backup og meta

သွားကြိတ်ခြင်း -ဘာကြောင့်သွားကြိတ်ရသလဲ၊ အဲဒီအတွက်သင်ဘာလုပ်နိုင်မလဲ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 27/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားကြိတ်ခြင်း -ဘာကြောင့်သွားကြိတ်ရသလဲ၊ အဲဒီအတွက်သင်ဘာလုပ်နိုင်မလဲ

    သွားကြိတ်တာဟာ ကလေးတွေမှာအဖြစ်များပြီး များသောအားဖြင့် ကြီးလာရင်တော့ ပျောက်သွားကြတယ်လို့ ပညာရှင်တွေဆိုကြတယ်။ ကလေး ၁၀ ယောက်မှာ ၂ ယောက်၊ ၃ ယောက် လောက်ကတော့ သွားကြိတ်တတ်တဲ့ အကျင့်လေးတွေရှိတတ်ပါတယ်။

    သွားကြိတ်ရခြင်းအကြောင်းအရင်း

    သွားကြိတ်တာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေမှာ အပေါ်သွားနဲ့ အောက်သွား မညီလို့သွားကြိတ်တာလည်းဖြစ်နိုင်တယ်။ တချို့ ကလေးတွေမှာဆိုရင် နားကိုက်ခြင်း၊ သွားပေါက်ခြင်း သို့မဟုတ် ကြွက်သားတချို့ ရောင်ရမ်းရာမှ နာကျင်မှုကို သက်သာစေဖို့ သွားကြိတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကြောင့်ဆိုရင်တော့ ကလေးတွေကြီးလာတဲ့အခါ ထိုအကျင့်ပျောက်သွားတတ်ပါတယ်။

    ကလေးတွေသွားကြိတ်ရခြင်းရဲ့ တခြားအကြောင်းအရာတွေကတော့ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတွေ ဒေါသတွေလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်လို့သင်တို့ကလေးလေးတွေမှာ ကျောင်းမှာတစ်ယောက်ယောက်နဲ့ စကားများတာမျိုး၊ ဒါမှမဟုတ် စာမေးပွဲတွေ၊ အဆင့်တွေ၊ သူငယ်ချင်းပြဿနာတွေလိုမျိုး ကျောင်းမှာတစ်ခုခုဖြစ်လာခဲ့ရင်လည်း ညအိပ်တဲ့အခါ သွားကြိတ်တာမျိုးရှိနိုင်ပါတယ်။ ငြိမ်ငြိမ်မနေနိုင်အောင် သွက်လွန်းတဲ့ကလေးတွေ၊ ဒါမှမဟုတ် ရောဂါတစ်ခုခုခံစားနေရတာဖြစ်ဖြစ် ဆေးဝါးတစ်မျိုးမျိုးကိုသုံးစွဲနေရတဲ့ ကလေးမျိုးတွေမှာလည်း သွားကြိတ်တတ်ပါတယ်။

    သွားကြိတ်ခြင်း၏သက်ရောက်မှုများ

    တကယ်လို့ သင့်ကလေးက မကြာခဏဆိုသလို သွားကြိတ်နေမယ်ဆိုရင်တော့ မထင်မှတ်ထားတဲ့ သက်ရောက်မှုအမျိုးမျိုးကြုံတွေ့လာရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ သွားကြွေလွှာလေးတွေပျက်ဆီးခြင်း၊ သွားပဲ့ခြင်း၊ အပူချိန်ပြောင်းလဲမှုကိုမခံနိုင်ခြင်း၊ မျက်နှာကြွက်သားများနာကျင်ခြင်း၊ မေးရိုးအဆစ်ရောဂါများကဲ့သို့ မေးရိုးပြဿနာများနှင့် ကြုံလာရတတ်ပါသည်။

    သွားကြိတ်ခြင်းကိုဘယ်လိုသိနိုင်မလဲ

    ကလေးတော်တော်များများဟာ မသိလိုက်ဘဲ သွားကြိတ်တတ်တဲ့အကျင့်တွေရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေကို သိရှိသတိပြုမိဖို့ဟာ မိဘတွေတာဝန်ဖြစ်လာတယ်။ သင်ဟာအချက်တချို့ကို အာရုံပြုထားသင့်တယ် ဥပမာ-သူတို့အိပ်နေစဉ်သွားကြိတ်သံမျိုး၊ မိုးလင်းနိုးလာတဲ့အခါ မေးရိုးတွေ မျက်နှာတွေ ရောင်ရမ်းနာကျင်နေတတ်တယ်လို့ ကလေးကပြောတာမျိုး၊ အစာစားတဲ့အခါ မေးရိုးနာတယ်လို့ ပြောတာမျိုးတွေဖြစ်တယ်။

    ကလေးမှာ ပြဿနာရှိနေပြီဆိုတာ သေချာရင်တော့ သွားဆရာဝန်ထံခေါ်သွားပါ။ သူတို့ကသွားတွေရဲ့အခြေအနေတွေကိုစစ်ဆေးခြင်း၊ သွားကြိတ်ရခြင်းအကြောင်းအရာကိုရှာဖွေပြီး ထိရောက်တဲ့ကုသမှုမျိုးပေးပါလိမ့်မယ်။

    သွားကြိတ်ခြင်းကိုဘယ်လိုကုသမလဲ

    ကလေးအများစုက ကြီးလာတာနဲ့အမျှ သွားကြိတ်တာရပ်သွားလေ့ရှိပါတယ်။ ဒါပေမယ့် မိဘတွေရဲ့ကြည့်ရှုစောင့်ရှောက်မှုနဲ့ သွားဆရာဝန်နဲ့ပြသခြင်းဟာ သူတို့အဲဒီအကျင့်မပျောက်ခင်ထိ အခြေအနေကိုစောင့်ကြည့်ထားနိုင်ပါလိမ့်မယ်။ တကယ်လို့ သွားဆရာဝန်က သွားတွေထိခိုက်တော့မယ့် အခြေအနေတွေ့လာရင် အားကစားသမားတွေတပ်လေ့ရှိတဲ့ သွားစွပ်ပုံစံနဲ့ဆင်တဲ့ ညအိပ်တပ်ရတဲ့သွားစွပ်မျိုးပေးပါလိမ့်မယ်။

    သွားကြိတ်တတ်တဲ့ကလေးကိုဘယ်လိုကူညီမလဲ

    သွားဆရာဝန်နဲ့အတူတူ မိဘတွေကလည်း ကလေးကိုကူညီဖို့အရေးကြီးပါတယ်။ သွားကြိတ်တာကိုလျော့စေဖို့ သင့်ကလေးကို အိပ်ခါနီးမှာ ရေနွေးနွေးလေးချိုးစေတာမျိုး၊ သာယာငြိမ့်ညောင်းဖွယ်သီချင်းလေးတွေနားထောင်တာမျိုး၊ စာအုပ်ဖတ်ပြတာမျိုးနဲ့ အိပ်ရာဝင်ခါနီးသက်တောင့်သာဖြစ်စေဖို့ ကူညီပေးသင့်တယ်။

    စိတ်ပိုင်းဆိုင်ရာအနေနှင့်ဆိုလျှင်လည်း သူတို့ပြဿနာများကိုကူညီဖြေရှင်းပေးခြင်းဖြင့်သက်သာနိုင်စေပြီး တကယ်လို့ ဒီပြဿနာက ရှုပ်ထွေးပြီး သာမန်စိတ်သက်သာစေခြင်းက အံကြိတ်တာကို မလျှော့ချနိုင်လျှင်တော့ ဆရာဝန်နှင့်သွားရောက်ဆွေးနွေးသင့်ပါသည်။

    သွားကြိတ်ခြင်းကိုဘယ်လိုကာကွယ်မလဲ

    သွားကြိတ်ခြင်းဟာ သင့်ကလေးကြီးပြင်းလာခြင်းရဲ့ သဘာဝအလျောက်တုံ့ပြန်ခြင်းဖြစ်တာကြောင့် သွားကြိတ်ခြင်းတော်တော်များများဟာရှောင်လွှဲလို့မရတတ်ပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာကြောင့် သွားကြိတ်ခြင်းကိုတော့ ခံစားချက် စိတ်ဒုက္ခတွေကို ကူညီဖြေရှင်းပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။ ဒါ့အပြင့် သင့်ကလေးငယ်လေးတွေကို အချိန်မှန် သွားဆရာဝန်ထံခေါ်သွားပြီး သွားနှင့်ခံတွင်းပြဿနာများကို စစ်ဆေးခြင်းပြုလုပ်တဲ့ အလေ့အကျင့်လေးတစ်ခုထားရှိသင့်ပါတယ်။

    သွားကြိတ်ခြင်း အချိန်ဘယ်လောက် ကြာမြင့်တတ်သလဲ

    ကြာမြင့်ချိန်မှာ သွားကြိတ်ရခြင်းအကြောင်းအရာပေါ် မူတည်တတ်ပါတယ်။ ကလေးတော်တော်များများမှာ ငယ်သွားလေးတွေလဲလိုက်တာနဲ့ သွားကြိတ်ခြင်းအလေ့အထ ပျောက်သွားတတ်သော်လည်း တချို့ကကြီးပြင်းလာသည်ထိ ကျန်ရှိတတ်ပါတယ်။ ဒါ့အပြင် အကယ်၍ ကလေးက စိတ်ဖိစီးများကြောင့် သွားကြိတ်ခြင်းဖြစ်ပေါ်လာလျှင်တော့ ထိုစိတ်ဖိစီးမှုလျော့ကျသွားမှာသာ သွားကြိတ်ခြင်းသက်သာသွားပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 27/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement