလေးကို အသားကျွေးဖို့လိုပါမယ်။ ဒါ့အပြင် အပျိုဖော်ဝင်စ သမီးလေးအတွက် သံဓာတ်လိုအပ်ချက်မဖြစ်အောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်ဖို့အတွက်လည်း အနီရောင်အသားတွေ ကျွေးပေးဖို့လိုပါမယ်။ တစ်ပတ်ကို ၃ ကြိမ်လောက်ကျွေးပေးရပါမယ်။

    ပဲအမျိုးမျိုး

    ပြောင်းလဲလာမယ့် ခန္ဓာကိုယ်ကြီးထွားမှု၊ သံဓာတ်အားနည်းချက်ကြောင့် သွေးအားနည်းရောဂါ ဖြစ်တာမျိုးမဖြစ်စေဖို့အတွက် အရိုးနဲ့ ခန္ဓာကိုယ်က တစ်ရှူးတွေ ကျန်းမာနေစေဖို့ လိုအပ်တဲ့ ပရိုတင်းဓာတ်နဲ့ သံဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရရှိစေဖို့ပါ။

    ဥအမျိုးမျိုး

    အရိုးနဲ့ သွားတွေကြံ့ခိုင်စေဖို့ လိုအပ်တဲ့ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေဖို့၊ ဗီတာမင် D ပမာဏကိုဖြည့်ဆည်းပေးနိုင်စေဖို့၊ သံဓာတ်ရရှိစေဖို့အတွက် တစ်ပတ်ကို ၃ ကြိမ်လောက်ကျွေးပေးသင့်ပါတယ်။

    နို့နဲ့ နို့ထွက်ပစ္စည်း

    အရိုးနဲ့ သွားတွေကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ လစဉ်ရာသီလာတာကြောင့် သံဓာတ်ဆုံးရှုံးမှုမဖြစ်စေဖို့အတွက် လိုအပ်တဲ့သံဓာတ်၊ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိစေဖို့အတွက် တစ်နေ့ကို နို့တစ်ခွက် ဒါမှမဟုတ် ဒိန်ချဉ်တစ်ခွက်လောက် တိုက်ပေးသင့်ပါတယ်။

    ရေ

    သဘာဝတရားကြီးကပေးထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့သောက်စရာကလည်း အပျိုဖော်ဝင်စ သမီးငယ်လေးတွေ ကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကျောင်းစာတွေနဲ့ ပင်ပန်းနေတဲ့ သမီးလေး အင်အားပြည့်ပြီး လန်းဆန်းနေစေဖို့ရော၊ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုပါ ဖယ်ရှားဖို့အတွက် တစ်နေ့ကိုရေ ၇ ခွက်ကနေ ၈ ခွက်အထိပုံမှန်တိုက်ပေးပါ။

    ဟင်းနုနွယ်

    ဆဲလ်တွေကြီးထွားဖို့နဲ့ သွေးအားနည်းရောဂါတွေမဖြစ်စေဖို့အတွက် လိုအပ်တဲ့ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B တို့ပါဝင်နေပါတယ်။

    ဒီအချက်လေးတွေ လိုက်နာပေးပါ

    ဒီအချိန်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပြီး တက်ကြွတဲ့ မိန်းမပျိုလေးဖြစ်စေဖို့အတွက် ဒီအချက်လေးတွေကို လိုက်နာပေးဖို့လည်း မမေ့ပါနဲ့မေမေတို့ရေ။

    • အမျှင်ဓာတ်များများစားကျွေးပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အုတ်ဂျုံ စတဲ့ အစားအစာတွေကို စားပေးပါ။
    • တစ်နေ့တာမှာ ရေလုံလောက်အောင်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ဖြည့်ပေးပါ။
    • အဆီများတာတွေမကျွေးပါနဲ့။ အာလူးကြော် အပါအဝင် ဆီများတဲ့ အစားအစာတွေ မကျွေးပါနဲ့။
    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့သရေစာတွေပြင်ဆင်ပေးပါ။ သစ်သီးတွေကျွေးပေးပါ။
    • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပေးပါ။
    • ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိဖို့ဂရုစိုက်ပါ။

    အပျိုဖော်ဝင်စ သမီးငယ်လေးတွေရှိတဲ့မေမေတို့အနေနဲ့ အခုပြောခဲ့တဲ့အချက်လေးတွေကို ဂရုစိုက်လို့ သမီးလေးကို စမတ်ကျတဲ့ သမီးလေးအဖြစ် ပျိုးထောင်လိုက်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement