backup og meta

မွေးစကလေး တွေနဲ့ ပတ်သက်ပြီး မေမေတို့ မထင်ထားတဲ့ အလွဲများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးစကလေး တွေနဲ့ ပတ်သက်ပြီး မေမေတို့ မထင်ထားတဲ့ အလွဲများ

    မွေးစကလေး ကို စောင့်ရှောက်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။ ဒီသေးသေးလေးတွေကို ဘယ်နည်းနဲ့မှ အမှားမခံနိုင်ဘူးဟုတ်။ ဒါပေမယ့် ကိုယ်က ခုမှ သားဦး ဖြစ်တယ်ဆိုရင် ဘေးပတ်ဝန်းကျင်ရဲ့ အကူအညီကိုလည်း ယူရတာပဲ မလား။ ဒီအခါမှာ မှန်တာတွေရော မမှန်တာတွေရော ပါလာနိုင်ပါတယ်။ ဘယ်လိုအရာတွေက မေမေတို့ သိထားတဲ့ အလွဲလေးတွေလဲဆိုတာ ပြောပြပေးပါ့မယ်။

    မွေးစကလေး နဲ့ မေမေတို့ရဲ့ အလွဲလေးများ

    ကလေးကို နေ့တိုင်းချိုးပေးစရာ မလိုပါဘူး။ အထူးသဖြင့် မွေးကင်းစမှာပါ။ ကလေးရဲ့ အရေပြားမှာ မွေးစဆိုရင် အဖြူဖတ်လေးတွေ ကပ်နေတတ်ပါတယ်။ အဲ့ဒါကို အတင်းမခွာပစ်ရပါဘူးနော်။ အဲ့ဒါ ကလေးအရေပြားကနေတဆင့် ရောဂါပိုး မဝင်အောင် သဘာဝက ကာကွယ်ပေးထားတာပါ။

    ကလေးကို တစ်နှစ်ပြည့်တဲ့အထိ တစ်ပတ်ကို ၂ခေါက် ၃ခေါက်လောက် ရေချိုးပေးရင် လုံလောက်ပါတယ်။ ကျန်တဲ့ရက်တွေမှာ ရေပတ်တိုက်ပေးရုံပါပဲ။ ရေချိုးရင်လည်း ကလေးသုံး ဆပ်ပြာအပျော့စားနဲ့ပဲ ချိုးပေးပါ။

    • ကလေးငိုရင် သွားမချီနဲ့။ လက်ကြိုက်တတ်တယ်။

    လူကြီးတွေ ပြောနေကြစကားပေါ့။ ဘာလို့ သွားသွားချီနေတာလဲ။ လက်ကြိုက်ရင် အမေနားရမှာ မဟုတ်ဘူးနော်။ တကယ်တော့ ကလေးငိုတယ်ဆိုတာ ဗိုက်ဆာလို့လည်း ဖြစ်နိုင်သလို၊ သေးစိုနေလို့လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ဘာအကြောင်းမှ မရှိဘဲ ငိုတတ်ပါတယ်။

    ဒါပေမယ့် မေမေတို့ ပစ်မထားပါနဲ့နော်။ သူတို့လေးတွေကို ချီလိုက်ရင်၊ အသံပြုလိုက်ရင် အငိုတိတ်သွားပါတယ်။ သူတို့ကို ဂရုစိုက်မယ့်လူမရှိဘူးဆိုပြီး အထီးကျန်လို့ ငိုတာပါ။ မေမေတို့ချီလိုက်ရင် စိတ်ထဲမှာ လုံခြုံမှု ရသွားပါတယ်။

    မေမေတို့ ချီနိုင်တုန်း ချီထားကြပါနော်။ နောက်ပိုင်း ကြီးလာရင် ချီချင်လို့တောင် ချီမရတော့ပါဘူး။ ဒါကြောင့် ဒီအချိန်လေးကို တန်ဖိုးထားပြီး ကလေးငိုတိုင်း ထကြည့်ပေးပါ။

    မေမေတို့ စစချင်းမှာတော့ နို့အများကြီးထွက်မှာ မဟုတ်သလို ကလေးကလည်း ကောင်းကောင်း စို့တတ်မှာ မဟုတ်ပါဘူး။ မေမေရော ကလေးရော သင်ယူဆဲ ကာလမို့လို့ပါ။ ၆ပတ်လောက်ဆို တော်တော်လေး အသားကျသွားပါပြီ။ ဒါကြောင့် လက်မလျှော့ပါနဲ့။

    မိခင်နို့ရဲ့ သဘောတရားက ကလေးစို့လေ ထွက်လေပါ။ ဒါကြောင့် ကလေးကို ကြိုးစားပြီး တိုက်ကြည့်ပါ။ တစ်ဖက်မရရင် တစ်ဖက် ပြောင်းပြောင်းပြီး တိုက်ကြည့်ပါ။ အမြွာမေမေတွေတောင် လောက်သေးတာ မေမေတို့လည်း လောက်မှာပါ။ စိတ်ရှည်ရှည်ထားပြီး တိုက်ကြည့်ပါ။

  • ချက်ကြိုးကို အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်ရတယ်။
  • ချက်ကြိုးကို မေမေတို့ ဘာမှလုပ်စရာ မလိုပါဘူးနော်။ ဘာမှမလုပ်တာအကောင်းဆုံးပါပဲ။ မေမေတို့ လုပ်ပေးနိုင်တာက ကလေးကို သေးခံလဲတိုင်းမှာ ချက်ကြိုးကို ရေစိုဂွမ်းလေးနဲ့ အသာအယာ သုတ်ပေးရုံပါပဲ။

    အရက်ပြန်၊ ဆေးနီ၊ မီးသွေးမှုန့်၊ သနပ်ခါး၊ ဆေးတို့ဖတ် ဘာမှအုံစရာ မလိုပါဘူး။ ဒါတွေ လုပ်မှ အနာကျက်နှေးတာ၊ ပိုးဝင်တာ ဖြစ်တတ်လို့ ဘာမှမလုပ်တာ အကောင်းဆုံးပါပဲ။

    • ကလေးက နေ့တိုင်း အင်းအင်းပါရမယ်။

    ကလေးက နေ့တိုင်း ပါချင်မှ ပါမှာပါ။ ကလေးက ဝမ်းပျော့ပျော့ပဲ သွားနေတယ်ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။ ပြီးတော့ နို့ဘူးသောက်တဲ့ ကလေးတွေက အမေနို့စို့တဲ့ ကလေးတွေထက် ဝမ်းပိုချုပ်တတ်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ကလေးကို ကွမ်းရိုးနဲ့ ဝမ်းချူတာ၊ ဘောလုံးထည့်တာတွေ မလုပ်ပါနဲ့နော်။

    • ကလေးချက်စူနေရင် အကြွေစေ့နဲ့ ဖိပေးရတယ်။

    ကလေးချက်စူတယ်ဆိုတာ သူ့ဝမ်းဗိုက်က ကြွက်သားတွေ ကောင်းကောင်း မဖွံ့ဖြိုးသေးလို့ပါ။ ချက်ကြိုးကို ဆွဲပြီး ဖြတ်လိုက်တာကြောင့် မဟုတ်ပါဘူး။ ကလေးအသက် တစ်နှစ်လောက်ဆိုရင် အလိုလို ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် ကလေးချက်ကို အကြွေစေ့နဲ့ ဖိတာ၊ မှောက်အိပ်ခိုင်းတာ လုပ်စရာ မလိုပါဘူး။

    • ကလေးကို မွေးကတည်းက အကျင့်လုပ်ပေးရမယ်။

    ကလေးကို ဒီအချိန်ရောက်မှ နို့တိုက်မယ်၊ ဒီအချိန်ရောက်ရင်တော့ ကလေးက အိပ်ကို အိပ်ရမယ် စသဖြင့် အတင်း အကျင့်မလုပ်ပါနဲ့။ တချို့မေမေတွေဆို နေ့ခင်းမှာ ကလေးက အိပ်နေရင် ညမအိပ်မှာ စိုးလို့ ကလေးကို အတင်းနှိုးထားတာတွေ ရှိပါတယ်။

    ဒီလို မလုပ်ရပါဘူး။ မွေးစကလေးက ခုမှ အပြင်လောကကြီးနဲ့ သဟဇာတဖြစ်အောင် နေနေရတုန်းပါ။ သူ့ကို ဖိအားမပေးပါနဲ့။ သူ့အနေနဲ့ ခဏခဏ အိပ်ဖို့ လိုပြီး ခဏခဏလည်း နို့စို့ဖို့ လိုပါတယ်။ ဒါမှ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာမှာပါ။ နေ့နဲ့ ညမှားတာက နောက်ပိုင်း ပြင်ပေးလို့ရပါတယ်။ မွေးစမှာတော့ သူ့သဘောအတိုင်း နေပါစေလား မေမေတို့။

    ဒါတွေက မေမေတို့ ပတ်ဝန်းကျင်မှာ ကြားကြားနေရတဲ့ အကြောင်းတွေပါပဲ။ ဘယ်ဟာ အမှန် ဘယ်ဟာ အမှားဆိုတာ မေမေတို့ ဆုံးဖြတ်နိုင်ကြပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement