backup og meta

ကလေးကိုအစားတွေအများကြီးကျွေးမိနေတယ်ဆိုတာကို ဖော်ပြပေးတဲ့အချက် (၅)ချက်


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကိုအစားတွေအများကြီးကျွေးမိနေတယ်ဆိုတာကို ဖော်ပြပေးတဲ့အချက် (၅)ချက်

    ကလေးတွေက ဘာဖြစ်ချင်တယ်ဆိုတာကို မပြောနိုင်ကြပါဘူး။ဖြစ်ချင်တဲ့ဆန္ဒလေးရှိခဲ့ရင်သူတို့လုပ်ပြတတ်တဲ့အပြုအမူလေးတွေနဲ့လုပ်ပြကြတာများပါတယ်။ ဒီတော့ အသစ်စက်စက်မိဘဖြစ်သူတွေအနေနဲ့ရော အတွေ့အကြုံရှိပြီးသားမိဘတွေပါ ကလေးရဲ့ အပြုမူလေးတွေကိုသေချာကြည့်ပြီး ဆန်းစစ်အဖြေထုတ်ကြရပြီပေါ့။ ဒီလိုအချိန်မှာအများဆုံးတွေ့ကြုံရနိုင်တဲ့ပြဿနာက ကလေးနို့ဝရဲ့လား၊ ဗိုက်ပြည့်ရဲ့လားဆိုတာကပါ။ ရှုးရှုးပေါက်တဲ့အခါ၊ အင်းအင်းပါတဲ့အခါ အဝတ်လဲပေးလိုက်လို့ရပေမယ့် ဗိုက်ပြည့်ရဲ့လားဆိုတာက သိဖို့ခက်သားနော်။ ကလေးဗိုက်မဝမှာစိုးတာနဲ့ ကလေးကို လိုအပ်တာထက်ပိုပြီးနို့တွေအများကြီးတိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။

    ကလေးကို အစားအစာ၊နို့အလွန်အကျွံကျွေးမိတိုက်မိခြင်းဆိုတာ

    မိဘတိုင်းကတော့ သားသမီးတိုင်းကိုမွေးစကစစလို့ အရွယ်ရောက်တဲ့အထိ အစစအရာရာပူပန်တတ်ကြတာပါပဲ။ ငယ်စဉ်မှာပိုဆိုးတာပေါ့။ နုနယ်လွန်းတဲ့ကလေး သေးတွေများစိုနေမလား၊ ဗိုက်ရောဝရဲ့လားဆိုပြီး အစစအရာရာကိုပူပန်နေမိရောလေ။ ဒီလိုအခြေအနေမျိုးမှာ ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့အတွက်လိုအပ်တဲ့ အာဟာရပမာဏထက် ပိုမိုပြီးကျွေးမိနိုင်ပါတယ်။ ကလေးအတွက် လိုအပ်တဲ့ပမာဏထက်ပိုကျွေးမိတဲ့အရာတိုင်းက အလွန်အကျွံကျွေးမိတယ်ဆိုတဲ့သဘောသက်ရောက်နေပါတယ်။

    ကလေးကိုလိုအပ်တဲ့ပမာဏထက်ပိုကျွေးမိတဲ့အခါ ဒီလိုလက္ခဏာတွေပြတတ်ပါတယ်

    ၁) ကလေးက ခဏခဏအန်နေမယ်

    ကလေးက နို့သောက်ပြီးတိုင်း အန်နေမယ်ဆိုရင်တော့ ကလေးကို နို့အများကြီးတိုက်မိနေပြီဆိုတဲ့သဘောပါ။ ဒါကြောင့် ကလေးကို နို့တိုက်ရင်လည်း နည်းနည်းချင်းနဲ့ အကြိမ်ရေခပ်များများလေးတိုက်ပေးပါ။ တစ်ခါတည်းနဲ့အများကြီးတိုက်တာမျိုးမလုပ်ပါနဲ့။ ဒါမှ ကလေးက အစာအိမ်အူလမ်းကြောင်းပြဿနာကင်းစင်ပြီး ကျန်းကျန်းမာမာကြီးထွားလာမှာပါ။

    ၂) ကလေးကဂျီကျနေမယ်

    အစားများရင် မအီမသာဖြစ်တဲ့အခါ စိတ်ကသိပ်မကြည်တော့တာကိုယ်တွေ့ကြုံဖူးမှာပါ။ ဗိုက်ထဲက တင်းတင်းကြီးဖြစ်နေတာ၊ ဗိုက်အောင့်သလိုနာသလိုဖြစ်နေတာမျိုးခံစားရပြီးနေရထိုင်ရတာတော်တော်လေးမသက်သာပါဘူး။ ကိုယ်တွေကပြောနိုင်ဆိုနိုင်အရွယ်မို့ ဗိုက်တင်းလိုက်တာ အစာကြေဆေးလေးစားဦးမှဆိုပြီး စိတ်ကြိုက်လုပ်လိုက်လို့ရပါတယ်။ ဘာမှမပြောနိုင်တဲ့ ကလေးတွေအဖို့ကတော့ ဂျီကျနေရုံကတစ်ပါး ကျန်တာကို သိပ်နားမလည်ပါဘူး။ ဒါကြောင့် သတိထားရမှာတစ်ချက်က ကလေးကဂျီကျနေတယ်ဆိုတိုင်း ဗိုက်ဆာနေတာမဟုတ်ပါဘူး။ အရမ်းကိုဗိုက်ပြည့်နေတာလည်းဖြစ်နိုင်ပါတယ်။

    ၃) တစ်နေ့ကိုသေးခံ ၈ ကြိမ်ထက်မနည်းလဲရမယ်

    ကလေးတွေကို လုံလောက်တဲ့နို့ပမာဏတိုက်ကျွေးမိတယ်ဆိုရင် ကလေးက တစ်နေ့ကိုသေးခံ ၄ ကြိမ် ကနေ ၅ ကြိမ်လောက်ပဲလဲပေးဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကလေးကသေးတစွတ်စွတ်ပေါက်နေတာပဲ ခဏနေတစ်ခါ ခဏနေတစ်ခါသေးခံလဲပေးရပြီ၊ အနှီးလဲပေးရပြီဆိုရင် ကိုယ်တိုင်က ကလေးကို လိုအပ်တဲ့ပမာဏထက်နို့တွေပိုတိုက်မိနေပြီဆိုတာကို သတိရလိုက်ပါ။

    ၄) ခဏခဏဝမ်းသွားနေမယ်

    ကလေးတွေကျန်းမာလားဆိုတာကို သူတို့ရဲ့အင်းအင်းတွေကနေတဆင့် သိနိုင်ပါတယ်။ ကလေးကဝမ်း ခပ်စေးစေးတွေသွားနေမယ်၊ အဝါရောင်တွေ၊ စိမ်းညိုညိုအရောင်တွေဖြစ်နေမယ်၊ ဝမ်းကတစ်နေ့ကို ၃ ကြိမ်ထက်မနည်းသွားနေမယ်ဆိုရင်တော့ ကလေးကိုနို့တွေအများကြီးတိုက်မိပြီဆိုတဲ့လက္ခဏာပါ။

    ၅) ကလေးကတော်တော်နဲ့မအိပ်ဘူးဖြစ်နေမယ်၊ ခဏခဏနိုးနေမယ်

    အိပ်ခါနီးရေအများကြီးသောက်မိရင် အိပ်ရေးပျက်လာက်အောင် ဆီးခဏခဏထသွားရတော့တာပဲနော်။ လူကြီးရော ကလေးရော ခန္ဓါကိုယ်ရဲ့ဖြစ်စဉ်ချင်းက အတူတူပဲဆိုတော့ ကလေးတွေလည်း နို့တွေအများကြီးသောက်မိမယ်ဆိုရင် အိပ်တဲ့အခါ ဆီးခဏခဏသွားရတာကြောင့်ကောင်းကောင်းအိပ်မပျော်သလို ဗိုက်ထဲမှာ အရည်ဓါတ်အရမ်းများနေတာကြောင့်တော်တော်နဲ့အိပ်မပျော်တာမျိုးလည်းတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ကလေးကကောင်းကောင်းမအိပ်တာ၊ ခဏခဏနိုးနေတာမျိုးဖြစ်မယ်ဆိုရင် ကလေးက အစားတွေအလွန်အကျွံစားမိထားပြီဆိုတဲ့လက္ခဏာပါ။

    ဒါကြောင့်ကလေးကို နို့တိုက်တဲ့အခါဖြစ်ဖြစ် အစားအစာတစ်ခုခုကျွေးတဲ့အခါမှာပဲဖြစ်ဖြစ် သူတို့စားနိုင်သလောက်ပဲကျွေးပါ။ ဆာနေမယ်ဆိုတဲ့စိုးရိမ်စိတ် မဝဘဲနေမယ်ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အလွန်အကျွံမလုပ်မိပါစေနဲ့။ ကလေးကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများတိုက်ပေးပါ။ ဒါမှာ လိုအပ်တဲ့အာဟာရဓါတ်တွေ ပြည့်ပြည့်ဝဝရရှိပြီး ကျန်းမာကြီးထွားဖွံ့ဖြိုးတဲ့ ကလေးအဖြစ်အရွယ်ရောက်ကြီးပြင်းလာမှာပါ။

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement