backup og meta

ကလေးကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်နိုင်မည့် နည်းလမ်းကောင်းများ


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်နိုင်မည့် နည်းလမ်းကောင်းများ

    သင့်ကလေး ပုံမှန်နဲ့ မှန်ကန်စွာကြီးထွားဖွံ့ဖြိုးလာဖို့ ကျန်းမာရေးနဲ့အညီစားသောက်ခြင်းအပြင် ကြီးထွားမှုကိုလှုံ့ဆော်ပေးနိုင်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်စေဖို့ လိုပါတယ်။ အောက်မှာဖော်ပြထားတဲ့ဆောင်းပါးဟာ သင့်ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးထားတာဖြစ်ပါတယ်။

    (၁) နွေးထွေးပါ။ ချစ်ခင်ပါ။ တာဝန်ယူတတ်ပါစေ။

    လေ့လာမှုတွေကတော့ မိဘတွေဆီက သို့မဟုတ် ပြုစုစောင့်ရှောက်သူတွေဆီက နွေးထွေးမှုနဲ့ဂရုစိုက်မှုကိုရတဲ့ကလေးတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေ သို့မဟုတ် သက်တူရွယ်တူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးနွေးထွေးကာ ရင်းနှီးလေ့ရှိပါတယ်လို့ဆိုပါတယ်။ သင့်ကလေးကို စကားပြောခြင်း၊ ထိတွေ့ခြင်း၊ပြုံးခြင်းနဲ့ သင်ကသူတို့ကိုချစ်တယ်ဆိုတာကို ပြောပြခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ဖော်ပြလို့ရပါတယ်။ ဒါတွေဟာ လွယ်ကူရိုးရှင်းတဲ့အပြုအမူလေးတွေဖြစ်ပေမယ့် သင့်ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတော့ အံ့သြစရာကောင်းလောက်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။

    (၂) ကလေးတွေကို စာဖတ်ပြပါ။ သီချင်းဆိုပြပါ။

    သင်နဲ့သင့်ကလေးရဲ့ဘဝမှာဘာတွေဖြစ်နေတယ်ဆိုတာကို နေ့စဉ်ပြောဆိုပါ။ အိပ်ရာဝင်ပုံပြင်တွေဖတ်ပြပါ။ ဒါမှမဟုတ် နတ်သမီးပုံပြင်တွေပြောပြပါ။ ဒီလိုအပြုအမူတွေက သင်တို့၂ယောက်ကြားထဲက သံယောဇဉ်ကြိုးကိုပိုပြီးခိုင်မာစေရုံသာမက သင့်ကလေးကို စာလုံးအသစ်တွေကိုသင်ယူတဲ့နေရာမှာ၊ မေးခွန်းဖြေတဲ့နေရာမှာနဲ့ တွေးတောစဉ်းစားတတ်တဲ့နေရာတွေမှာ တိုးတက်စေပါတယ်။

    (၃) ဖန်တီးနိုင်ဖို့ အားပေးပါ။

    အရာရာတိုင်းချက်ချင်းလုပ်တတ်ဖို့ မှန်ကန်တဲ့နည်းလမ်းတွေကို သင်ပေးနေတာမျိုးကို ရှောင်ကြဉ်ပါ။ ပြဿနာတွေကို သူတို့ကိုယ်တိုင် သူတို့ကိုယ်ပိုင်နည်းလမ်းသုံးပြီး ဖြေရှင်းနိုင်ဖို့အားပေးပါ။ ဒါကသူတို့ရဲ့တွေးခေါ်နိုင်မှုစွမ်းရည်ကို လှုံ့ဆော်ပေးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပြဿနာဖြေရှင်းနည်းဟာ အန္တရာယ်မဖြစ်စေနိုင်ဖို့ ကြီးကြပ်ပေးပါ။ ဒါ့အပြင် ပြဿနာတွေကို သူတို့ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့အရည်အသွေးအပြင် ရွှံ့စေးတွေ၊အရောင်တွေ၊မတူညီတဲ့အရာတွေနဲ့ ကစားစေခြင်းအားဖြင့် ဖန်တီးနိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးပါ။

    (၄) ကလေးတွေနဲ့ သဘာဝကို လေ့လာပါ။

    ရာသီတွေပြောင်းလဲတာ၊ ရာသီဥတုဟာ သင့်အိမ်ပတ်ဝန်းကျင်ရဲ့ရှုခင်းတွေကို အံ့သြစရာကောင်းအောင် ပြောင်းလဲသွားစေတာ၊ ပန်းတွေ၊သစ်ပင်တွေနဲ့ တိရစ္ဆာန်လေးတွေရဲ့ ဖြစ်ပျက်ပြောင်းလဲမှုဟာ အရမ်းကိုစိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ကလေးတွေအတွက်ပေါ့။ သဘာဝကိုပိုပြီးနားလည်စေဖို့ ပြင်ပမှာကစားချိန်ပေးပါ။ ပိုကောင်းတာကတော့ မကြာမကြာပျော်ပွဲစားထွက်ပါ။ ပျော်ပွဲစားထွက်ခြင်းဟာ တန်ဖိုးရှိတဲ့အချိန်တွေကို မိသားစုနဲ့ကုန်ဆုံးဖို့အတွက် တကယ်ကောင်းတဲ့နည်းလမ်းပါပဲ။ ဒါက သင့်ကလေးကို သဘာဝနဲ့ပိုပြီးနီးစပ်စေတဲ့အပြင် ရာသီဥတုတွေဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို ပိုပြီးလေ့လာနိုင်တဲ့ အခွင့်အရေးရစေတာပေါ့။

    (၅) ကိုယ်ချင်းစာစိတ် ထားတတ်ဖို့ ရှေ့ဆောင် လမ်းပြလုပ်ပါ။

    သင့်ကလေးငယ်လေးဟာ အလွယ်တကူလွှမ်းမိုးခံရတဲ့အရွယ်ပါ။ ဒါကြောင့်လဲ များသောအားဖြင့် သူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို သူအတုခိုးနေတတ်တာပေါ့။ ဒါဟာ သင့်ကလေးငယ်ကို ကိုယ်ချင်းစာစိတ်ထားတတ်ဖို့ နေ့စဉ်လုပ်နေကျ အပြုအမူတွေကနေ သင်ပေးသင့်တဲ့အချိန်ရောက်လာပါပြီ။ တစ်ယောက်ယောက် ဝမ်းနည်းစိတ်ပျက်နေတဲ့အချိန်တိုင်းမှာ သူတို့ဘာကြောင့်ဝမ်းနည်းတာလဲဆိုတာကိုမေးပြီး အကူအညီပေးလိုက်ခြင်းအားဖြင့် သင်ပေးလိုက်ပါ။ သင့်ကလေးက စာနာစိတ်ဆိုတာ လူတွေကိုပေးလိုက်နိုင်တဲ့ ထူးဆန်းတဲ့အရာတစ်ခုဆိုတာ သင်ယူသွားနိုင်ပြီး သူ့ရဲ့ဘာသာစကားနဲ့ သိမြင်ခံစားမှုစွမ်းရည်တွေလည်း တိုးတက်လာပါလိမ့်မယ်။

    (၆) စာအုပ်တွေအပေါ်စိတ်ဝင်စားမှုကို စောစောမွေးမြူပါ။

    စာအုပ်တွေဟာ သတင်းအချက်အလက်တွေနဲ့ ဗဟုသုတတွေအတွက် စိတ်လှုပ်ရှားစရာကောင်းလှတဲ့ အရင်းအမြစ်တွေပါပဲ။ ဒါ့အပြင် သင့်ကလေးက စာအုပ်ဖတ်တာကို သဘောကျမယ်ဆိုရင်တော့ သူ့အတွက်ကောင်းကျိုးတွေ အများကြီးရနိုင်ပါတယ်။ စာအုပ်တွေအပေါ်စိတ်ဝင်စားမှုကိုမွေးမြူနိုင်ဖို့ အသိပညာပေးစာအုပ်တွေ၊ ဖတ်ရလွယ်ကူတဲ့စာအုပ်တွေကို ရွေးချယ်ဖို့လိုတဲ့အပြင် ဒီစာအုပ်တွေထဲမှာ သူစိတ်ဝင်စားတဲ့အရာတွေပါဖို့လည်းလိုအပ်ပါသေးတယ်။ သင့်ကလေးဟာ စာလုံးတွေကိုမှတ်မိနိုင်ဖို့ သိပ်ကိုငယ်ရွယ်သေးတယ်ဆိုရင် စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာပုံများများပါတဲ့စာအုပ်တွေ၊ သို့မဟုတ် အရောင်တွေနဲ့ ဖောင်းကြွမျက်နှာပြင်တွေပါတဲ့စာအုပ်တွေ ကို ရွေးချယ်ဝယ်ယူပါ။

    သင့်ရဲ့အကူအညီနဲ့ သင့်ကလေးဟာ မှန်မှန်ကန်ကန်နဲ့ ပုံမှန်လေးတိုးတက်ဖွံ့ဖြိုးလာနိုင်ပါတယ်။ ဒီအတောအတွင်းမှာ သင်စိတ်ပူနေရတာတွေနဲ့ မေးခွန်းတွေရှိနေတယ်ဆိုရင် ဆရာဝန်၊ ကလေးအထူးကု သို့မဟုတ် စိတ်ပညာအထူးကု တွေကို ဆက်သွယ်ပြီး အကြံဉာဏ်တောင်း ၊ လမ်းညွှန်မှုခံယူဖို့အတွက် တွန့်ဆုတ်မနေပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement