backup og meta

ကလေးမှာ အဖြစ်များတဲ့ရောဂါ တွေကို အိမ်တွင်ပြုစုကုသပေးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမှာ အဖြစ်များတဲ့ရောဂါ တွေကို အိမ်တွင်ပြုစုကုသပေးခြင်း

    ခုလို ကာလမှာ ဆေးရုံ၊ ဆေးခန်းသွားဖို့ဆိုတာ ခက်ခဲပါတယ်။ ရောဂါကူးစက်မှာ စိုးလို့ ဆေးရုံကို မဖြစ်မနေလိုမှ လာဖို့ ဆရာဝန်တွေကလည်း အကြံပြုထားပါတယ်။ ဒါပေမယ့် ရောဂါဆိုတာ ကိုဗစ်ဖြစ်နေလို့ ရှောင်နေမှာမှ မဟုတ်တာ။ ကိုဗစ်ကလည်း ကိုဗစ်၊ တခြားရောဂါတွေကလည်း ဒီတိုင်း ဆက်ဖြစ်နေဦးမှာပဲ။ ဒါကြောင့် မေမေတို့က ကလေးတွေမှာ အဖြစ်များတဲ့ရောဂါ တွေကို သိထားသင့်ပါတယ်။

    ဒီတော့ ဘယ်လို အချိန်မှာ ဆေးရုံသွားသင့်လဲ။ ဘယ်လိုသာမန်ရောဂါတွေကိုတော့ အိမ်မှာပဲ ဘယ်လိုနည်းလမ်းနဲ့ ပြုစုကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    ကလေးမှာ အဖြစ်များတဲ့ရောဂါ တွေကို အိမ်တွင်ပြုစုကုသပေးခြင်း

    မွေးကင်းစ ကလေး

    မွေးကင်းစကလေးတွေကို မကိုင်ခင်မှာ ရေနဲ့ဆပ်ပြာ သုံးပြီး လက်အရင်ဆေးပါ။ သူတို့လေးတွေမှာ အဖြစ်များတဲ့ ပြဿနာတွေကတော့

    • မျက်ဝတ်ထွက်တာ

    မွေးစကလေးတွေက မျက်ဝတ် ထွက်တတ်တာ သဘာဝပါ။ သန့်ရှင်းတဲ့ အတတ်စကို ရေသန့်လေး စွတ်ပြီး ဖြည်းဖြည်းချင်း ဖယ်ပေးလို့ရပါတယ်။

    • မျက်စိရောင်ရမ်းပြီး ပြည်ထွက်တာ

    သန့်ရှင်းတဲ့ အဝတ်စကို ရေစွတ်ပြီး အသာအယာ ဖယ်ထုတ်ပါ။ ပြီးတာနဲ့ ဆေးရုံ၊ ဆေးခန်းသွားပါ။

    • ချက်စိုတာ

    ချက်က ပုံမှန်ဆိုရင် တစ်ပတ်လောက်နေရင် သူ့အလိုလို ခြောက်ပြီး ကြွေသွားပါမယ်။ ကလေးကို သန့်သန့်ရှင်းရှင်းထားပါ။ ဘာမှ ထည့်စရာ မလိုပါ။ သနပ်ခါး၊ ဆေးတို့ဖတ်၊ မီးသွေးမှုန့် ဘာမှမထည့်ရပါ။ ထည့်လိုက်မှ ပိုးဝင်ပြီး ကလေးဒုက္ခရောက်တတ်ပါတယ်။ ကလေးချက်ထဲကို အမှုန့်တွေ သိပ်ထည့်လို့ မေးခိုင်ပိုးဝင်ပြီး မချိမဆန့် ဆုံးပါးသွားတာတွေ အများကြီး ရှိလို့ပါ။

  • ချက်ပတ်လည် ပြည်ထွက်ခြင်း ဒါမှမဟုတ် နီခြင်း
  • သန့်ရှင်းတဲ့ ဂွမ်း ဒါမှမဟုတ် ပေါင်းထားတဲ့ ဂွမ်းကို အရက်ပြန်စွတ်ပြီး ပြည်တွေကို ဖယ်ပစ်ပါ။ ခြောက်အောင်ထားပါ။ ပြီးတာနဲ့ ဆေးရုံ၊ ဆေးခန်း အမြန်ဆုံး သွားပြပါ။

    သန့်ရှင်းတဲ့ ဂွမ်း ဒါမှမဟုတ် ပေါင်းထားတဲ့ ဂွမ်းကို အရက်ပြန်စွတ်ပြီး ပြည်ဖုတွေ အပေါ် ဖြည်းဖြည်း ဖိထားပါ။ ဆေးရုံ၊ ဆေးခန်း အမြန်ဆုံး ပြဖို့ လိုပါတယ်။

    မိခင်နို့ပဲ တိုက်ပေးပါ။ နို့တိုက်ရခက်ရင် ခွက်ထဲ ညှစ်ပြီး ဇွန်းနဲ့ တိုက်ပေးပါ။ နို့စို့နည်းတယ်၊ မှိန်းတယ်ဆိုရင် ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားပါ။

    • ဖျားခြင်း

    မိခင်နို့ပဲ တိုက်ပေးပါ။ ကိုယ်ပူကြီးရင် ရေပတ်တိုက်ပါ။ (ရေခဲရေ မသုံးရပါ။) နွေးနွေးထွေးထွေးထားပါ။ အနှီးကို ခပ်ကြပ်ကြပ် မထုပ်ပါနဲ့။ ချောင်ချောင်ချိချိ ထားပါ။

    ကလေးမှာ အဖြစ်များတဲ့ရောဂါ တွေကို အိမ်တွင်ပြုစုကုသပေးခြင်း

    ၅နှစ်အောက် ကလေးများမှာ အဖြစ်များတဲ့ရောဂါ တွေကို အိမ်တွင်ပြုစုနည်း

    အမြဲလိုက်နာရန် အချက်များ

    • နေမကောင်းဖြစ်နေတဲ့ ကလေးကို အစာလျှော့ကျွေးတာ၊ မကျွေးတာမျိုး မလုပ်ရပါဘူး။ ကလေးက မစားဘူးဆိုရင်တောင် ချော့ကျွေးပါ။ နည်းနည်းနဲ့ ခဏခဏ ကျွေးပါ။
    • နို့စို့ကလေးဆို နို့ဆက်တိုက်ပါ။ တခြားကလေးတွေဆို အရည်ပိုတိုက်ပါ။
    • နာလန်ထတဲ့ အချိန်မှာလည်း  ၂ပတ်လောက်ထိ အနည်းဆုံး ကျွေးနေကြထက် တစ်ကြိမ်ပိုကျွေးပါ။

    အအေးမိ ချောင်းဆိုးသောကလေး

    • အမြဲလိုက်နာရန် အချက်တွေကို လိုက်နာပါ။
    • နှာခေါင်းပိတ်လို့ ကလေး နို့စို့ရ၊ အစာစားရခက်ရင် အဝတ်စ သန့်သန့်ကို အဖျားကျစ်ပြီး နှာခေါင်းကို သန့်ရှင်းရေး လုပ်ပေးပါ။
    • အိပ်ဆေးပါတဲ့၊ မူးယစ်ဆေးပါတဲ့ ချောင်းဆိုးပျောက်ဆေးတွေ မတိုက်ပါနဲ့။

    ဖျားနေတဲ့ကလေး

    • အမြဲလိုက်နာရန် အချက်တွေကို လိုက်နာပါ။
    • ကိုယ်ပူချိန်များရင် ရေပတ်တိုက်ပေးပါ။ ရေခဲရေ မသုံးပါနဲ့။ ဒါမှမဟုတ် ရေမြန်မြန်ချိုးပေးလို့ ရပါတယ်။
    • အဝတ်ပါးပါး ဝတ်ပေးပါ။
    • လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ထားပါ။
    • မက်ကလောင် မဖောက်ပါနဲ့။
    • ဘယ်ရာသီဖြစ်ဖြစ် အဖျား ၃ရက်ကျော်တိုင်း သွေးလွန်တုပ်ကွေးသံသယ ရှိပါ။ ခြေဖျား လက်ဖျား အေးနေရင်၊ အဖျားကျပြီး မလန်းရင် ဆေးရုံ အမြန်သွားပါ။
    • ပါရာစီတမောကို ကလေး အသက် ဒါမှမဟုတ် ကိုယ်အလေးချိန်အလိုက် နည်းစနစ်မှန်မှန် တိုက်နိုင်ပါတယ်။

    ဝမ်းလျှောနေတဲ့ကလေး

    • အမြဲလိုက်နာရန် အချက်တွေကို လိုက်နာပါ။
    • ခါတိုင်းထက် အရည်ပိုတိုက်ပါ။ ဓာတ်ဆားရည်၊ ထမင်းရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ လတ်ဆတ်သော သစ်သီး ဖျော်ရည်၊ ရေနွေးကြမ်း၊ ရေကျက်အေး၊ အုန်းစိမ်းရည် စသဖြင့် တိုက်နိုင်ပါတယ်။
    • ကလေးသောက်နိုင်သမျှ ဝမ်းရပ်သွားတဲ့ အထိ တိုက်နိုင်ပါတယ်။
    • ၆လအောက် ကလေး မိခင်နို့ ဆက်တိုက်ပါ။ မိခင်နို့မတိုက်တဲ့ ကလေးဆိုရင် တိုက်နေကြနို့ တိုက်ပါ။
    • ၆လအထက်ကလေး ဖြည့်စွက်စာစားနေပြီဆိုရင် ထမင်းပျော့ပျော့ ကျွေးပါ။ အစားအစာကို နူးနပ်အောင် ချက်ကျွေးပါ။ အသား၊ ငါး၊ ပဲ၊ ဥ၊ အသီးအရွက် မျှတအောင် ကျွေးပါ။ ထမင်းတစ်ခါကျွေးတိုင်း ဆီလက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ပါအောင် ကျွေးပါ။ သွားရည်စာ အပါအဝင် တစ်နေ့ ၆ကြိမ်ကျွေးပါ။
    • ဝမ်းရပ်သွားပေမယ့် ၂ပတ်လောက်အထိ စားနေကြထက် တစ်ကြိမ် ပိုကျွေးပါ။
    • ဓာတ်ဆားရည်တိုက်မယ်ဆိုရင် မဖျော်ခင် လက်ကို သန့်အောင် ဆေးပါ။ အညွှန်းအတိုင်း ရေနဲ့ ဓာတ်ဆား အချိုးကျဖျော်ပါ။ ဓာတ်ဆားကို တစ်ဝက်ခွဲမဖျော်ရပါ။ ၂၄နာရီအတွင်း တိုက်ပါ။ ကျော်သွားရင် လွှင့်ပစ်ပြီး အသစ်ပြန်ဖျော်ပါ။
    • ကလေးအသက်အရွယ်အလိုက် တိုက်ရမယ့် ဇင့်ဆာလ်ဖိတ်ဆေးပြားကို ၁၀ရက်ကနေ ၁၄ရက်အထိ ဆက်တိုက်ပါ။
    • ကလေး ငယ်ထိပ်ချိုင့်နေရင်၊ မျက်တွင်းချိုင့်နေရင်၊ အစားမဝင်ရင်၊ နုံးနေရင်၊ ခြေထောက်ပျော့နေရင် ဆေးရုံ အမြန်သွားပါ။

    ဒီလောက်ဆို မေမေတွေ ဘယ်အခြေအနေထိ အိမ်မှာ ပြုစုပြီး ဘယ်အခြေအနေတွေကျရင် ဆေးရုံ၊ ဆေးခန်း သွားဖို့လိုလည်းဆိုတာ သိလောက်ပါပြီ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement