backup og meta

သင့်ကလေးကို အမြဲနိုးကြားတက်ကြွနေအောင် ဘယ်လိုကူညီပေးမလဲ


Ye Myo Myat မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို အမြဲနိုးကြားတက်ကြွနေအောင် ဘယ်လိုကူညီပေးမလဲ

    နည်းပညာ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ အားကစားလိုက်စားတဲ့ ကလေးတွေဟာ နည်းသထက်နည်းလာပါတယ်။ ကလေးတွေဟာ အရင်ကလို အပြင်ထွက် ဆော့ကစားတာမျိုး မလုပ်တော့ပဲ အိမ်ထဲမှာပဲ နေပြီး တီဗီကြည့်လာကြတာ၊ ဖုန်း၊ ကွန်ပျူတာ အသုံးများလာကြတာ၊ ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေကို လုပ်နေရလို့ အပြင်ထွက်ပြီး ကစားဖို့တောင် အချိန်မရှိတော့တဲ့အထိ ဖြစ်လာကြပါတယ်။ ကြာလာတဲ့အခါ ကလေးပီပီ တက်တက်ကြွကြွမရှိပဲ ပျင်းရိထိုင်းမှိုင်းလာပါတယ်။ ဒီတော့ ကလေးတွေကို အမြဲနိုးကြားတက်ကြွနေဖို့ အားကစားလုပ်ခိုင်းဖို့၊လေ့ကျင့်ခန်းပုံမှန် လုပ်ဖို့ မိဘတွေဘက်က တွန်းအားပေးဖို့ လိုအပ်လာပါတယ်။

    အားကစားလုပ်ခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

    • အားကစားလိုက်စားတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် အမောခံနိုင်တယ်။ သက်လုံကောင်းစေတယ်။
    • ကိုယ်ခံအားကောင်းစေလို့ ခန္ဓါကိုယ်ထဲ ဝင်လာတဲ့ ရောဂါတွေကို ခုခံနိုင်တယ်။
    • မိမိကိုယ်ကို ယုံကြည်မှုရှိလာတယ်၊ တန်ဖိုးထားတတ်လာတယ်။
    • အရိုးအဆစ်တွေနဲ့ ကြွက်သား ပိုမိုသန်မာစေလို့ ကြီးထွားဖွံ့ဖြိုးမှု မြန်တယ်။
    • ကိုယ်နေဟန်ထား၊ ခန္ဓါကိုယ် အချိုးအစားလှတယ်။
    • ကိုယ်အလေးချိန်ကို ထိန်းညှိပေးလို့ အဝလွန်ရောဂါဆီးချိုရောဂါတွေ ဖြစ်လာနိုင်ခြေ နည်းလာတယ်။
    • အမြဲ နိုးကြားတက်ကြွနေပြီး လန်းဆန်းနေတယ်။
    • ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာတဲ့အပြင် ကျောင်းစာမှာလည်း ပိုပြီး အာရုံစိုက်လာနိုင်ပါတယ်။

    ကလေးတွေကို အားကစားလိုက်စားဖို့ ဘယ်လိုနည်းလမ်းတွေက တွန်းအားဖြစ်စေလဲ။

    ယနေ့ခေတ် ကလေးအများစုက အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး နေတတ်ကြပြီး အားကစားလုပ်ဖို့ စိတ်မပါတတ်ကြပါဘူး။ ဒီလိုကလေးတွေကို အတင်းအကြပ် ခိုင်းတဲ့ပုံစံမျိုးမဟုတ်ပဲ ကလေးကိုယ်တိုင်က စိတ်ပါလာအောင်၊ မိဘတွေဘက်က ဘယ်လိုနည်းလမ်းတွေနဲ့ တွန်းအားပေးသင့်လဲဆိုတာကို ပြောပြပေးမယ်နော်။

    ၁။ သမားရိုးကျအားကစားပဲ မလုပ်ခိုင်းပါနဲ့။

    ဘောလုံးကန်တာ၊ ဘတ်စကတ်ဘောပုတ်တာ ဝါသနာပါတဲ့ ကလေးတွေ ရှိသလို ဝါသနာမပါတဲ့ ကလေးလည်း ရှိမှာပါ။ စိတ်မပါတဲ့ အားကစားကို အတင်းအကြပ်လုပ်ခိုင်းလို့ ကလေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့်အပြင် အားကစားလုပ်ချင်စိတ်ပါ လျော့သွားတာပဲ အဖတ်တင်မှာပါ။ အကသင်တာ၊ တောင်တက်တာ၊ ရေကူးတာ၊ ကိုယ်ခံပညာ သင်ယူတာ စတဲ့ အားကစားမျိုးတွေကို ဝါသနာပါ၊ မပါသိနိုင်ဖို့အတွက် အစမ်းလုပ်ခိုင်းကြည့်ပါ။

    ၂။ ကလေးတွေနဲ့ အတူ အားကစားလုပ်ပါ။

    ကလေးတွေဟာ မိဘတွေနဲ့အတူ ပျော်ပျော်ပါးပါးကစားရတာကို သဘောကျတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကလေးတစ်ယောက်တည်းကိုပဲ ကစားခိုင်းမယ့်အစား ကိုယ်ပါ ဝင်ရောက်ကစားပေးပါ။ မနက်ခင်းမှာ မိသားစု စုံစုံလင်လင် လမ်းထွက်လျှောက်တာ၊ အပြေးပြိုင်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေဟာ ကလေးတွေကို လေ့ကျင့်ခန်းလုပ်ဖို့ ပိုပြီး စိတ်အားထက်သန်စေပါတယ်။

    ၃။ တီဗွီ လျှော့ကြည့်ခိုင်းပါ။

    သုတေသီတွေ လေ့လာချက်အရ ယနေ့ခေတ်ကလေးတွေဟာ နေ့စဉ် အနည်းဆုံး ၇နာရီလောက် တီဗီကြည့်တာ၊ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ ကွန်ပျူတာအသုံးပြုနေကြတာကို တွေ့ရှိရပါတယ်။ ဒီလို အိမ်ထဲမှာပဲ အောင်းနေရတဲ့အတွက် မျက်စိကို ထိခိုက်စေနိုင်သလို အရွယ်မတိုင်ခင် အဝလွန်ရောဂါတွေကိုလည်း ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို တီဗီကြည့်ချိန်၊ ဖုန်းအသုံးပြုဖို့ သတ်မှတ်ထားတဲ့အချိန်ကို တစ်နာရီကနေ အများဆုံး ၂နာရီအထိသာ ခွင့်ပြုပေးသင့်ပါတယ်။

    ၄။ ကလေးအတွက် စံနမူနာကောင်းတစ်ယောက် ဖြစ်ပါစေ။

    အတုမြင် အတတ်သင်တဲ့ ကလေးတွေဟာ ကိုယ့်အနားမှာ ရှိနေတဲ့ လူကြီးတွေရဲ့ နေပုံထိုင်ပုံကို အမြဲလေ့လာနေပြီး လိုက်လုပ်တတ်တာ သဘာဝပါ။ ကိုယ်တိုင်ကတော့ တီဗီရှေ့မှာ အချိန်ပြည့်ထိုင်နေပြီး ကိုယ့်ကလေးကိုတော့ အားကစားလုပ်ခိုင်းဖို့ တိုက်တွန်းနေရင်တော့ အဆင်မပြေပါဘူး။ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်တတ်တဲ့ လူကြီးတစ်ယောက်ကို ကြာလာရင် လေးစားမှုပါ ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေးကို အားကစားလုပ်ဖို့ တိုက်တွန်းတဲ့နေရာမှာ ကိုယ်တိုင်ကလည်း အားကစားလိုက်စားတဲ့ သူတစ်ယောက်၊ အမြဲတက်ကြွနေတဲ့သူတစ်ယောက်ကလေးတွေစိတ်ထဲမှာ အတုယူချင်စိတ် ဖြစ်စေတဲ့ စံနမူကောင်းတစ်ယောက် ဖြစ်ဖို့ အရေးကြီးပါတယ်။

    ၅။ ချီးမွမ်းစကား ပြောပေးပါ။

    ကလေးတစ်ယောက်ကို ထိန်းကျောင်းတဲ့ နေရာမှာ စိတ်ရှည်သည်းခံမှုဟာ မိဘတွေအတွက် အလွန်လိုအပ်တဲ့ အရာပါ။ ကိုယ့်ရဲ့ ကလေးက အားကစားမှာပဲ ဖြစ်ဖြစ်၊ စာမှာပဲဖြစ်ဖြစ် တခြားကလေးတွေလောက် မတော်ခဲ့ဘူးဆိုရင်တောင် အားပေးပါ။ အကောင်းဆုံး ကြိုးစားပေးခဲ့တဲ့အတွက် ချီးကျူးစကား ပြောပေးပါ။ ကိုယ်က ကိုယ့်ရဲ့ ကလေးအတွက် အစဉ်အမြဲ ဂုဏ်ယူနေမှ ကိုယ့်ရဲ့ ကလေးကလည်း မိဘတွေအတွက် ပိုပြီး ကြိုးစားလိုစိတ်၊ တိုးတက်လိုစိတ်တွေ ဖြစ်လာမှာပါ။

    ၆။ ကလေးတွေကို အပေါင်းအသင်းတွေနဲ့ အတူကစားခိုင်းပါ။

    ကလေးအများစုက အပေါင်းအသင်းတွေနဲ့ အတူဆော့ကစားချင်ကြတာ သဘာဝပါပဲ။ ကိုယ့်ရဲ့ ကလေးက အိမ်ထဲမှာပဲ အောင်းနေပြီး အိမ်စာလုပ်နေတာ၊ တီဗီကြည့်နေတာထက်စာရင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ပြေးလွှားဆော့ကစားနေတာ ပိုကောင်းပါတယ်။ ပိတ်ရက်တွေမှာ အားကစားလုပ်ရင်လည်း သူတို့ရဲ့ သူငယ်ချင်းတွေကိုပါ ခေါ်ပြီး အတူကစားခိုင်းတာက ရင်းနှီးမှုကို တိုးစေသလို ပိုပြီးပျော်ဖို့လည်း ကောင်းပါတယ်။

    ၇။ အားကစားကို ပုံမှန်လုပ်ဖို့ အလေ့အကျင့်လုပ်ပေးပါ။

    မိသားစုရဲ့ နေ့စဉ်လုပ်ငန်းတာဝန်မှာ အားကစားလုပ်ဖို့ အချိန်ကိုပါ သေချာသတ်မှတ်ထားသင့်ပါတယ်။ အလုပ်၊ ကျောင်း၊ စာ၊ အိမ်မှုကိစ္စပြီးတာနဲ့ မိသားစုလိုက် ပျော်ပျော်ပါးပါး ဆော့ကစားတာမျိုး၊ အချိန်တစ်ခုကို သတ်မှတ်ပြီး ကိုယ့်ကလေးနဲ့ အတူ အားကစားလုပ်တာမျိုး အလေ့အကျင့်လုပ်ပေးပါ။ ကိုယ်က မအားတဲ့အခါမျိုးမှာ ကလေးရဲ့ အပေါင်းအသင်းတွေကို အိမ်လာလည်ပြီး အတူကစားခိုင်းရင်လည်း အဆင်ပြေပါတယ်။

    ဘယ်လိုအချိန်မျိုးမှာ အားကစားလုပ်ပေးသင့်လဲ။

    နေသာတဲ့ မနက်ခင်းမျိုးမှာ အလုပ်မသွားခင်၊ ကျောင်းမသွားခင် လမ်းလျှောက်တာ၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တာ၊ ပြေးတာ၊ စက်ဘီးစီးတာမျိုး လုပ်ပေးပါ။ ကလေးတွေ ကျောင်းက ပြန်လာတဲ့အချိန်၊ အနားယူပြီး၊ အိမ်စာတွေ လုပ်ပြီးတဲ့အချိန်မှာ အပြင်ထွက်ပြီး ကစားခိုင်းပါ။ မိုးတွင်း၊ ဆောင်းတွင်းလို အေးမြတဲ့ ရာသီတွေမှာ မိသားစုလိုက် ပန်းခြံလိုနေရာမျိုးမှာ လေကောင်းလေသန့် ရှူရှိုက်ရင်း အားကစားလုပ်လို့ ရပါတယ်။ ကလေးတွေကို စာလုပ်ချိန်တန် စာလုပ်၊ ကစားချိန်တန် ကစား၊ အမြဲလန်းဆန်းတက်ကြွနေစေဖို့နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်ဖို့အတွက် မိဘတွေဘက်က ငယ်စဉ်ထဲက အလေ့အကျင့်လုပ်ထားပေးသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement