backup og meta

ကလေး ရေကျောက်ပေါက်ခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး ရေကျောက်ပေါက်ခြင်း

    ရေကျောက်ဆိုတာ ရေယုန်ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ရတာပါ။ ကလေးအများစုက ရေကျောက်ပေါက်ဖူးကြပါတယ်(အများအားဖြင့် အသက်ဆယ်နှစ် မတိုင်ခင်လောက်မှာပေါ့)။ ဗိုင်းရပ်စ်ပိုးဝင်တဲ့အခါမှာ ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကနေ ပဋိပစ္စည်း(antibody)လို့ခေါ်တဲ့ ပရိုတင်းတွေကို ထုတ်ပေးလိုက်ပါတယ်။

    ဒီပဋိပစ္စည်းလေးတွေဟာ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်တဲ့အပြင် နောက်တခါ ရေကျောက်ထပ်မပေါက်တော့အောင်လည်း ကူညီကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့ လူတယောက်မှာ ရေကျောက်နှစ်ခါ ပေါက်တယ်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။

    ရေကျောက်ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    ဦးဆုံးဖြစ်ပေါ်လာတဲ့ လက္ခဏာတွေက ဖျားတာ၊၊ခေါင်းကိုက်တာ၊လည်ချောင်းနာတာ ဒါမှမဟုတ် ဗိုက်နာ၊ဗိုက်အောင့်တာ စတာတွေပဲ ဖြစ်ပါတယ်။ ရေကျောက်ပေါက်ပြီဆိုရင် ပထမဆုံးအနေနဲ့ မျက်နှာနဲ့ ကျောမှာ ယားယံတဲ့ အနီစက်လေးတွေ ထွက်လာပါမယ်။

    ဒီအစက်လေးတွေဟာ တကိုယ်လုံးကို ပျံ့သွားနိုင်ပါတယ်။ တချို့ကလေးတွေမှာဆိုရင် နေလို့ထိုင်လို့မကောင်း၊မအီမသာဖြစ်တာ၊အစားအသောက်ပျက်တာတွေကိုပါ တွေ့ရတတ်ပါတယ်။

    အဓိက လက္ခဏာကတော့ အဆင့်သုံးဆင့်နဲ့ ဖြစ်ပေါ်လာတဲ့ အနီစက်တွေပါပဲ။ ပထမဆုံး ဝက်ခြံလို၊ခြင်ကိုက်ဖုလို အနီစက်လေးအနေနဲ့ စထွက်လာပြီး အရမ်းယားပါတယ်။

    နှစ်ရက်ကနေ လေးရက်ကြာပြီးတဲ့အခါမှာ အနီစက်လေးတွေဟာ ပေါက်လွယ်တဲ့ အရည်ကြည်ဖုလေးတွေအဖြစ် ပြောင်းလဲသွားပြီး သူတို့ပေါက်သွားတဲ့အခါ ဟောင်းလောင်းပေါက်လေးတွေ ဖြစ်ကျန်ခဲ့ရာကနေ အညိုရောင်အနာဖတ်ခြောက်လေးတွေဖြစ်လာပါတော့တယ်။

    ဒီအဆင့် သုံးဆင့်လုံး (အနီစက်၊အရည်ကြည်ဖု၊အညိုရောင်အနာဖေး)ဟာ တချိန်တည်းမှာ မြင်တွေ့ရနိုင်ပါတယ်။ နဂိုကတည်းက အရေပြားပြဿနာရှိတဲ့ ဒါမှမဟုတ် ခုခံအားစနစ်အားနည်းတဲ့ ကလေးတွေမှာဆိုရင်တော့ အနီစက်တွေဟာ ပိုများပြီး ပိုဆိုးပါတယ်။

    ရေကျောက်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေလဲ။

    ရေကျောက်ပေါက်သူအများစုဟာ ရာနှုန်းပြည့်လုံးဝ ပြန်ကောင်းသွားလေ့ရှိပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး ဆိုသလို ပြင်းထန်ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ကိုယ်ဝန်ဆောင်တွေ၊ကလေးငယ်ငယ်လေးတွေ နဲ့ ခုခံအားစနစ် မကောင်းတဲ့ သူတွေမှာ ဖြစ်ပါတယ်။

    ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက်ဆက်တွဲပြဿနာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • ကလေးတွေမှာ အများဆုံး တွေ့ရတဲ့ ပြဿနာက အရေပြားဘက်တီးရီးယားပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။
    • အဆုတ်ရောင်ပြီဆိုရင် ကာလရှည်ချောင်းဆိုးတာ၊အသက်ရှုရခက်တာတွေ ဖြစ်လာနိုင်ပါတယ်။
    • ကိုယ်ဝန်ဆောင် အမျိုးသမီးမှာဆိုရင် ကိုယ်ဝန်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်(ဗိုက်ထဲက ကလေးဆီ ပိုးကူးတာ အပါအဝင်ပေါ့)။
    • နှလုံးကြွက်သားတွေ၊အဆစ်အမြစ်တွေနဲ့ မျက်စိရဲ့ အစိတ်အပိုင်းအမျိုးမျိုးမှာ ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

    ဆိုခဲ့တဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ ရှားပင်ရှားပေမယ့် ဂရုတစိုက် စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။ တကယ်လို့ မိဘတွေအနေနဲ့ ရေကျောက်ပေါက်နေတဲ့ ကိုယ့်ကလေးမှာ အသက်ရှုတာနဲ့ ပတ်သက်ပြီး ပြဿနာတွေရှိနေပြီ၊အရမ်းမှိန်းနေပြီ ဒါမှမဟုတ် ခေါင်းအရမ်းကိုက်နေပြီဆိုရင်တော့ နီးစပ်ရာ အရေးပေါ်ဌာနကို ပြေးရမှာပဲ ဖြစ်တယ်။

    ရေကျောက်ဘာလို့ ပေါက်တာလဲ။

    varicella-zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်မှု အများဆုံး ရောဂါတမျိုးဖြစ်ပါတယ်။ ရောဂါရှိတဲ့သူနဲ့ ထိတွေ့မိတာနဲ့ ကူးစက်နိုင်ပါတယ်။ ရေကျောက်ပေါက်နေသူရဲ့ အရည်ကြည်ဖုလေးတွေကနေထွက်လာတဲ့ ဗိုင်းရပ်စ်အမှုန်လေးတွေကို ရှုလိုက်မိရင်ပဲ ဖြစ်ဖြစ် သူ့ဆီကနှာချေတာ၊ချောင်းဆိုးတာကို လေထဲကတဆင့် ရှုလိုက်မိရင်ပဲ ဖြစ်ဖြစ် ရောဂါကူးဖို့ လုံလောက်နေပါပြီ။

    ရေကျောက်တခါပေါက်ပြီးရင် ဒီဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိသွားပြီမို့ နောက်တခါထပ်မဖြစ်နိုင်တော့သလောက်ပါပဲ။ ဒါ့ကြောင့် ရေကျောက်လည်းတခါမှ မပေါက်ဖူး၊ကာကွယ်ဆေးလည်းတခါမှ မထိုးထားဖူးသူတွေဟာ ရေကျောက်ဖြစ်ဖို့ အခွင့်အလမ်းအများဆုံးသူတွေပဲ ဖြစ်ပါကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement