backup og meta

ကလေးမှာမွေးရာပါချို့ယွင်းချက်တွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ


Khine Phoo Ngon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမှာမွေးရာပါချို့ယွင်းချက်တွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ

    မွေးရာပါချို့ယွင်းချက် ဆိုတာဘာလဲ

    ကလေးရဲ့မွေးရာပါချို့ယွင်းချက်ဆိုတာ ကလေးလေးမွေးတဲ့အချိန်ထဲကတွေ့ရတဲ့ ခန္ဓါကိုယ်တည်ဆောက်ပုံ (သို့) ခန္ဓါကိုယ်လုပ်ငန်းဆောင်တာတွေမှာ ပုံမှန်မဟုတ်တာဘဲ ချို့ယွင်းနေတာတွေကို ဆိုလိုပါတယ်။ အားလုံးသောချို့ယွင်းချက်တွေက အန္တရယ်ရှိတာ မဟုတ်ပါဘူး။ တချို့က သာမာန်သိပ်မပြင်းထန်တဲ့ အခြေအနေဖြစ်နိုင်ပြီးတချို့ကတော့ ပြင်းထန်ပြီး ဒုက္ခပေးနိုင်တာတွေလည်းရှိပါတယ်။ အဲဒီလို မွေးရာပါ ချို့ယွင်းချက်တွေရှိခြင်းက ကလေးရဲ့ ရုပ်အသွင်အပြင်အတွက်ရော ခန္ဓါကိုယ်အတွင်းအစိတ်အပိုင်းတွေအတွက်ပါ မကောင်းတဲ့သက်ရောက်မှုမျိုးပေးနိုင်တဲ့အတွက် ကလေးရဲ့ ခန္ဓါကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီးသေလောက်တဲ့ အထိလည်းဖြစ်စေနိုင်ပါတယ်။ ကံမကောင်းခဲ့ရင် အဲဒီလိုကလေးတွေဟာသူတို့ရဲ့ ချို့ယွင်းချက်အခြေအနေပေါ်မူတည်ပြီး အချိန်အကြာကြီး ဆေးကုသမှု ခံယူရတာမျိုးဖြစ်နိုင်ပါတယ်။ အချို့ ချို့ယွင်းချက်တွေကတော့ ဒုက္ခမပေးနိုင်တဲ့အတွက် ကလေးရဲ့ ကိုယ်နဲ့ စိတ်ကျန်းမာရေးက ပုံမှန်အတိုင်းပဲရှိနိုင်ပါတယ်။ သို့ပေမယ့် လက်ရှိအခြေအနေမှာ ဒီလိုမွေးရာပါချို့ယွင်းချက်တွေရှိတာဟာ တစ်နှစ်အောက်ကလေးတွေသေရတဲ့ အဓိကအကြောင်းအရင်း အနေနဲ့ ပါဝင်နေတာကို တွေ့ရပါတယ်။

    ဘာတွေက မွေးရာပါချို့ယွင်းချက်တွေကို ဖြစ်စေသလဲ။

    ဆရာဝန်တွေအနေနဲ့ တချို့သောမွေးရာပါချို့ယွင်းချက်တွေကို ဖြစ်စေတဲ့ အကြောင်းအရင်းအတိအကျကိုမပြောနိုင်ပါဘူး။ မျိုးရိုးဗီဇ၊ နေထိုင်မှုပုံစံ ၊ အပြုအမူ၊ကိုယ်ဝန်ဆောင်စဉ် အချို့သော ဆေးဝါး ၊ဓါတုပစ္စည်း၊ စသည်တို့နှင့်သုံးစွဲထိတွေ့ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် အချိန်အတွင်းရောဂါ ပိုးဝင်ခြင်း၊ အစရှိတဲ့ အချက်တွေအားလုံး ပူးပေါင်းပါဝင်တာကြောင့် ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာတာဖြစ်ပါတယ်။

    မျိုးရိုးဗီဇ

    အဓိကအားဖြင့် မျိုးရိုးဗီဇကြောင့်သာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီလိုမွေးရာပါချို့ယွင်းချက်တွေကို ကာကွယ်ဖို့ ဘာမှလုပ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုပုံမမှန်တဲ့ ချို့ယွင်းချက်တွေဟာ သန္ဓေသားစဖြစ်ချိန်ကတည်းက မိခင် နဲ့ ဖခင်ရဲ့ မျိုးရိုးဗီဇတွေကတဆင့် ကလေးဆီကို လက်ဆင့်ကမ်းပြီးခဲ့ပြီမို့လို့ပဲဖြစ်ပါတယ်။ တချို့ကလေးတွေမှာဆိုရင် မျိုးရိုးဗီဇလက္ခဏာတစ်ခု (သို့) အစိတ်အပိုင်းတစ်ချို့ ပျောက်ဆုံးနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါတွေကရှောင်လွှဲလို့မရတာတွေပါ။

    မျိုးရိုးဗီဇကြောင့် မဟုတ်သော အကြောင်းအရင်းများ

    ဒီလိုမွေးရာပါ ချို့ယွင်းနေတာတွေကိုဖြစ်စေတဲ့ အကြောင်းအရင်းမှာ မျိုးရိုးဗီဇနဲ့ မဆိုင်ဘူးဆိုရင် ဆရာဝန်တစ်ယောက်အတွက် ဘာကြောင့်ဖြစ်တယ်ဆိုတာ သတ်မှတ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တခြားပြင်ပအကြောင်းအရာတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ မကောင်းတဲ့ အလေ့အကျင့် တွေရှိခြင်းက ကလေးအတွက် မွေးရာပါ ချို့ယွင်းချက်တွေကိုဖြစ်စေဖို့ အခွင့်အလမ်းပိုများစေနိုင်လို့ပါ။

    ဘယ်လိုအကြောင်းအရာတွေက မွေးရာပါချို့ယွင်းချက်တွေဖြစ်ဖို့ အားပေးနေသလဲ။

    တချို့သောအခြေအနေတွေက ကိုယ်ဝန်ဆောင်မိခင်တွေမှာ မိမိကလေးလေးအတွက် မွေးရာပါချို့ယွင်းချက်ဖြစ်ဖို့ အားပေးနေပါတယ်။ အဲဒါတွေကတော့

    • မိသားစုဝင်ထဲမှာ မွေးရာပါချို့ယွင်းချက်ရှိဖူးခြင်း။ (သို့) အခြားမျိုးရိုးလိုက်ရောဂါများရှိဖူးခြင်း။

    • ကိုယ်ဝန်ဆောင်စဉ်ဆေးလိပ်၊ အရက်၊ ဆေးစသည်တို့သုံးစွဲခြင်း။

    • ကိုယ်ဝန်ဆောင် စဉ် မိခင်အသက် ၃၅ နှစ်နှင့်အထက် ရှိခြင်း။

    • ကိုယ်ဝန်ဆောင်စဉ်(ကလေးမမွေးခင်) သေချာစောင့်ရှောက် စစ်ဆေးမှုနည်းပါးခြင်း။

    • လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်နိုင်သောရောဂါပိုးများတွေ့ရှိပြီး မကုသဘဲထားခြင်းအစရှိသည်နှင့် ဗိုင်းရပ်(စ်)၊ ဘက်တီးယီးယားပိုးများဝင်ခြင်း။

    • Isotretinoin နှင့် lithium ပါဝင်သောဆေးဝါးများ သုံးစွဲခြင်း။

    • ကိုယ်ဝန်ဆောင်မိခင်တွင် အရင်ကတည်းက ဆီးချိုရောဂါကဲ့သို့သောရောဂါ အခံရှိခြင်း။

    အဖြစ်များသောမွေးရာပါ ချို့ယွင်းချက်များ

    အမည်သိသောမွေးရာပါ ချို့ယွင်းချက် အမျိုးအစား ၄၀၀၀ ကျော်ကို ဆရာဝန်များက အုပ်စုကြီးနှစ်ခု (တည်ဆောက်ပုံစံပုံမမှန်တဲ့ ချို့ယွင်းချက် များနဲ့ လုပ်ငန်းဆောင်တာပုံမမှန်တဲ့ ချို့ယွင်းချက်များ) ဆိုပြီးခွဲခြားပြထားပါတယ်။

    တည်ဆောက်ပုံမမှန်သောချို့ယွင်းချက်များ

    ဒီအုပ်စုမှာဆိုရင် ချို့ယွင်းချက်အနေနဲ့ ကိုယ်အစိတ်အပိုင်းတစ်ခုခုမရှိတာ (သို့) ပုံမမှန်တာ ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့် ကလေးရဲ့ နှလုံးမှာပုံမှန်မဟုတ်တာ၊ နှုတ်ခမ်း (သို့) အာခေါင်မှာအက်ကွဲကြောင်းဖြစ်နေတာ၊ spina bifida( အာရုံကြောနှင့်ပတ်သက်သောရောဂါ- မီးညှောင့်ရိုးနားတွင် အဖုကဲ့သို့ တွေ့ရတတ်သည်။)တင်းပုတ်ခြေမလိုဖြစ်နေသောမွေးရာပါ ချို့ယွင်းချက်များဖြစ်တတ်ပါတယ်။

    လုပ်ဆောင်ချက်(သို့) ဖွံ့ဖြိုးပုံမူမမှန်သောမွေးရာပါ ချို့ယွင်းချက်များ

    ဒီအုပ်စုမှာဆိုရင်တော့ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခု (သို့)ခန္ဓါကိုယ်အဖွဲ့အစည်းစနစ်တစ်ခုခုက အလုပ်ကောင်းကောင်းမလုပ်နိုင်တာတွေ ပါဝင်ပါတယ်။ အဲဒီအတွက် ဉာဏ်ရည် နဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေမှာ ချို့ယွင်းမှုတွေကိုဖြစ်လာစေပါတယ်။ အခြားဇီဝဖြစ်စဉ် ချို့ယွင်းချက်တွေ၊ အာရုံခံစားမှု နဲ့ဆိုင်တဲ့ ပြဿနာတွေ၊ အာရုံကြောပြဿနာတွေ လည်းပါဝင်ပါတယ်။

    သေချာပြောရမယ်ဆိုရင်တော့ လုပ်ဆောင်ချက်(သို့) ဖွံ့ဖြိုးမှု ပုံမမှန်တဲ့ မွေးရာပါချို့ယွင်းချက်တွေကို ဒေါင်းဆင်းရုန်း၊ သွေးနီဥများပုံစံမမှန်သော ရောဂါ(တံစဉ်းပုံကဲ့သို့ဖြစ်နေခြင်း)နှင့် cystic fibrosis(အဆုတ်နှင့် အခြားကိုယ်တွင်းအစိတ်အပိုင်းများကို ထိခိုက်စေနိုင်သော မျိုးရိုးလိုက်သည့်ရောဂါ) စတဲ့ ရောဂါတွေမှာတွေ့နိုင်ပါတယ်။

    မွေးရာပါချို့ယွင်းချက် ရောဂါအခြေအနေနှင့် အဆင့်ပေါ်မူတည်ပြီး ကုသမှုမှာ ဆေးဝါးနှင့်ကုသမှုမှ ခွဲစိတ်ကုသမှုအထိဖြစ်နိုင်ပါတယ်။ ဒီလိုကလေးတွေမှာ မွေးရာပါချို့ယွင်းချက်တွေ ဖြစ်ပွားနိုင်ချေကို ကာကွယ်ဖို့ အမျိုးသမီးတိုင်း ဖောလစ်အက်ဆစ်နဲ့ဗီတာမင်တွေသောက်သုံးသင့်ပြီး၊ အရက်၊ မူးယစ်ဆေး၊ ဆေးလိပ် စသည်တို့ကို ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် မမွေးခင် ပုံမှန်စစ်ဆေးမှုလည်းခံယူသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement