backup og meta

သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်


Dr. Phio Thiha မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်

    သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအဝိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ် သတိထားမိခဲ့ပါတယ်။

    ကလေးတွေဟာ လူကြီးထက်စာရင် အသိပညာနည်းပါတယ်။ ခွန်အားနည်းပါတယ်။ ဒီအတွက် ကလေးကို အလွယ်တကူ အနိုင်ကျင့်လို့ ရတယ်။ အကြမ်းဖက်လို့ ရတယ်။ ဒါက လူကြီးနဲ့ ကလေးကြားက ကွာခြားချက်တွေ။ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ ကိုယ်ကျင့်သိက္ခါ ကောင်းသူက ဒီကွာခြားချက်ကို အလွဲသုံးစား မလုပ်ဘူး။ ကလေးကို စောင့်ရှောက်ပေးမယ်။ ကာကွယ်ပေးမယ်။ ဒီလို ကိုယ်ကျင့်သိက္ခါ မကောင်းသူကတော့ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ အနိုင်ကျင့်စရာလို့ မြင်မယ်။ အကြမ်းဖက်စော်ကားမယ်။ ဘာလို့ဆိုတော့ ကလေးပဲ၊ ငါဘာလုပ်လဲ သိမှာမှမဟုတ်တာလို့ တွေးတာကိုး။ ဒါကြောင့်မို့ ကလေးတွေကို သိအောင် ပြောပြထားရမယ်။ ဒါမှ ဒီလိုလုပ်တာဟာ သူတို့ကို မကောင်းတဲ့အပြုအမူတစ်ခု လုပ်နေတာပါလား ဆိုတာ သိလိမ့်မယ်။

    ဒါမှ လက်မခံဘဲ ငြင်းဆန်နိုင်လိမ့်မယ်။ ဒီအတွက် ကလေးတွေကို ဘာတွေ သင်ပေးထားဖို့ လိုမလဲ။

    ၁။ ရင်သား၊ တင်ပါးနဲ့ လိင်အင်္ဂါ စတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဟာ သီးသန့်ဆန်တဲ့ Private parts တွေ ဖြစ်တာကြောင့် ဘယ်သူပဲဖြစ်ဖြစ် အဲဒီနေရာတွေကို လာကိုင်ရင် လုံးဝလက်သင့်မခံဖို့ မှာထားပါ။ အဖေနှင့်အမေကလွဲပြီး ဘယ်သူကမှ အဲဒီအစိတ်အပိုင်းတွေကို အဝတ်မပါဘဲ မမြင်သင့်ကြောင်း ပြောပြပါ။ ကလေးတချို့ဟာ ဒီလိုကိစ္စတွေ ကြုံရတဲ့အခါမှာ ဘာလုပ်လို့ လုပ်လိုက်မှန်းတောင် မသိကြပါဘူး။ အကြောင်းကတော့ လူကြီးတွေက ပြောပြမထားကြလို့ပါ။

    ၂။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ရဲ့ အဲဒီအစိတ်အပိုင်းတွေကို ဓါတ်ပုံရိုက်ခွင့် မရှိကြောင်းလည်း ပြောထားပါ။ ကမ္ဘာမှာဆိုရင် ကလေးသူငယ်နဲ့ လိင်ဆက်ဆံရတာကို တပ်မက်တဲ့သူတွေဆီ အဲဒီဓါတ်ပုံတွေ ရောင်းချတာမျိုးက လိင်လုပ်ငန်းတစ်ခုအနေနဲ့ တွင်တွင်ကျယ်ကျယ်ကို ရှိပါတယ်။

    ၃။ အဲဒီလိုပဲ တစ်ဦးတစ်ယောက်ကနေ သူ့ရဲ့ အဲဒီလိုအစိတ်အပိုင်းတွေကို ကိုင်ကြည့်ဖို့ ကလေးကို ပြောလာရင်လည်း လက်သင့်မခံဖို့ ပြောထားပါ။ ဘာလို့ဆိုတော့ ကျူးလွန်သူတွေဟာ ကလေးကို အဲဒီလိုကိုင်ကြည့်ခိုင်းခြင်းဖြင့် အဓမ္မပြုကျင့်မှုကို စတင်တတ်ကြလို့ပါပဲ။

    ၄။ ဖြစ်သမျှအကြောင်း အကုန်အစင်ကို မိဘကို ထုတ်ဖော်ပြောခြင်းကသာ သူတို့အတွက် ဘေးကင်းမှာဖြစ်ကြောင်း ကလေးကို အသိပေးထားပါ။ လူကြီးကို ပြန်ပြောရင် သတ်ပစ်မယ်၊ ဒုက္ခပေးမယ်ဆိုပြီး ကျူးလွန်သူတွေဟာ ကလေးတွေကို ခြိမ်းခြောက်ထားတတ်ကြလို့ ဖြစ်ပါတယ်။

    ၅။ မူမမှန်တဲ့ အခြေအနေတွေ ဖြစ်လာရင်၊ ဒါမှမဟုတ် ဖြစ်နေတယ်လို့ ခံစားရရင် ချက်ချင်းရှောင်ထွက်ဖို့ အသိပေးပါ။ လူကြီးမိဘဆီ လျှို့ဝှက်ဆက်သွယ်နိုင်အောင်လည်း သင်ပေးထားပါ။ (ကလေးနဲ့မိဘသာ သိတဲ့ဆက်သွယ်မှုမျိုး ဥပမာ သီချင်းတစ်ပုဒ်ဆိုလိုက်တာ၊ ထူးခြားသောအသံတခုခု ပြုတာ) တအားရုန်းကန် အော်ဟစ်ပြန်ရင်လည်း ကလေးကို တခုခု အန္တရာယ်ပေးလိုက်မှာ စိုးရိမ်ရပြန်ပါတယ်။ ဒါကိုလည်း သတိထားစေချင်တယ်။

    ၆။ ကလေးဆီမှာ လျှို့ဝှက်ထားတာ ဘာတစ်ခုမှ ရှိမနေစေဖို့ မှာထားပါ။ နည်းနည်းကြီးတဲ့ ကလေးက ကလေးအချင်းချင်း ပြုလုပ်တာမျိုးရှိနိုင်ပြီး၊ နင် ငါနဲ့ကစားရတာ ပျော်ရင် ဒီကိစ္စကို လျှို့ဝှက်ထားကြေး ဆိုတာမျိုးနဲ့ ကလေးကို မှာထားတတ်ကြတယ်။

    ၇။ အခုသင်ပေးခဲ့သမျှတွေအားလုံးဟာ သူစိမ်းများနဲ့သာ သက်ဆိုင်တာမဟုတ်ဘဲ မိသားစုဝင်များ၊ ဆွေမျိုးများ၊ ရင်းနှီးသူများနဲ့ ကလေးအချင်းချင်းမှာပါ အဲဒီလိုပြုမူမှုများ ရှိလာရင် လူကြီးမိဘကို အသိပေးဖို့လိုမှာဖြစ်ကြောင်း အသိပေးထားပါ။ အမေရိကန်နိုင်ငံမှာ လုပ်ထားတဲ့ စစ်တမ်းအရ ကလေးသူငယ်အဓမ္မပြုကျင့်မှုတွေမှာ သူစိမ်းပြုကျင့်တာက ၇ ရာခိုင်နှုန်းသာ ရှိပြီး ကျန် ၉၃ ရာခိုင်နှုန်းမှာတော့ ရင်းနှီးသူတွေရဲ့ ပြုကျင့်ခြင်းကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း စစ်တမ်းရယ်လို့ ခိုင်ခိုင်မာမာ မရှိသေးပေမယ့် လတ်တလော တွေ့ရှိချက်တွေအရ ရင်းနှီးသူများကသာ ပြုကျင့်နေကြတာ များပါတယ်။ ဒါကြောင့်မို့ ကလေးမိဘတွေ၊ အုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်ကလေးကို ဒီလို အသိပညာတွေ ပေးထားခြင်းဖြင့် ကလေးတွေအတွက် မှန်ကန်တဲ့ ကာကွယ်ပေးမှုတွေ လုပ်ထားကြဖို့ လိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement