backup og meta

ဆယ်ကျော်သက်တို့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်တို့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အချက်လေးများ

    Puberty လို့ခေါ်တဲ့ အရွယ်ရောက်ခြင်းဟာ ကလေးခန္ဓါကိုယ်ကနေ လူကြီးဘဝပြောင်းလဲလာခြင်း ကဏ္ဍမှာ ပြောင်းလဲမှုတွေအများကြီးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ချွေးထွက်ခြင်းနဲ့ ခန္ဓါကိုယ်ရဲ့ အနံ့တွေဟာ ဒီပြောင်းလဲမှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ မိဘတစ်ယောက်အနေနဲ့ဆိုရင်တော့ သင်အခုလုပ်ရမယ့်အလုပ်ဟာ ဒီပြောင်းလဲမှုတွေနဲ့ရင်ဆိုင်နေရတဲ့ သင့်ကလေးကို ရိုးရှင်းတဲ့သန့်ရှင်းရေးနည်းလမ်းအချို့နဲ့ ကူညီပေးဖို့ပါပဲ။

    ချွေးနဲ့ ခန္ဓါကိုယ်အနံ့များ

    ကလေးအများစု အထူးသဖြင့် ယောက်ျားလေးတွေဟာ နေ့တိုင်း ရေမချိုးကြပါဘူး။ ဒါပေမဲ့ အရွယ်ရောက်ဖို့ ပြောင်းလဲမှုတွေစတင်လာတဲ့အခါမှာ ကလေးတွေဟာ သာမန်ထက် ပိုပြီးချွေးထွက်လာတတ်ပါတယ်။ ချွေးထွက်စမှာတော့ ဘာအနံ့မှမရှိပေမယ့် ဒီချွေးတွေဟာ သူတို့ အရည်ပြားတွေ ဒါမှမဟုတ် အဝတ်အစားတွေပေါ်မှာ စုလာပါတယ်။ ဒါဟာ ဘက်တီးရီးယားတွေခိုဝင်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပြီး ဒါကပဲ ခန္ဓါကိုယ်အနံ့ဆိုးတွေကို ထွက်ပေါ်စေတာပါ။ ဒါကြောင့် နေ့စဉ် ရေချိုးခြင်းနဲ့ အဝတ်အစားလဲခြင်းတို့ကိုမဖြစ်မနေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အောက်ပါ တစ်ကိုယ်ရည်သန့်ရှင်းရေးနည်းလမ်းတွေက သင့်ကလေးအတွက်တော့ အလုပ်ဖြစ်နိုင်ပါတယ်။

  • တစ်ရက်ကို အနည်းဆုံးတစ်ခါ ရေချိုးပါ။ သူတို့ကို အပျော့စားဆပ်ပြာနဲ့ ရေနွေးကိုအသုံးပြုဖို့ အကြံပေးနိုင်ပြီး မျက်နှာ၊ လက်တွေ၊ ခြေထောက်တွေ၊ ချိုင်းကြားတွေ၊ ပေါင်ခြံတွေနဲ့ တင်ပါးတွေ (အောက်ပိုင်းတွေ) အထူးသဖြင့် အမွှေးပေါက်တဲ့နေရာတွေ ဥပမာ ချိုင်းကြား သို့မဟုတ် ပေါင်ခြံတွေလိုနေရာမျိုးတွေဟာ ချွေးထွက်စေတဲ့ဂလင်းတွေအများကြီးရှိနေပြီး ဒီလိုနေရာတွေမှာ ဘက်တီးရီးယားတွေ အလျင်အမြန်ကြီးထွားစေတာမို့ ဒီလိုနေရာတွေကို ဂရုစိုက်ဖို့ တိုက်တွန်းသင့်ပါတယ်။
  • နေ့စဉ် သန့်ရှင်းတဲ့အဝတ်တွေကို ဝတ်ဆင်ပါစေ။ အဝတ်ဆိုတဲ့ထဲမှာ ခြေအိတ်တွေနဲ့ အတွင်းခံတွေပါ ပါဝင်ပါတယ်။ သင့်ကလေးအတွက်ကို ချည်သားနဲ့လုပ်ထားတဲ့ အဝတ်တွေကို ဝယ်ပြီးဆင်ပေးနိုင်ပါတယ်။ ချည်သားဟာ ချွေးတွေကို ပိုပြီးထိထိရောက်ရောက် စုပ်ယူနိုင်ပါတယ်။
  • ချိုင်းလိမ်းတောင့် သို့မဟုတ် အနံ့ဆိုးပျောက်ဆေး( antiperspirant) တွေကို အသုံးပြုပါ။ ချိုင်းလိမ်းတောင့်တွေဟာ အနံ့ဆိုးတွေကို ဖုံးအုပ်လိုက်ခြင်းအားဖြင့် ဖယ်ရှားပေးနိုင်ပြီး antiperspirantsတွေကတော့ ချွေးတွေကို ခြောက်သွေ့စေခြင်း သို့မဟုတ် မထွက်စေခြင်းအားဖြင့် အနံ့ဆိုးတွေကို ဖယ်ရှားပါတယ်။ သူတို့ကိုတော့ ဂျယ်လ်၊ ဖြန်းဆေးနဲ့ ခရင်မ် ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။ ဒါတွေကိုလည်း ဆေးဆိုင်တွေ ဒါမှမဟုတ် စူပါမားကက်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။
  • အိပ်ရာခင်းကို သန့်ရှင်းနေစေဖို့ အပတ်တိုင်းလဲပါ။ ဘက်တီးရီးယားတွေနဲ့ အခြားပိုးမွှားတွေ သေစေနိုင်ဖို့အတွက် ရေနွေးနဲ့ လျှော်ဖွပ်ပါ။
  • အဆီပြန်တဲ့ဆံပင်တွေ

    အရွယ်ရောက်လာတဲ့အချိန်မှာ ချွေးဂလင်းတွေနဲ့ အဆီထုတ်ပေးခြင်းဟာ ကလေးရဲ့ ဆံပင်တွေကို တောက်ပြောင်၊အဆီပြန်စေပြီး စေးကပ်စေပါတယ်။ ဆံပင်တွေအဆီပြန်ခြင်းကို ထိန်းချုပ်ဖို့အတွက် နေ့တိုင်း ခေါင်းလျှော်ပါ။ အောက်ပါအချက်တွေကိုလည်း လိုက်နာဖို့ တိုက်တွန်းပါ။

    • အပျော့စားခေါင်းလျှော်ရည်နဲ့ ရေသန့်ကိုသုံးပြီး ခေါင်းလျှော်ပါ။
    • ဦးရည်ပြား ဆဲလ်သေတွေ၊ အညစ်အကြေးတွေနဲ့ အဆီပိုတွေကို ဖယ်ရှားဖို့အတွက် ညင်သာစွာ နှိပ်နယ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း မပွတ်တိုက်ပါနဲ့ ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်ခြင်းက အရည်ပြားကို ပျက်စီးစေပါတယ်။
    • အဆီမပါတဲ့ထုတ်ကုန်တွေကို အသုံးပြုပါ။

    အရည်ပြားပြဿနာများ

    ဆံပင်နဲ့အတူတူပါပဲ။ ဟော်မုန်းအဆင့်တွေ အပြောင်းအလဲက အရည်ပြားကို သက်ရောက်စေနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရည်၊ ချွေးပေါက်ပိတ်တာတွေ၊ ဝက်ခြံတွေနဲ့ အဆီဖုတွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေကို ရင်ဆိုင်နိုင်ဖို့ ဒီအချက်လေးတွေကို အကြံပေးကြည့်ပါ။

    • တစ်ရက် နှစ်ကြိမ် ညင်သာစွာ အသားအရည်ကို သန့်စင်ပါ။
    • ဆပ်ပြာ သို့မဟုတ် မျက်နှာသစ်ဆေးကို ရေနွေးကိုအသုံးပြုပြီးဆေးကြောပါ။ သန့်ရှင်းခြောက်သွေ့တဲ့ တဘက်ကိုသုံးပြီး အသားအရည်ကို ခြောက်အောင်သုတ်ပါ။
    • ဝက်ခြံတွေကို မညှစ်မိဖို့နဲ့ သန့်စင်တဲ့လက်နဲ့ပဲ မျက်နှာကို ထိဖို့ ကြိုးစားပါ။
    • တဘက်တွေကို ပုံမှန် လျှော်ဖွပ်ပါ။

    ခံတွင်းကျန်းမာရေး

    ဆယ်ကျော်သက်တွေဟာ တစ်ခါတလေမှာ ညဘက်ကို သွားတိုက်ဖို့ ပျင်းရိတတ်ကြပါတယ်။ ဒါဟာ သွားတွေကို ပျက်စီးစေရုံသာမက ခံတွင်းအနံ့ကိုပါ ဆိုးရွားစေပါတယ်။ ဒါကြောင့် နေ့စဉ်သွားတိုက်ခြင်းနဲ့ သွားကြားသန့်ရှင်းရေးလုပ်ခြင်းတွေဟာ အလွန်ကို အရေးပါပြီး ကလေးတွေ အကျင့်ဖြစ်နေသည်ထိ လေ့ကျင့်ထားပေးသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement