backup og meta

ကလေးဝက်ခြံ ကို ဘယ်လိုဂရုစိုက်ပေးရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဝက်ခြံ ကို ဘယ်လိုဂရုစိုက်ပေးရမလဲ

    ကလေးဝက်ခြံ ဆိုတာမွေးကင်းစ ရက်သားအရွယ်ကနေ လသားအရွယ်အတွင်းမှာဖြစ်လေ့ရှိတဲ့အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။ ကလေးဝက်ခြံကဖြစ်တတ်တဲ့သဘာဝတစ်ခုဖြစ်သလိုပျောက်ကင်းဖို့မြန်တာကြောင့် ကုသနည်းဆိုပြီးအထူးတလည်မလိုအပ်ပါဘူးလို့ ကလေးအထူးကုဆရာဝန်တွေကပြောကြပါတယ်။ ဒါပေမယ့် ကလေးရဲ့မျက်နှာအသားအရေက အရေးကြီးတာကြောင့်ပေါ့ဆဖို့လည်း မသင့်ပါဘူး။

    ဝက်ခြံက ပါးမှာအဖြစ်များပေမယ့် နဖူး၊မေးစေ့နဲ့ကျောမှာလည်းဖြစ်လေ့ရှိပါတယ်။ ကလေးက ပူအိုက်လာတဲ့အခါ ပိုသိသာလာတတ်ပြီး ကလေးရဲ့သွားရည်ကြောင့်ပိုဆိုးလာတတ်ပါတယ်။ နို့ရည်ပေသွားတဲ့အခါ ဒါမှမဟုတ် အဝတ်အထည်ကကြမ်းတာ၊ ဆပ်ပြာအပြင်းစားနဲ့လျှော်ထားတာမျိုးဆိုရင်လည်း အရေပြားမှာ လက္ခဏာပိုဆိုးစေနိုင်ပါတယ်။

    ကလေးဝက်ခြံက လအတော်ကြာတဲ့အခါသူ့အလိုလိုပျောက်သွားလေ့ရှိတာကြောင့်ဆေးကုသစရာမလိုပေမယ့် ပုံမှန်ထက်ပိုတာရှည်နေပြီဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့ ဆေးတွေ ကိုယ့်သဘောနဲ့ကိုယ် အလွယ်ဝယ်မသုံးပါနဲ့။ ကလေးရဲ့အရေပြားနုနုလေးကို ထိခိုက်မှုကြီးမားစေနိုင်လို့ပါ။

    ကလေးဝက်ခြံ ဖြစ်လာရင် ကလေးရဲ့အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာတော့ သိထားသင့်ပါတယ်။ ဒါမှဆေးကုစရာ၊ ဆရာဝန်ပြစရာမလိုဘဲ အိမ်မှာပဲ အလိုလိုပျောက်ကင်းသွားမှာပါ။

    ကလေးရဲ့မျက်နှာကို သန့်ရှင်းအောင်ထားပါ

    ကလေးဆပ်ပြာအပျော့စား၊ ရေနွေးနွေးလေးနဲ့နေ့တိုင်းမျက်နှာသစ်ပေးပါ။ တစ်နေ့တစ်ကြိမ်ထက်တော့ ပိုမသစ်ပါနဲ့။ မျက်နှာသစ်တာများလွန်းရင် အခြေအနေပိုဆိုးစေနိုင်ပြီး အဆီဂလင်းတွေ ပိုအလုပ်လုပ်ကာ ဝက်ခြံပိုဖြစ်စေနိုင်လို့ပါ။

    မျက်နှာကို ညင်ညင်သာသာရေသုတ်ပါ

    ကလေးရဲ့အရေပြားကိုခြောက်သွေ့အောင် အဝတ်နုနုနဲ့တို့သုတ်ပါ။ မပွတ်သုတ်မိဖို့ သတိထားပါ။

    ဝက်ခြံကို မဆိတ်ဆွပါနဲ့၊မပွတ်တိုက်ပါနဲ့

    ဒီလိုလုပ်ရင် အခြေအနေပိုဆိုးစေနိုင်တဲ့အပြင်ရောဂါပိုးပါဝင်စေနိုင်ပါတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့မှ ကလေးရဲ့ဝက်ခြံဖုလေးတွေကို ညှစ်ပစ်ဖို့မကြိုးစားပါနဲ့။ အထောက်အကူမဖြစ်စေတဲ့အပြင် ထိခိုက်စေနိုင်မှာကသေချာနေလို့ပါ။

    လိုးရှင်းတွေ၊ အဆီတွေ မလိမ်းပေးပါနဲ့

    ကလေးရဲ့မျက်နှာကို အဆီများတဲ့ လိုးရှင်းတွေလူးမပေးပါနဲ့။ မျက်နှာကို အထူးသဖြင့် ဝက်ခြံတွေရှိတဲ့ဧရိယာတွေမှာ ဘာလိုးရှင်းမှမလိမ်းပေးပါနဲ့။ ပိုဆိုးစေနိုင်ပါတယ်။

    ဘယ်ဆေးမှ အလွယ်ဝယ်မသုံးပါနဲ့

    ကလေးအရေပြားအတွက်ကို ဆေးဆိုင်ကနေ အလွယ်တကူဝယ်မသုံးပါနဲ့။ လူကြီးတွေအတွက်ထုတ်လုပ်ထားတဲ့ ဝက်ခြံပျောက်ဆေးတွေ ဝယ်မလိမ်းပါနဲ့။ လူကြီးဝက်ခြံအတွက်ဆေးတွေက ကလေးရဲ့နုနယ်တဲ့အရေပြားအတွက် အရမ်းပြင်းနေပါလိမ့်မယ်။

    စိတ်ရှည်ပါ

    ကလေးတွေမှာဖြစ်တဲ့ဝက်ခြံက ရက်သီတင်းပတ်အနည်းငယ်ကနေ လပိုင်းအတွင်း အထူးတလည်ဆေးကုသစရာမလိုဘဲပျောက်ကင်းသွားလေ့ရှိပါတယ်။ ကြည့်ရတာ ဝက်ခြံများနေတယ်ဆိုရင်တောင်မှ ကလေးကို ထိခိုက်နာကျင်စေတာ၊နေရခက်စေတာမျိုးကဖြစ်ခဲပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ စိတ်မလောပါနဲ့။ အပေါ်ကအချက်လေးတွေအတိုင်း လိုက်နာရင်းနဲ့ စိတ်ရှည်ရှည်ဂရုစိုက်ပေးရုံနဲ့ သက်သာမှာပါ။ တကယ်လို့ ကလေးမှာ နာကျင်တဲ့လက္ခဏာတွေ့လာရတယ်ဆိုရင်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူပါ။

    Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement