backup og meta

ပိန်ပြီးညှက်လွန်းနေ တဲ့ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိန်ပြီးညှက်လွန်းနေ တဲ့ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

    ပိန်ပြီးညှက်လွန်းနေ တဲ့ကလေးတွေ မြင်ဖူးတယ် မဟုတ်လား။ မိဘဆိုတာ ကိုယ့်သားသမီးနဲ့ ပတ်သက်လာရင် အကောင်းဆုံးကိုပဲ ဖြည့်ဆည်းပေးချင်ကြတာပါပဲ။ တစ်ခါတစ်လေ ကိုယ့်ကလေး ကောင်းစေဖို့ဆိုပြီး လုပ်မိလိုက်တဲ့ အရာတွေကို မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်သွားတတ်တာမျိုးတွေလည်း ရှိပါတယ်။

    မိဘတွေ အမှားမဟုတ်ဘဲ ကိုယ့်ကလေးက အစားရွေးလွန်းတာ၊ ကျန်းမာရေး ပြဿနာမျိုးတွေ ရှိနေတာ အစရှိသဖြင့် အကြောင်း အမျိုးမျိုးကြောင့်လည်း ပိန်နေတတ်ပါတယ်။ ခုဆောင်းပါးလေးမှာတော့ ပိန်ပြီး ညှက်နေတဲ့ ကလေးတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ မိဘတွေအနေနဲ့ ဘာတွေ ပြင်ဆင်ပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ဘာကြောင့် ကလေးတွေ ပိန်ပြီးညှက်လွန်းနေ တာလဲ။

    ၁။ ပရိုတင်းဓာတ် ချို့တဲ့ခြင်း

    အဓိက အဖြစ်များရတဲ့ အကြောင်းရင်းကတော့ အာဟာရဓာတ် ချို့တဲ့ခြင်းဆိုတဲ့ Malnutrition ပြဿနာပါပဲ။ ဆင်းရဲတဲ့ တိုးတက်ဆဲ နိုင်ငံတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတမရှိတဲ့ ပြည်သူတွေမှာ အတွေ့များပါတယ်။

    ကလေးတွေဆိုရင်လည်း ကောင်းစွာ ကြီးထွားဖွံ့ဖြိုးဖို့၊ ကျန်းမာစေဖို့ ခန္ဓာကိုယ်က အာဟာရဓာတ် လုံလောက်စွာ ရရှိနေဖို့ အရမ်း အရေးကြီးပါတယ်။ အဓိက ချို့တဲ့နေတဲ့ အာဟာရဓာတ်ကတော့ အသားဓာတ်လို့ လူသိများတဲ့ ပရိုတင်းဓာတ်ပါပဲ။

    ပရိုတင်းဟာ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို လျင်မြန်စေပြီး ကြွက်သားထုကို တက်စေတယ်။ ကိုယ်ခံအားကိုလည်း ကောင်းစေလို့ အလွယ်တကူ ဖျားနာတာမျိုး၊ ရောဂါတွေ ဝင်မလာအောင် ခုခံပေးနိုင်တယ်။ အရိုးကိုလည်း ကြံ့ခိုင်စေလို့ အရပ်ရှည်ထွက်အောင် ကူညီပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ကို အများဆုံး ပေးစွမ်းနိုင်တာက အနီရောင် အသားတွေပါပဲ။

    အသားတွေ လုံလောက်စွာ မစားရင် ပရိုတင်းဓာတ် ချို့တဲ့မှုတွေ ဖြစ်လာပြီး ကလေးတွေက ကြည့်လိုက်တာနဲ့ ပိန်ချုံးပြီး အားမရှိသလိုပုံ ပေါက်၊ ပိန်ပြီးညှက်လွန်းနေ တော့တာပေါ့။

    ဒီအတွက် မိဘတွေလုပ်ပေးလို့ ရတာကတော့ အသား များများကျွေးပါ။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကိုလည်း ကျွေးဖို့ မမေ့ပါနဲ့။ နွားနို့၊ ပဲအမျိုးမျိုးကိုပါ ကျွေးနိုင်ရင်တော့ အာဟာရဓာတ် ပိုစုံလင်ပြီး ကလေး ထွားလာတာ ပိုမြန်မှာပါ။

    ၂။ မလှုပ်မယှက် စာပဲလုပ်ခိုင်းခြင်း

    စာမှ စာ၊ စာကလွဲပြီး ကျန်တာ ဘာမှအရေးမကြီးဘူး ဆိုပြီးတော့ ကလေးတွေကို နေရာကမထ၊ ဘယ်မှ မသွားခိုင်းဘဲ စာပဲ လုပ်ခိုင်းတာကတော့ တော်တော်လေးကို မှားယွင်းတဲ့ အပြုအမူပါ။ တစ်နေရာတည်းမှာပဲ ထိုင်ပြီး စာလုပ်နေလို့ ကျောင်းစာက လွဲပြီး ကျန်တာ ဘာမှမရပါဘူး။

    ဆိုးကျိုးအနေနဲ့ ကလေးရဲ့ ဦးနှောက်က လေးလံထိုင်းမှိုင်းလာမယ်၊ အဝလွန်၊ သွေးတိုး၊ နှလုံး၊ ဆီးချိုတွေ ဖြစ်ပြီး တချို့ကလေးတွေကျတော့လည်း ပြောင်းပြန် ပိန်ပြီးညှက်လွန်းနေ တာမျိုး ဖြစ်နိုင်ပါတယ်။

    အဲဒါကြောင့် ဘယ်အရာမဆို အချိန်ဇယား ချပြီး သူ့အချိန်အတိုင်း လုပ်ခိုင်းဖို့ မိဘတွေက ကူညီပေးပါ။ ကစားချိန် ကစား၊ စာလုပ်ချိန် စာလုပ်၊ အိပ်ချိန်တန် ပြည့်ပြည့်ဝဝ အိပ်ရင် ကိုယ့်ကလေးက ပညာရေးမှာ ထူးချွန်ရုံသာမက တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင်လည်း ကြီးထွားသန်မာပြီး အရပ်ရှည်လို့ ကြည့်ကောင်းနေမှာပါ။

    ၃။ အစားရွေးခြင်း

    ကလေးဆိုတာက အချိုကြိုက်မယ်၊ အဆီကြော် ကြိုက်မယ့် သဘာဝက ရှိနေပြီးသားပါ။ ဒါကို အပြစ်တင်တာထက် ကိုယ့်ကလေး အာဟာရဓာတ် စုံစုံလင်လင် ရစေဖို့ ကျွေးမွေးပေးရမှာ မိဘတွေရဲ့ တာဝန်ပါ။

    ကိုယ့်ကလေး စိတ်ချမ်းသာရင် ပြီးရော၊ စားချင်တာ စား ဆိုပြီး လွှတ်ထားလိုက်တဲ့အခါ ကျန်းမာရေးနဲ့ပတ်သက်ပြီး မသိနားမလည်တဲ့ ကလေးတွေက အာဟာရမဖြစ်တာတွေပဲ စားပြီး ဗိုက်ဝနေမှာပါ။ အဲဒီအခါ ကိုယ်ခန္ဓာက လုံလောက်တဲ့ အာဟာရဓာတ်တွေ မရရှိတော့ဘဲ လူက ပိန်ပြီးညှက်လွန်းနေ တော့မှာပေါ့။

    ဒီအတွက် ကလေးရဲ့ တစ်နေ့တာမှာ အစာအာဟာရ လုံလောက်စွာ ရနိုင်ဖို့ မေမေတွေက အဓိက ပြင်ဆင်ပေးပါ။ ကိုယ့်ကလေး ကြိုက်တဲ့ အစားအစာထဲမှာ သိပ်မစားတဲ့၊ မကြိုက်တာလေးတွေကို ရောချက်ပြီး ကျွေးပါ။

    အာဟာရ မဖြစ်တဲ့ မုန့်ပဲသရေစာတွေကိုတော့ လုံးဝ မစားနဲ့လို့ ချုပ်ချယ်တာထက် အကန့်အသတ်နဲ့ ကျွေးတာ၊ သူတို့ လက်လှမ်းမမီလောက်မယ့် နေရာမှာ မုန့်တွေ သိမ်းထားတာမျိုး လုပ်ပါ။ လိုအပ်လာရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကလေးအတွက် သင့်တော်မယ့် အားဆေးတွေကို ညွှန်းခိုင်းပါ။

    ၄။ မိဘမျိုးရိုးလိုက်ပြီး ကလေးမထွားခြင်း

    အဖေ၊ အမေ သို့မဟုတ် မိဘ နှစ်ဖက်လုံးရဲ့ မျိုးရိုးမှာက ပိန်ပြီး အရပ်မထွက်ရင် ကိုယ့်ကလေးမှာလည်း ကြီးထွားဖွံ့ဖြိုးမှု နှေးတာမျိုး တွေ့ရနိုင်ပါတယ်။ တစ်ခါတလေ ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်ရဲ့ ဗိုက်ကို ထိခိုက်မိတာ၊ အာဟာရ စုံလင်စွာ မစားတာတွေကြောင့်လည်း ကိုယ့်ကလေးရဲ့ ကြီးထွားမှု ကြန့်ကြာသွားတာမျိုး ဖြစ်တတ်ပါတယ်။

    ဒါကြောင့် မိခင်တွေ ကိုယ်ဝန်ဆောင်တဲ့ အချိန်ကစပြီး ကိုယ့်ရဲ့ အစာအာဟာရနဲ့ ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ အရေးကြီးပါတယ်။ မိခင်စားလိုက်တဲ့ အစားအစာက မိခင်ကိုရော ဗိုက်ထဲက ကလေးကိုပါ သွားပြီး သက်ရောက်မှုရှိစေပါတယ်။

    အကယ်လို့ မိဘမျိုးရိုးက ပိန်ညှက်နေတယ်ဆိုရင် ကလေး ငယ်ငယ်လေးကတည်းက ဆရာဝန်နဲ့ သွားရောက်ပြသပြီး လိုအပ်တဲ့ ကုသမှုမျိုး၊ အားဆေးပေးတာ၊ တင်းကြပ်တဲ့ စားသောက်မှုပုံစံမျိုး ညွှန်ကြားခိုင်းလို့ ရပါတယ်။ အရမ်းကြီး မထွားလာရင်တောင်မှ ပေါင်မပြည့်၊ ပိန်ညှက်ပြီး အရပ် အရမ်းပုနေတဲ့ အခြေအနေထိတော့ ရောက်နိုင်မှာမဟုတ်ပါဘူး။

    ၅။ ကလေးမှာ ရောဂါအခံ တစ်ခုခု ရှိနေခြင်း

    ကလေးက အာဟာရ ဖြစ်တာတွေလည်း များများစားတယ်၊ မိဘမျိုးရိုးမှာလည်း ပိန်ညှက်တာမျိုး မရှိဘဲ ကလေးပဲ ကွက်ပြီး ပိန်နေတယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှုမျိုး လုပ်သင့်ပါပြီ။

    တစ်ခါတစ်လေ နှလုံးရောဂါ ရှိတာ၊ သိုင်းရွိုက်ဂလန်း ပုံမှန်မဟုတ်တာ၊ ကျောက်ကပ် ပျက်စီးတာ၊ ကိုယ်ခန္ဓာက အစာအာဟာရ စုပ်ယူမှုအား နှေးကွေးတာ စတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ကလေးက မကြီးထွားဘဲ ပိန်နေတတ်ပါတယ်။

    ဒီအတွက် ဆရာဝန်နဲ့ အရင်ဆုံး ပြသပြီး ကိုယ့်ကလေးမှာ ဘယ်လို ကျန်းမာရေးပြဿနာတွေ ရှိနေလဲဆိုတာ အရင် စစ်ပေးပါ။ လိုအပ်တဲ့ ကုသမှုတွေ၊ ဆေးဝါးတွေနဲ့ စားသောက်မှုပုံစံတွေကို ဆရာဝန်ဘက်က အကြံပေးပါလိမ့်မယ်။

    အဲ့ဒီပုံစံအတိုင်းပဲ ကလေးတွေကို သေချာလေ့ကျင့်ပြီး ကျွေးမွေးပေးပါ။ ရောဂါဆိုတာ စောစောသိလေ ကုသဖို့လည်း ပိုလွယ်နိုင်တဲ့အတွက် ကျန်းမာရေးစစ်ဆေးဖို့ကိုတော့ နှောင့်နှေးလို့ မဖြစ်ပါဘူးနော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement