backup og meta

ကလေးတွေရဲ့ တီထွင်ကြံဆဉာဏ်ကို ထိခိုက်စေနိုင်တဲ့ မိဘတွေရဲ့ အပြုအမူ (၅)မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေရဲ့ တီထွင်ကြံဆဉာဏ်ကို ထိခိုက်စေနိုင်တဲ့ မိဘတွေရဲ့ အပြုအမူ (၅)မျိုး

    ဘယ်မိဘမဆို ကိုယ့်ရဲ့ ကလေးတွေကို ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေချင်တာ၊ တီထွင်ကြံဆတတ်စေချင်တာ၊ အနာဂတ်ဘဝခရီးလမ်းမှာ အောင်မြင်မှုသရဖူဆောင်းနိုင်တဲ့ လူတော်ဖြစ်စေချင်တာ သဘာဝပါပဲ။ ကလေးတွေကို ထိန်းကျောင်းပေးတဲ့ နေရာမှာ မေတ္တာတစ်ခုတည်းနဲ့တော့ မပြီးပြည့်စုံနိုင်ပါဘူး။ ကလေးတွေအပေါ်မှာ ကိုယ်လုပ်မိလိုက်တဲ့ အပြုအမူလေးတွေက ကလေးတွေရဲ့ ဦးနှောက်အာရုံထဲမှာ စွဲထင်သွားတတ်ပြီး သူတို့ရဲ့ ကြီးပြင်းလာတဲ့ ပုံစံ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်က ကိုယ့်ရဲ့ ကလေးကို လူတော်တစ်ယောက်အနေနဲ့ ကြီးပြင်းလာစေဖို့ ရည်မှန်းထားတယ်ဆိုရင်တော့ အောက်ပါ အချက်လေးတွေကို ရှောင်ကြဉ်ဖို့ အကြံပေးလိုက်ပါတယ်နော်။

    ၁။ အိမ်ထဲမှာ ပိတ်လှောင်ထားတာ။

    မိဘအများစုမှာ ကြုံတွေ့ရတတ်တဲ့ စိုးရိမ်မှုပြဿနာက ကိုယ့်ရဲ့ ကလေး အပြင်ထွက်ဆော့လိုက်လို့ တစ်ခုခု ထိမိ၊ ခိုက်မိတာတွေ ဖြစ်သွားမလား၊ တခြားကလေးတွေနဲ့ ဆော့ကစားမိလို့ ရောဂါတွေ ကူးလာမလား အစရှိတဲ့ စိုးရိမ်မှုတွေကြောင့် ကိုယ့်ရဲ့ ကလေးကို အပြင်ပေးမထွက်ပဲ အိမ်ထဲမှာ လှောင်ပိတ်ထားတဲ့ အပြုအမူပါ။

    ကလေးတွေမှာ အရာရာကို စူးစမ်းလေ့လာလိုတဲ့ စိတ်ဆန္ဒတွေ ရှိတယ်။ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို လေ့လာချင်တယ်။ စိမ်းလန်းစိုပြည်တဲ့ သဘာဝပတ်ဝန်းကျင်ကို ငေးမောကြည့်ချင်တယ်။ တခြားကလေးတွေ၊ လူတွေနဲ့ ထိတွေ့ဆက်ဆံလိုစိတ် ရှိတယ်။ ဒီလိုပတ်ဝန်းကျင်ကပဲ ကိုယ့်ကလေးရဲ့ တီထွင်နိုင်တဲ့ ဉာဏ်ရည်၊ စိတ်ကူးစိတ်သန်းတွေကို ဖော်ထုတ်ပေးနိုင်တာပါ။

    ဒါကြောင့် ကိုယ့်ကလေးကို အပြင်ထွက်ခွင့်ပေးလိုက်ပါ။ လူတွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ အခွင့်အရေးပေးလိုက်ပါ။ တခြားကလေးတွေနဲ့ ဆော့ကစားခွင့်ပေးလိုက်ပါ။ ကိုယ့်ရဲ့ ကလေးက အပြင်မထွက်ပဲ အိမ်ထဲမှာပဲနေပြီး တီဗွီကြည့်တာ၊ ဂိမ်းကစားတာ၊ အချိန်ပြည့် အိမ်စာလုပ်နေတာကို မြင်ရင်လည်း အပြင်ထွက်ဖို့ ပြောပေးပါ။

    ၂။ အသေးစိတ် မေးမြန်းတာ။

    ကလေးတွေကို သူတို့ဘာလုပ်နေလဲဆိုတာ အသေးစိတ်မေးမြန်းတာ၊ မလိုအပ်ပဲ ရစ်တာမျိုးတွေဟာ ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်တဲ့ ဉာဏ်ရည်တွေ၊ စိတ်ကူးတွေကို ပိတ်ပင်သလို ဖြစ်စေပါတယ်။ တစ်ခါတလေမှာ သူတို့ လုပ်ချင်တဲ့အရာတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးလိုက်ပါ။

    လူကြီးတွေဟာ အစိုးရိမ်လွန်၊ စိတ်ပူပန်လွန်တတ်တာကြောင့် ကလေးတွေရဲ့ ကိစ္စမှန်သမျှကို လိုက်စွက်ဖက်တာမျိုး၊ နေရာတကာ ဝင်ပါတာမျိုးတွေ လုပ်တတ်ပါတယ်။ ကိုယ့်ရဲ့ကလေးဟာ ဘယ်အရာမဆို အကောင်းဆုံးလုပ်နိုင်မှာပါဆိုတဲ့ ယုံကြည်စိတ်ကို မွေးပါ။ ကလေးတွေအပေါ်မှာ အမြဲတမ်း စိတ်ရှည်သည်းခံပေးပါ။ မလိုအပ်ပဲ ကန့်သတ်ချုပ်ချယ်မှုတွေကို မလုပ်ပါနဲ့။ ကလေးတွေကို စိတ်ခွန်အားတက်ကြွစွာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိစွာ ကြီးပြင်းလာနိုင်ဖို့အတွက် ဘေးနားကနေ သူတို့ လိုအပ်တဲ့အရာတွေကို ကူညီထောက်ပံ့ပေးပါ။

    ၃။ စည်းကမ်း အရမ်းတင်းကြပ်တာ။

    တချို့မိဘတွေရဲ့ အယူအဆက စည်းကမ်းတင်းကြပ်မှပဲ ကလေးတစ်ယောက် ကောင်းကောင်းကြီးပြင်းလာနိုင်မယ်၊ အနာဂတ်မှာ အောင်မြင်တဲ့ လူတော်တစ်ယောက်ဖြစ်မယ်လို့ ထင်တာပါ။ စည်းကမ်း အရမ်းတင်းကြပ်လွန်းတဲ့ မိသားစုနဲ့ နေရတဲ့ ကလေးရဲ့ စိတ်ထဲမှာ အမြဲတမ်း လှောင်ပိတ်ခံထားရသလို၊ စိတ်ကျဉ်းကြပ် အနေရခက်သလို ဖြစ်နေမယ့်အပြင် ကလေးတွေရဲ့ ကောင်းစွာ ဖွံ့ဖြိုးကြီးပြင်းလာမှုကို အဟန့်အတား ဖြစ်စေပါတယ်။

    တင်းကြပ်လွန်းတဲ့ စည်းကမ်းတွေနဲ့ ကလေးတွေကို ချည်နှောင်တာထက် အထိုက်အလျောက် လွတ်လပ်ခွင့်ကို ပေးပြီး ဘေးနားကနေ လမ်းမှားမရောက်အောင် ကူညီပေးပါ။ ကန့်သတ်ချက်တွေ၊ မလိုလားတဲ့ မျှော်လင့်ချက်တွေ အလွန်အကျွံထားတာမျိုးကိုလည်း မလုပ်သင့်ပါဘူး။

    ၄။ အရာရာကို လိုက်ပြီး ရွေးချယ်တာ။

    ကလေးတွေရဲ့ ကိစ္စအလုံးစုံမှန်သမျှကို ဝင်ရောက်စွက်ဖက်တာ၊ ကိုယ့်သဘောနဲ့ ကိုယ်ရွေးချယ်တဲ့ အပြုအမူမျိုးကို မလုပ်သင့်ပါဘူး။ အပြင်ထွက်ခါနီး ဝတ်ရမယ့် အဝတ်အစားတွေ ရွေးပေးတာက အစ၊ ကြီးလာရင် ဘာဖြစ်ချင်တာလဲ၊ ဘာကျောင်းတက်ဖို့ စိတ်ဝင်စားလဲ၊ ဘာဝါသနာပါတာလဲ အစရှိတဲ့ စိတ်ကူးအိပ်မက်တွေကို ကိုယ့်သဘောအတိုင်း ရွေးချယ်မယ့်အစား ကိုယ့်ကလေးရဲ့ စိတ်ကူးကို အရင်ဆုံး မေးသင့်ပါတယ်။

    ချုပ်ချယ်တဲ့ အပြုအမူမျိုးထက် ကိုယ့်ကလေးကို နားလည်သဘောပေါက်အောင် သေချာပြောပြပေးတာ၊ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အလေးအနက်ထားတဲ့ ပုံစံကို ပြပေးပါ။

    ၅။ အမှားလုပ်ခွင့်မပေးတာ။

    လောကမှာ အသက်အရွယ်မရွေး အမှားနဲ့ ကင်းတဲ့ သူဆိုတာ လုံးဝမရှိပါဘူး။ ကလေးတွေ အမှားလုပ်မိတဲ့အခါ အပြစ်တင်ဆူပူနေမယ့်အစား ကိုယ့်ရဲ့ အမှားကို ဘယ်လိုပြန်ပြင်လို့ရမလဲ၊ နောက်ကို ဒီလိုထပ်မမှားဖို့ ဘယ်လိုသင်ခန်းစာယူသင့်လဲ စတာတွေကို ကိုယ်တိုင် သင်ယူနားလည်နိုင်ဖို့ လွှတ်ပေးထားလိုက်ပါ။ ယခုအချိန်မှာ လုပ်မိတဲ့ အမှားဟာ နောင်တစ်ချိန်မှာ အောင်မြင်ဖို့အတွက် လမ်းစတစ်ခု ဖြစ်စေပါတယ်။ ကိုယ့်အမှားကို ကိုယ်တိုင် တာဝန်ယူတဲ့ ကလေးတစ်ယောက်ဟာ ကြီးပြင်းလာတဲ့အခါမှာလည်း မိမိကိုယ်ကို ယုံကြည်မှုတိုးလာမယ့်အပြင် တီထွင်ဖန်တီးနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေ တိုးလာစေနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement