backup og meta

သင့်ကလေး လှုပ်လှုပ်ရှားရှား နေတတ်အောင် ဘယ်လိုတွန်းအားပေး ကူညီမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး လှုပ်လှုပ်ရှားရှား နေတတ်အောင် ဘယ်လိုတွန်းအားပေး ကူညီမလဲ

    ဒီခေတ်လို အင်တာနက်၊ဂိမ်း၊တီဗွီ အစရှိသဖြင့် မျိုးစုံအောင် ပေါ်နေ၊အလွယ်တကူ ရရှိနေနိုင်တဲ့ ခေတ်ကြီးထဲမှာ ကလေးတွေကို ကိုယ်တွေ ငယ်ငယ်တုန်းကလို ကစားခုန်စား၊ပြေးလွှားဆော့ကစားစေဖို့ဆိုတာ အတော်တော့ မလွယ်တဲ့ ကိစ္စတခုပါ။

    သူတို့လေးတွေအနေနဲ့ အပြင်ထွက်ဆော့ဖို့ထက် တီဗွီကြည့်မယ်၊ဂိမ်းဆော့မယ်၊တက်ဘလက်ပွတ်မယ်၊အင်တာနက်သုံးမယ် အစရှိတဲ့ နည်းပညာရဲ့ ဖြားယောင်းမှုတွေနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်သွားကြတာပါ။

    ဒါတင်မကသေးပါဘူး၊များပြားလွန်းလှတဲ့ ကျောင်းစာတွေကလည်း ကလေးတွေကို ကစားကွင်းထဲရောက်မလာနိုင်အောင် တားဆီးနေပါသေးတယ်။ ဒါကြောင့် မိဘတယောက်အနေနဲ့ ကိုယ့်သားသမီးတွေ လှုပ်လှုပ်ရှားရှား၊တက်တက်ကြွကြွဖြစ်အောင် အားပေးတိုက်တွန်းကူညီပေးရပါမယ်။

    ကလေးတွေ လှုပ်လှုပ်ရှားရှားနေဖို့ ဘာကြောင့် လိုအပ်တာလဲ။

    လှုပ်လှုပ်ရှားရှား၊တက်တက်ကြွကြွနေတဲ့အခါ သင့်ကလေးဟာ အမြဲတမ်းကျန်းမာရွှင်လန်းနေပြီး လုပ်ငန်းဆောင်တာတွေကိုလည်း ပုံမှန်အတိုင်း ပျော်ရွှင်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး အောက်ပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါတယ်။

  • အရိုးနဲ့ ကြွက်သားတွေ သန်မာခြင်း။
  • သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်စေခြင်း။
  • အမျိုးအစား နှစ် ဆီးချိုဖြစ်ပွားနိုင်ချေကို လျှော့ချပေးခြင်း။
  • နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း။
  • ကြည့်ကောင်းစေခြင်း။
  • ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျောင်းသင်ခန်းစာတွေ လေ့လာသင်ယူရာမှာလည်း ပိုမိုတက်ကြွပြီး စွမ်းဆောင်ရည်ပိုလာစေမှာ ဖြစ်ကာ ဘယ်အသက်အရွယ်မှာမဆို မိမိကိုယ်ကို ယုံကြည်တန်ဖိုးထားမှုကိုလည်း ဖြစ်ပေါ်လာစေမှာပါ။

    လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမယ်ဆိုရင် ကလေးတွေအနေနဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာဖြစ်တဲ့အတွက် သင့်အနေနဲ့ အောက်ပါနည်းလမ်းလေးတွေကို သုံးပြီး သူတို့လေးတွေ လှုပ်လှုပ်ရှားရှားအားကစား လုပ်ချင်လာအောင် အားပေးတိုက်တွန်းရပါမယ်။

    • သင့်ကလေးရဲ့ အသက်အရွယ်၊အမူအကျင့်၊ဝါသနာနဲ့ လိုက်ဖက်မယ့် လေ့ကျင့်လှုပ်ရှားမှုပုံစံကို ကူညီရွေးချယ်ပေးပါ။
    • သင့်ကလေး လှုပ်လှုပ်ရှားရှားနေနိုင်မယ့် အခွင့်အလမ်းလေးတွေကို ဖန်တီးပေးပါ။
    • လှုပ်ရှားတက်ကြွ၊လေ့ကျင့်ခန်းလုပ်တဲ့ အချိန်တိုင်းဟာ ပျော်စရာဖြစ်နေပါစေ။

    အသက်အရွယ်နဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်းတွေ၊လှုပ်ရှားမှုတွေကို ဘယ်လိုရွေးချယ်အမျိုးအစားခွဲရမလဲ။

    အဓိကအားဖြင့် အမျိုးအစားသုံးမျိုး ခွဲခြားနိုင်ပါတယ်။

    မူကြိုအရွယ် (လေးငါးနှစ်အရွယ်)

    ဒီအရွယ်ကလေးတွေအနေနဲ့ တစ်နေ့ကို အကြိမ်ရေအတော်များများ ခုန်ပေါက်ပြေးလွှားဆော့ကစားပေးဖို့ လိုအပ်ပါတယ်။ ဘောလုံးကန်ခြင်း၊ဘောလုံးပစ်ခြင်း၊လွန်ဆွဲခြင်း၊ခြေတစ်ပေါင်ကျိုးခုန်ခြင်း ဒါမှမဟုတ် သုံးဘီးစီးခြင်း၊အတားအဆီးဖြတ်ကျော်ပြေးခြင်း အစရှိတဲ့ အရေးကြီးလှုပ်ရှားမှုတွေကို လေ့ကျင့်ပေးသင့်ပါတယ်။

    မူကြိုအရွယ်ကလေးအားလုံးနီးပါးဟာ အားကစားနည်းတွေရဲ့ ရှုပ်ထွေးတဲ့ နည်းစနစ်တွေ၊ ဥပဒေသတွေ၊အာရုံစူးစိုက်မှုတွေ၊ကျွမ်းကျင်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို နားမလည်နိုင်သေးတာကြောင့် အဆိုပါ အချက်တွေကို လေ့လာခိုင်းမယ့်အစား အခြေခံကျတဲ့ လှုပ်ရှားသွားလာခုန်ပေါက်ပြေးလွှားမှုတွေကိုသာ အာရုံစိုက်အလေးထားပြီး သင်ကြားပေးသင့်ပါတယ်။

    ကျောင်းနေအရွယ်

    ဒီအုပ်စုမှာ အသက် ခြောက်နှစ်ကနေ ဆယ့်နှစ်နှစ်အရွယ်ထိ ကလေးငယ်တွေ ပါဝင်ပါတယ်။ သူတို့ဟာ တစ်နေ့ကို လှုပ်ရှားတက်ကြွအားကစားပြုလုပ်ချိန်၊ကစားချိန် တစ်နာရီလောက် လိုအပ်မှာဖြစ်ပါတယ်။

    ဒီအသက်အရွယ်မှာ ကလေးတွေဟာ သူတို့ဘာလုပ်နေတယ်ဆိုတာကို စတင်သတိထားမိပြီဖြစ်တာကြောင့် သူတို့လေးတွေ ဒီလိုမျိုးကစားခုန်စားအားကစားလုပ်ရတာကို ပျော်ရွှင်ဖို့၊စိတ်ဝင်စားဖို့ တိုက်တွန်းအားပေးရမယ့် မိဘတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါပြီ။

    ဒါ့အပြင် ကလေးတွေ ဝါသနာပါရာ အားကစားတွေဖြစ်တဲ့ ဘေ့စ်ဘော၊ဘတ်စကတ်ဘော၊ကိုယ်ခံပညာ၊ဝူရှူး၊စက်ဘီးစီး အစရှိတာတွေကို စိတ်တိုင်းကျရွေးချယ်စေနိုင်ဖို့ မိဘတွေအနေနဲ့ ကူညီရွေးချယ်ဆွေးနွေးပေးရပါမယ်။

    ဆယ်ကျော်သက်အရွယ်

    ကလေးတွေလိုပဲ ဆယ်ကျော်သက်အရွယ်တွေဟာလည်း နေ့စဉ်လှုပ်ရှားတက်ကြွအားကစားပြုလုပ်ဖို့အချိန် တစ်နာရီလောက် လိုအပ်ပါတယ်။ ကျောင်းတွင်းအားကစားလုပ်မလား ဒါမှမဟုတ် ကျောင်းပြင်ပကျမှ အားကစားလုပ်မလား စသဖြင့် သူတို့မှာ ရွေးချယ်စရာတွေ အများအပြားရှိနေပါပြီ။

    ဆယ်ကျော်သက်အများအပြားဟာ ယောဂကျင့်တာ ဒါမှမဟုတ် စကိတ်စီးတာတွေကို ကြိုက်နှစ်သက်ကြလေ့ရှိပါတယ်။ ဒါပေမယ့် သိသာထင်ရှားတဲ့ ကောင်းကျိုးရရှိဖို့အတွက် အားကစားလေ့ကျင့်မှု၊ကိုယ်လက်လှုပ်ရှားမှုတွေကို စနစ်တကျ အစီအစဉ်ဆွဲပြီး လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။

    အရေးကြီးဆုံးအချက်က ဆယ်ကျော်သက်တွေအနေနဲ့ လွတ်လွတ်လပ်လပ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုပြုလုပ်နိုင်ဖို့ အဆင်ပြေဆုံး၊အသင့်တော်ဆုံးဖြစ်မယ့် ပတ်ဝန်းကျင် အနေအထားတရပ်ကို ဖန်တီးပေးထားရမှာ ဖြစ်ပါတယ်။

    သင့်အနေနဲ့ သူတို့လေးတွေ အားကစားလှုပ်ရှားမှုပြုလုပ်ဖို့ သွားရေးလာရေးကို စီစဉ်ပေးရမှာ ဖြစ်သလို လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းစတာတွေကိုလည်း ပံ့ပိုးပေးရမှာပါ။

    စက်ဘီးစီးတာ၊ရေကူးတာ ဒါမှမဟုတ် အားကစားခန်းမသွားတာမျိုးတွေအတွက်ဆိုရင် ကာလံဒေသံနဲ့ သင့်လျော်တဲ့ အားကစားဝတ်စုံလေးတွေ၊ဖိနပ်လေးတွေ ပံ့ပိုးစီမံပေးခြင်းအားဖြင့် သူတို့လေးတွေလည်း မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာမှာဖြစ်ပြီး အားကစားလုပ်ရတာကို ပိုပျော်လာမှာပါ။

    ကလေးတိုင်းဟာ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းဖို့ လိုအပ်တဲ့အတွက် မိဘတွေအနေနဲ့ ဂရုတစိုက်အားပေးတိုက်တွန်းပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။

    ငယ်ရွယ်စဉ်အချိန်ကတည်းက အားကစားလေ့ကျင့်ခန်းလုပ်တဲ့ အလေ့အထကို ဂရုတစိုက်ပျိုးထောင်ပေးသွားမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ဒါဟာ သူတို့လေးတွေအတွက် နိစ္စဓူဝ ကိစ္စတခုဖြစ်သွားမှာပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement