backup og meta

ကလေးလေးတွေ ဘာကြောင့် ငို တာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးလေးတွေ ဘာကြောင့် ငို တာလဲ

    ကလေးတစ်ယောက်ရဲ့ အူဝဲ အူဝဲဆိုတာ အမေ့ဝမ်းက ကျွတ်ကျွတ်ခြင်းမှာပဲ နားထောင်လို့ ကောင်းတာပါ။ နောက်ပိုင်းအချိန်တွေဆိုရင်တော့ မေမေတို့ ဖေဖေတို့ မျက်ခုံးလှုပ်လာပါပြီ။ ငို တယ်ဆိုတာ ကလေးတွေရဲ့ ဘာသာစကားပါပဲ။ သူတို့လိုချင်တာ ဖြစ်ချင်တာကို ငို ပြီး ဖော်ပြတတ်ပါတယ်။ ဒါကို ဖေဖေတို့ မေမေတို့ နားလည်ထားဖို့ လိုပါတယ်။

    ဥပမာ ပြောရရင် ဗိုက်ဆာရင် ငိုတဲ့အသံက တအိအိနဲ့ ငိုတာပါ။ အကောင် တစ်ကောင်ကောင် ကိုက်လိုက်လို့၊ နေမကောင်းလို့ ဆိုရင်တော့ ရုတ်တရက် စူးခနဲ အော်ငိုတတ်ပါတယ်။ နောက်ပိုင်း ထိန်းရင်းနဲ့ ကိုယ့်ကလေးရဲ့ အထာကို သိလာမှာပါ။ အစပိုင်းမှာတော့ ကလေးငိုရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေဦးမှာပါပဲ။

    ကလေးငိုတာကို တုံ့ပြန်တဲ့ မိဘ နှစ်မျိုး ရှိပါတယ်။ တစ်ယောက်က ကလေးက အင့်ခနဲဆိုတာနဲ့ ပြေးချီပြီးသား မိဘပါ။ နောက်တစ်ယောက်က ကလေး ဘယ်လောက်ငိုငို မချီတဲ့ မိဘပါ။ လက်ကြိုက်သွားမှာ စိုးလို့ပါတဲ့။ ဒီနှစ်ယောက်လုံးက အစွန်းနှစ်ဖက်ကို ရောက်နေတာပါ။ တကယ်တော့ ကလေး ဘာကြောင့် ငိုလဲဆိုတာကို ရှာနိုင်ရင် ကလေးလည်း အငိုတိတ် မေမေလည်း မပင်ပန်းတော့ပါဘူး။ ကလေးငိုရတဲ့ အကြောင်းရင်း များများစားစား မရှိပါဘူး။ ဒါတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ကြည့်ရအောင်။

    ကလေး ငို ရတဲ့ အကြောင်းအရင်း

    ကလေးငိုပြီဆိုရင် အရင်ဆုံး အရေးကြီးတဲ့ အကြောင်းရင်းကို အရင်ရှာပါ။ ကလေးက နေမကောင်း ဖြစ်နေလား။ ကိုယ်ပူနေတာလား။ အကောင်တစ်ကောင်ကောင် ကိုက်သွားတာလား စသဖြင့်ပေါ့။ အကောင်ကိုက်တယ်လို့ ယူဆရင် အနှီးထုပ်ကို ဖြည်ပြီး ကြားတွေ ကြားတွေမှာ သေချာ လိုက်ရှာပါ။ အကောင်ကိုက်သွားတဲ့ အဖုအပိမ့် ရှိသလားဆိုတာလည်း ရှာပါ။ ကလေးက အကောင်းကြီးကနေ ရုတ်တရက် စူးခနဲငိုတဲ့အခါ ပိုပြီး ဂရုစိုက်သင့်ပါတယ်။

    တခြား အကြောင်းရင်းတွေကတော့

    • ဗိုက်ဆာလို့ – မွေးစကလေးတွေက နာရီခြားလောက် ဗိုက်ဆာတတ်ကြပါတယ်။ ငိုတယ်ဆိုတာ သူတော်တော်ဆာနေလို့ပါ။ သင်က သူဗိုက်ဆာတဲ့ သင်္ကေတတွေ ဖြစ်တဲ့ လက်စုပ်တာ၊ နှုတ်ခမ်းသပ်တာတွေကို သတိမထားမိလိုက်လို့ပါ။
    • တစ်ခုခုကို စုပ်ချင်တာ – ပါးစပ်ထဲမှာ တစ်ခုခုကို စုပ်နေတာက သူတို့အတွက် သက်သောင့်သက်သာ ဖြစ်စေပါတယ်။ လက်စုပ်တာဖြစ်ဖြစ်၊ ချိုလိမ်စုပ်တာဖြစ်ဖြစ် ပေးလုပ်လိုက်ပါ။ ဘာမှမရှိရင် နို့တိုက်လိုက်ပါ။
    • အထီးကျန်လို့ပါ – ကလေးက တစ်ခါတစ်လေ သူ့ကို ဘယ်သူမှ လာမချီရင်လည်း ငိုတတ်ပါသေးတယ်။ ဗိုက်ပေါ်တင်ပြီး ကျောလေးသပ်ပေးလိုက်ရင် အငိုတိတ်သွားပြန်ရော။
    • အိပ်ချင်လို့ – ကလေးတွေက တစ်နေ့ကို ၁၆နာရီလောက် အိပ်ပါတယ်။ အိပ်ရေးမဝရင်လည်း ဂျီကျတတ်ပါတယ်။
    • ရှူးရှူးပေါက် အီးအီးပါထားတာ – အနှီးတွေ ဒိုင်ပါတွေ စိုနေလည်း သူတို့မနေတတ်ပါဘူး။ ကလေးငိုပြီဆိုရင် အနှီးတို့ ဒိုင်ပါတို့ကို ပြေးစမ်းတတ်ပါစေ။
    • လှုပ်နေချင်လို့ – တချို့ကလေးတွေဆို လမ်းလျှောက်နေမှ အငိုတိတ်တာပါ။ ရပ်သွားရင် အော်နေရော။ ဒါကြောင့် သူတို့ကို ချီပြီး လမ်းလျှောက်တာ၊ ပုခက်ထဲထည့်လွှဲတာ လုပ်ပေးလိုက်ပါ။
    • ပွေ့ဖက်ခံလို့တာ – တစ်ခါတစ်လေ ဘာမှမဟုတ်ဘူး။ လာပွေ့လိုက်တာနဲ့ အငိုတိတ်သွားတာမျိုးလည်း ရှိပါတယ်။ တစ်ယောက်ယောက် သူတို့ကို ပွေ့ပိုက်ထားရင် စိတ်လုံခြုံမှု ရလို့ပါ။
    • ပူလွန်းအေးလွန်းတာ – ကလေးကို ထုပ်ထားတဲ့ အဝတ်တွေ များနေလို့ ပူတာဖြစ်ဖြစ်၊ နည်းနေလို့ အေးတာ ဖြစ်ဖြစ် ငိုတတ်ပါတယ်။
    • ဆူညံသံ – သူ့နားမှာ ဆူဆူညံညံ လုပ်တာ၊ မီးတွေ အများကြီး ဖွင့်ထားရင်လည်း ငိုနိုင်ပါတယ်။

    ကလေးလေးတွေ ဘာကြောင့် ငို တာလဲ

    ငို နေတဲ့ကလေးကို ဘယ်လို ကိုင်တွယ်မလဲ။

    ကလေးက ငိုတယ်လို့သာပြောတာ မျက်ရည်မထွက်ဘဲ အော်နေတာက များပါတယ်။ ငိုပြီဆိုရင် ခုနကပြောတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို အရင်ရှာပါ။ ကလေးက အားလုံးကောင်းတယ်။ ငိုပဲ ငိုနေတာဆိုရင် ဖြည်းဖြည်းချော့လို့ရပါတယ်။ ကလေးကို အငိုတိတ်အောင် အတင်းလုပ်စရာ မလိုပါဘူး။ ငိုလွန်းလို့ တက်မတတ် ချက်မတတ်ဖြစ်သွားတယ်ဆိုတာ လက်တွေ့မှာ ခပ်ရှားရှားပါ။

    • တိုးတိုးလေး ပြောပေးပါ။ သူ့နားနားကပ်ပြီး ” ကလေးရေ တိတ်ပါတော့” စသဖြင့် တိုးတိုးလေး ကပ်ပြောပေးပါ။ သူနားမလည်လည်း သူ့ကို ချော့နေတာကို ခံစားမိတဲ့အတွက် ခဏနေရင် အငိုတိတ်သွားပါတယ်။ နောက်ပြီး monotoneအသံတွေကလည်း ကလေးကို အငိုတိတ်စေပါတယ်။ ဥပမာ ပန်ကာလည်တဲ့အသံ၊ ဖုန်စုပ်စက်က အသံ (အသံမကျယ်အောင်လို့ တခြားအခန်းမှ သွားဖွင့်ထားပါ။)
    • အပြင်ခေါ်သွားပါ။ ရာသီဥတုလည်း ကောင်းတယ်ဆို ကလေးခေါ်ပြီး ကားပတ်မောင်းတာဖြစ်ဖြစ်၊ လမ်းထွက်လျှောက်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်။
    • ဒေါသမထွက်ပါနဲ့။ ကလေးဆိုတာ ငိုတတ်တဲ့ အမျိုးကြီးပဲ။ ကလေးငိုလို့ စိတ်ရှုပ်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ကလေးကို ဒေါသတကြီး မတုံ့ပြန်ပါနဲ့။ ကလေးကို လှုပ်ခါတာမျိုး မလုပ်မိပါစေနဲ့။ Shaken baby syndromeဖြစ်ပြီး ကလေး ဦးနှောက်ပျက်စီးတတ်ပါတယ်။
    •  ခဏနားပါ။ ဆက်တိုက်ချော့လို့မှ ကလေးက ငိုနေတုန်းပဲ။ လူပိုလည်း မရှိတော့ ချော့ရတာ ပင်ပန်းလာပြီဆို ကလေးကို ပုခက်ထဲခဏထည့်ထားပြီး အမောဖြေပါ။ အမောပြေမှ ဆက်ချော့ပါ။
    • ကလေးက တစ်ခါတစ်လေ အကြောင်းရင်း မရှိလည်း ငိုနေတတ်ပါတယ်။ ဒီလောက်ချော့နေတာ ဘာလို့များ အငိုမတိတ်ရတာလည်း ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ကလေးကိုလည်း မမည်းပါနဲ့။
    • အကူအညီတောင်းပါ။ ကလေးချော့ရတာ ပင်ပန်းလာရင် လက်ပြောင်းပါ။ အမျိုးသားဖြစ်ဖြစ် ကလေးထိန်းကို ဖြစ်ဖြစ် တစ်လှည့်ချော့ခိုင်းပါ။
    • ကလေးမှာ တခြား စိုးရိမ်ရတဲ့ပုံလည်း မရှိဘူး။ သင်လည်း ချော့လို့ရတဲ့ နည်းတွေ ကုန်ပြီ။ ဒါတောင် ဆက်ငိုနေတုန်းပဲဆိုရင် လွှဝ်ထားလိုက်ပါတော့။ စိတ်ချရတဲ့ နေရာမှာ ချထားပြီး သူ့ကို စောင့်ကြည့်နေလိုက်ပါ။
    • တစ်ခါတစ်လေ ကလေးက ရက်စိပ်စိပ်နဲ့ အချိန်မှန်မှန်ငိုတတ်ပါတယ်။ သင့်ကလေးက အသက် ၃လအောက် ဖြစ်မယ်။ တစ်ခါငိုရင် ၂နာရီ ၃နာရီလောက်ကြာပြီး တစ်ပတ်ကို  ၂ရက် ၃ရက်လောက် ငိုမယ်။ အဲ့လိုငိုတာ ၃ပတ်လောက် ရှိပြီဆိုရင် ကလေးလေနာထတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး အကြံဉာဏ်တောင်းခံပါ။

    ကလေးလေးတွေ ဘာကြောင့် ငို တာလဲ

    ကလေးငိုတာကြောင့် မေမေစိတ်မညစ်ပါနဲ့

    ကလေးငိုတာ သဘာဝပါပဲ။ များသောအားဖြင့် ကလေး ၂လလောက်ဆိုရင် အရင်ကလောက် မငိုတော့ပါဘူး။ အဲ့ဒီအချိန်ဆို မေမေကလည်း ကလေးအကြောင်း သိနေပြီမို့လို့ သူဘယ်လိုငိုရင် ဘာဆိုတာ သိနေပါပြီ။ ကလေးငိုတိုင်း မေမေစိတ်ညစ်စရာ မလိုပါဘူး။ ဒါ တစ်ရက် နှစ်ရက် ကိစ္စမှာမဟုတ်တာ။ ရေရှည်မှာ မေမေလည်း သက်သောင့်သက်သာနဲ့ ကလေးချော့နိုင်မယ့် နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement