backup og meta

ကလေးတွေကို ရိုက်လိုက်တဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို ရိုက်လိုက်တဲ့အခါ

    မိဘဖြစ်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ မဖြစ်မနေ ရင်ဆိုင်ရမှာကတော့ ကိုယ့်ကလေးကို စည်းကမ်းတကျဘယ်လိုပြုစုပျိူးထောင်မလဲဆိုတာပါပဲ။မိဘတွေဟာ ရိုက်နှက်ဆိုဆုံးမခြင်းဆိုတဲ့အလေ့ကို ရာစုနှစ်ပေါင်းများစွာကြာအောင် ကျင့်သုံးခဲ့ကြပါတယ်။ ဒါပေမယ့် စနစ်တကျ ခိုင်ခိုင်မာမာလုပ်ထားတဲ့ သုတေသနပေါင်းမြောက်မြားစွာရဲ့ အဖြေကတော့ ရိုက်နှက်ခြင်းဟာ အရိုက်ခံရသူ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ဆိုးဆိုးဝါးဝါးထိခိုက်စေပြီး ကောင်းကျိူးထက်ဆိုးကျိူးကသာ အဆမတန်ပိုများစေတယ်ဆိုတာပါပဲ။

    မိဘတွေက ဘာကြောင့်ကလေးတွေကို ရိုက်တာလဲ အကြောင်းအရင်းအမျိူးမျိူးရှိနိုင်ပေမယ့် အဖြစ်အများဆုံးက မိဘတွေဟာ အတွေ့အကြုံနုနယ်သေးတဲ့ ကလေးကို ပြုပြင်ပေးဖို့ကြိုးစားပေးရင်း မောပန်းစိတ်ပျက်လာတဲ့အခါ နောက်ဆုံးအနေနဲ့ ရိုက်နှက်တဲ့နည်းပဲကျန်တော့တယ်လို့ ယူဆပြီး သူတို့ကလေးကို ပထမဆုံးအနေနဲ့ရိုက်မိပါတယ်။ ဒါပေမယ့် ဒီမှာတင်မရပ်ပါဘူး။ ဒါဟာ နောက်ပိုင်းမှာ မိဘတွေအတွက်အကျင့်ဖြစ်သွားပြီး ကလေးတစ်ခုခုအမှားလုပ်မိတာနဲ့ တခြားနည်းမသုံးတော့ပဲ ခွန်အားသုံးရိုက်နှက်ခြင်းကိုပဲ အလွယ်တကူလုပ်လာပါတော့တယ်။ တချို့သောမိဘတွေကတော့ သူတို့ရဲ့ဒေါသနဲ့ အကြောက်တရားကို ဖြေဖျောက်ဖို့အတွက် ရိုက်နှက်တတ်ကြပြီး ဒါဟာ နောက်ပိုင်းမှာပုံမှန်လုပ်နေကျအကျင့်တစ်ခုဖြစ်လာပါတော့တယ်။

    ရိုက်နှက်ခြင်းရဲ့နောက်ဆက်တွဲတွေ

    ကလေးတစ်ယောက်ကိုရိုက်လိုက်တာဟာ ဘာကောင်းကျိူးမှရှိမလာဘဲ ဆိုးကျိုးသာကြုံရနိုင်တယ်ဆိုတာ အောက်ဖော်ပြပါ အချက်တွေက သက်သေခံပါလိမ့်မယ်။

    (၁) ရိုက်နှက်ခြင်းဟာ ရိုက်နှက်ခြင်းကိုပဲ တစ်ဖန်ပြန်လည်မွေးဖွားတယ်

    တကယ်လို့ သင်က သင့်ကလေးကို positive discipline လို့ခေါ်တဲ့ ကျိူးကြောင်းနားလည်အောင်ရှင်းပြလမ်းညွှန်တာမျိူးမလုပ်ဘဲ ရိုက်ပြီးဆုံးမတာကိုရွေးခဲ့မယ်ဆိုရင် သင့်ကလေးကိုလဲ ပြဿနာတစ်စုံတစ်ရာကြုံတာနဲ့ တစ်ပါးသူကိုရိုက်နှက်ပြီးပဲ ဖြေရှင်းတတ်တဲ့သူမျိူးဖြစ်အောင် လိုင်စင်ချပေးလိုက်တာနဲ့အတူတူပါပဲ။ ကလေးတွေဟာ သူကြီးပြင်းရာ ပတ်၀န်းကျင်က လူတွေကိုအတုယူပါတယ်။ ကလေးတစ်ယောက်ကိုရိုက်နှက်ဆုံးမခြင်းဟာ အကြောင်းအရင်းတစ်ခုခုသာရှိပါစေ၊ တခြားသူကိုရိုက်နှက်ခြင်းဟာ ok ပါတယ်လို့ သင်ကြားပေးလိုက်ရာရောက်ပါတယ်။

    (၂) ကလေးကို တန်ဖိုးချလိုက်ရာရောက်ပါတယ်

    ရိုက်နှက်ဆုံးမခြင်းဟာ ခန္ဓာကိုယ်ကို နာကျင်အောင်လုပ်လိုက်ရုံမကပါဘူး။ စိတ်ပိုင်းဆိုင်ရာများလည်း များစွာထိခိုက်နစ်နာမှုတွေကိုဖြစ်စေတာပါ။ ကိုယ့်ကိုယ်ကိုလေးစားမှူတွေပျောက်ဆုံးနေတဲ့ ကလေး၊ သူ့ကိုယ်သူ သူဟာမကောင်းတဲ့ကလေးအဖြစ်သတ်မှတ်စေပြီး အချိန်ကာလတွေကြာလာတဲ့အထိ စိတ်ပိုင်းဆိုင်ရာအမာရွတ်အဖြစ်ကျန်ရှိနေတတ်ပါတယ်။

    (၃) ရေရှည်မှာ ဆိုးကျိုးရှိနိုင်ပါတယ်

    ရိုက်နှက်ဆုံးမတဲ့ ကလေးအုပ်ထိန်းသူအနေနဲ့ ကလေးကိုချက်ချင်း ထိန်းချုပ်လိုက်နိုင်တာစတဲ့ ရေတိုအကျိူးရလဒ်တွေကိုကြည့်ပြီး ခဏတာတော့ကျေနပ်နှစ်သိမ့်မှုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

    ဒါပေမယ့်ရေရှည်မှာ အခြေအနေကပြောင်းပြန်ဖြစ်သွားပါတယ်။ ကလေးကို ထိန်းချုပ်ရပိုမိုခက်ခဲလာတတ်ပြီး ကလေးကသင့်ကိုကြောက်နေမှာကျိန်းသေပါတယ်။ ကလေးကြီးပြင်းလာတဲ့အခါမှာလဲ သင်တို့ကြားရင်းနှီးချစ်ကြည်မှုကို ထိခိုက်ပျက်ဆီးစေပါတယ်။

    (၄) ရိုက်နှက်ခြင်းဟာ ထိန်းချုပ်မှူလွတ်သွားစေတတ်တယ်

    ဆိုပါစို့။ သင့်ကလေးဟာ အမှားကိုထပ်ပြီး လုပ်တယ်ဆိုရင် သင့်အနေနဲ့ သူသင်ခန်းစာရဖို့အတွက် ပိုပြီးပြင်းပြင်းထန်ထန်ရိုက်မှာလား။ သိထားသင့်တာတစ်ခုက စည်းကမ်းသတ်မှတ်တာနဲ့ abuse လို့ခေါ်တဲ့ အနိုင်အထက်မတရားပြုခြင်းဟာ စည်းပါးပါးလေးသာခြားတယ်ဆိုတာပါပဲ။

    (၅) ရိုက်နှက်ခြင်းဟာ အဆိုးသံသရာစက်ဝိုင်းတစ်ခုသာဖြစ်တယ်

    လူအများစုယုံကြည်နေတာနဲ့ ဆန့်ကျင်နေတဲ့အမှန်တရားတစ်ခုရှိပါတယ်။ ရိုက်နှက်ခြင်းဟာ ကလေးရဲ့အပြုအမူကို လုံး၀တိုးတက်မလာစေဘူးဆိုတာပါပဲ။ အရိုက်ခံရသူကလေးဟာ ခန္ဓာကိုယ်နာကျင်ခြင်းနဲ့အတူ သူ့ကိုယ်သူ အဆိုးမြင်လာပါတယ်။ ကိုယ့်တန်ဖိုးကိုကိုယ်နှိမ့်ချမြင်လာစေပြီး ယုံကြည်မှုပျောက်လာစေပါတယ်။ အဲဒါက ကလေးကို အမှားတွေပိုလုပ်မိလာစေပါတယ်။ အဲဒီအခါ အပြစ်ပိုပေးခံရတယ်။ ဒီလိုနဲ့ အဆိုးသံသရာစက်ဝိုင်းဟာ ပိုကြီးလာပါတော့တယ်။

    (၆)ဒေါသမျိူးစေ့

    ရိုက်နက်ဆုံးမတဲ့အခါ ရိုက်တဲ့မိဘတွေသာ ဒေါသသင့်မှုကိုခံစားရတာမဟုတ်ပါဘူး။ အရိုက်ခံရသူကလေးရဲ့ ရင်ထဲကိုပါ ဒေါသမျိူးစေ့တွေချပေးလိုက်တာပါ။ ဒါဟာ သင့်ကလေးကြီးပြင်းလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်ရစေဖို့ အခွင့်အလမ်းတွေဖန်တီးပေးလိုက်တာပါပဲ။

    (၈) ဘယ်တော့မှမမေ့ဘူး

    အရိုက်ခံရတဲ့ကလေးတွေကြီးပြင်းလာတဲ့အခါ ဘယ်အသက်အရွယ်ပဲရောက်ရောက် ငယ်စဉ်ဘ၀က သူတို့အရိုက်ခံခဲ့ရတာကို ဘယ်တော့မှမမေ့ပါဘူး။ ဒါ့အပြင် သူတို့အိမ်ထောင်ရက်သားကျလို့ ကလေးတွေရတဲ့အခါ သူတို့ငယ်စဉ်က အရိုက်ခံခဲ့ရတာကို ဘယ်လောက်ပဲမကြိုက်ကြိုက်ကြိုက် ထပ်တူညီတဲ့အပြုအမူမျိူးကို သူတို့နောက်မျိုးဆက်အပေါ်ကျူးလွန်မိတတ်ကြပြီး ရင်ဘတ်ချင်းဝေးကွာလာအောင်၊ အလေးစားမခံရအောင် ပြုလုပ်မိတတ်ကြပါတယ်။

    (၉) တည့်တည့်ပြောရရင် အလုပ်မဖြစ်ပါဘူး

    ရိုက်နှက်ဆုံးမခြင်းဟာ ကလေးတွေရဲ့ တစ်ကိုယ်ရည်ဖွံ့ဖြိုးမှုနဲ့ အပြုအမူပိုင်းဆိုင်ရာ တိုးတက်မှုကို လုံဝလုံးဝ မဆောင်ကြဉ်းပေးနိုင်ပါဘူး။ သင်သုံးလိုက်တာ တုတ်တစ်ချောင်းတည်းပါ။ ဒါပေမယ့် သင့်ကလေးရဲ့တစ်ဘ၀လုံးမှာ အမာရွတ်တွေ၊ ဒဏ်ရာတွေထည့်ပေးလိုက်တာပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement