backup og meta

စကားနားမထောင်သော ကလေးများကို မည်သို့ကိုင်တွယ်မည်နည်း


Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စကားနားမထောင်သော ကလေးများကို မည်သို့ကိုင်တွယ်မည်နည်း

    (ဒီကလေး ငါပြောသမျှစကားကိုနားမထောင်တာဘယ်တော့ရပ်မလဲ၊ငါပြောတဲ့အတိုင်းဘယ်တော့မှ လုပ်မလဲ) သင်ဒီလိုမျိုး စဉ်းစားဖူးပါသလား။ ဤအရာသည် အလွန်စိတ်ပျက်စရာလည်း ကောင်းကာ ပင်ပန်းပါသည်။ သင့်ကလေးသည် သင်ပြောသမျှအရာတိုင်းကို ဆန့်ကျင်မည်၊ ဒေါသထွက်မည်၊ စိတ်ပျက်စရာ ကောင်းလောက်အောင်ပြုမူနေမည်ဆိုလျှင် ဤကဲ့သို့ကလေးများကို ကိုင်တွယ်ရသည်မှာ အလွန်စိတ်ပျက်စရာကောင်းပြီး ခြေကုန်လက်ပမ်း ကျနိုင်ဖွယ်ရှိပါသည်။ မိဘများသည် မကြာခဏဆိုသလို ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ကူကယ်ရာမဲ့သလို ခံစားတတ်ကြပါသည်။ ထိုကဲ့သို့ခေါင်းမာသောကလေးများကို အနာဂါတ်နှင့်ပက်သက်ပြီး စိတ်ပူတတ်ကြပါသည်။ ကံကောင်းသည်ကတော့ ကလေးများတွင် ထိုကဲ့သို့စကားနားမထောင်တာကို ဖြေရှင်းဖို့က် သင်ထင်ထားသည်ထက်ပိုမိုလွယ်ကူသောနည်းလမ်းများရှိပါသည်။ သင်သိလိုပါသလား။ အောက်ဖော်ပြပါ အချက်များကို ဆက်လက်ဖတ်ရှုကြည့်ပါ။

    ကျောင်းမတက်မီကလေးများသည်အဘယ်ကြောင့် မိဘများ ကိုဆန့်ကျင်ကြသနည်း။

    ကလေးများသည် သူငယ်ချင်းများ အိမ်မှပြန်ဖို့ငြင်းဆန်မည်၊သင်ပြောသမျှကိုအရုပ်များနှင့် ပစ်ပေါက်ပြီးငြင်းဆန်မည်၊သင်ဘယ်လောက် သတိပေးပေး လှေကားတွင် ကားများတွန်းပြီးဆော့နေမည်၊ ဘာကြောင့်ကလေးသည် ထိုကဲ့သို့ခေါင်းမာပြီးမိဘစကားနားမထောင်ရသလဲ။ မူကြိုအရွယ်ကလေးများသည် လမ်းလျှောက်တတ်ကာစ အရွယ်ကထက်စာလျှင် သင့်ကို မှီခိုမှုကင်းမဲ့သွားပြီဖြစ်ပါသည်။ ယခုဆိုလျှင်သူတို့သည်ပိုမိုသန်မာကြံ့ခိုင်လာပြီဖြစ် ပါသည်။ ပုန်ကန်တတ်သောအလေ့အကျင့်အနည်းငယ် ဖွံ့ဖြိုးလာပြီဖြစ်ပါသည်။

    ခေါင်းမာခြင်း၊စကားနားမထောင်ခြင်းနှင့်ပက်သက်ပြီး သင်မည်သို့ပြုလုပ်နိုင်သလဲ။

    နားလည်မှုရှိပါ။

    နားလည်မှုရှိခြင်းသည်ပြဿနာ၏ ဖြေရှင်းနည်းတစ်မျိုးပင်ဖြစ်သည်။ အခြားသူများရှေ့တွင်ဖြစ်နေစေကာမူ စိတ်မဆိုးပါနှင့်။ ကလေးများကိုကြင်နာပါ။ သို့သော်ပြောသင့်သော အရာကိုခပ်တင်းတင်းပြောပါ။

    ဒေါသမထွက်ပါနှင့်။

    သင်သည်အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်သည့်အပြင် သင့်ကလေး၏ စံပြပုဂ္ဂိုလ်လည်း ဖြစ်သည်။ ခက်ခဲသောအခြေအနေတစ်ခုမှာ ဘယ်လိုပြုမူရမလဲ ဆိုတာ သင့်ကလေးအတုယူမမှားဖို့လိုအပ်သည်။ ခေါင်းမာသောကလေးများတွင် နောက်တစ်ခါဘာလုပ်ရမလဲဆိုတာနှင့်ပက်သက်ပြီး အကြံဉာဏ်များမရှိသကဲ့သို့သင်၏လမ်းညွှန်မှုကိုလည်း ရှာဖွေနေတတ်ကြပါသည်။

    သင့်ကလေးခေါင်းမာရသော အကြောင်းအရင်းများစွာရှိပါသည်။ အချို့အကြောင်းအရင်းများကို သင်ကောင်းမွန်စွာနားလည်နိုင်မည်မဟုတ်ပါ။ အခြေခံကျသော အကြောင်းအရာများထဲမှတစ်ခုကတော့ သူတို့ဘာလုပ်ရမှန်းမသိ၍ဖြစ်ပါသည်။ ဤကဲ့သို့သင်ကြားပေးနိုင်သောအချိန်တွင် သင်သည်သင့်ကလေးကို အရမ်းဒေါသထွက်နေလျှင် မည်ကဲ့သို့တုံ့ပြန်ရမည်ဆိုသည်ကို ကောင်းစွာသင်ပြလမ်းညွှန်ပေးနိုင်မည် မဟုတ်ပါ။

    ကောင်းမွန်စွာနေထိုင်ရန်အားပေးပါ။

    ကလေး ဆိုးသွမ်းနေသောအချိန်မှသာ အာရုံစိုက်ခြင်းထက် ကလေးကို အခြားအချိန်များတွင်လည်းဂရုစိုက်ပါ။ သားက လိမ္မာလိုက်တာ၊သမီးက ကူညီတတ်လိုက်တာ စသည်ဖြင့်သူတို့ကောင်းမွန်သော အရာတစ်ခုပြုလုပ်တိုင်း နောက်တစ်ကြိမ်ပြုလုပ်ချင်လာအောင် အားပေးချီးကျူးပါ။

    ကလေး၏ ဆိုးသွမ်းမှုအတွက် ထိုက်သင့်သော အပြစ်ငယ်ပေးပါ။

    ကလေးများကို စကားနားမထောင်ဘဲဆိုးလျှင် ဘယ်လိုအကျိုးဆက်တွေရတတ်သည်ဆိုတာကို သင့်တင့်သော အပြစ်ငယ်လေးများပေး၍ သင်ပေးနိုင်သည်။ ဥပမာ- မောင်နှမအချင်းချင်းရိုက်လျှင် အိပ်ရာစောစောဝင်ခိုင်းခြင်း၊ ကာတွန်းကားပေး မကြည့်ခြင်း စသည်ဖြင့် အပြစ်ပေးနိုင်ပါသည်။ ကလေးကို ရိုက်နှက်ခြင်း၊ အခန်းထဲပိတ်လှောင်ထားခြင်းမျိုးကိုတော့ မပြုလုပ်ရပါ။

    ကလေးကို အားပေးပါ။

    သင့်ကလေးကို မိမိကိုယ်တိုင် လုပ်ပိုင်ခွင့်၊ အခွင့်အလမ်းများပေးခြင်းသည် သူတို့၏ ရပ်တည်မှုကို အသိအမှတ်ပြုရာ အားပေးရာ ရောက်သည်။ အခါအခွင့်သင့်တိုင်း သင့်ကလေးကို ရွေးချယ်ခွင့်ပေးပါ။ ဥပမာ သူတို့ဝတ်မည့်အဝတ်အစားကို ကိုယ်တိုင်ရွေးချယ်ခိုင်းခြင်း၊ လှေကားကိုကိုယ်တိုင်တက်ခိုင်းခြင်း။

    သူတို့အသက်အရွယ်နှင့်အခြေအနေကိုလေးစားပါ။

    သင်သည်သင့်ကလေးကို အိပ်ရာသိမ်းခိုင်းသောအခါ ကြမ်းတိုက်ခိုင်းသောအခါမျိုးတွင် သူတို့သေချာသိလား၊ မသိလား သေချာအောင် အရင်လုပ်ပါ။ လုပ်ငန်းဆောင်တာ အသစ်များသင်ပေးဖို့အတွက် အချိန်ယူပါ။ သူကိုယ်တိုင် သေချာစွာမလုပ်တတ်သေးခင် အချိန်အထိ သင်ပါအတူတကွလုပ်ပေးပါ။ တစ်ခါတစ်ရံတွင် ပြောစကားနားမထောင်ခြင်းသည် မိမိပေးသောတာဝန်ကို လိုက်လံလုပ်ဆောင်ရန် အလွန်ခက်နေသောကြောင့်ဖြစ်နိုင်သည်။

    ကြိုတင်စီစဉ်ပါ။

    လုပ်ဆောင်ချက်တစ်ခုမှတစ်ခုသို့ပြောင်းခြင်းသည် ခက်ခဲနိုင်သောကြောင့် အပြောင်းအလဲတစ်ခု လုပ်တော့မည်ဆိုလျှင်ကြိုတင်သတိပေးပါ။ ကလေးကို မြန်မြန်လုပ်ဖို့တတွတ်တွတ်ပြောနေမည့်အစား သင့်ကလေး အပြောင်းအလဲကို လက်သင့်ခံနိုင်ရန် ကြိုတင်ပြောကာအချိန်ပေးပါ။

    ကြောက်စရာကောင်းသော စိတ်လှုပ်ရှားဖွယ် ဂိမ်းအချို့ဆော့ပါ။

    ကလေး၏ခေါင်းမာခြင်းသည် ခန္ဓါကိုယ်မှ အက်ဒရီနယ်လင်း (adrenalin) လိုအပ်မှုကြောင့်ဟု သိပ္ပံနည်းကျဖော်ပြထားသည်များရှိပါသည်။ သို့ဖြစ်၍ ကလေးအား တူတူပုန်းတမ်းကဲ့သို့ လုံခြုံစိတ်ချရပြီး ကြောက်စိတ် ၊ စိတ်လှုပ်ရှားမှု ကိုဖြစ်ပေါ်စေသည့် ဂိမ်းများဆော့ပါ။ အချိန်နဲ့ ဆော့ရသောဂိမ်းများ၊ စည်းဝိုင်းထဲမှအပြင်ထွက်လျှင် ဖမ်းရသောဂိမ်းများဆော့ပါ။ ထိုကစားနည်းများဆော့ခြင်းအားဖြင့် အက်ဒရီနယ်လင်းထွက်စေသည်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement