backup og meta

သင့်သားသမီး မူးယစ်ဆေးသုံးစွဲနေကြောင်း ဘယ်လိုသိနိုင်မလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်သားသမီး မူးယစ်ဆေးသုံးစွဲနေကြောင်း ဘယ်လိုသိနိုင်မလဲ

    သင့်သားသမီး မူးယစ်ဆေးသုံးစွဲနေကြောင်း ဘယ်လိုသိနိုင်မလဲ

    မိဘတယောက် ဖြစ်ရတာ မလွယ်ပါဘူး။ သားသမီးတွေရဲ့ ပညာရေး၊ကျန်းမာရေး၊လူမှုရေးအားလုံးကို ဘက်စုံထောင့်စုံ လစ်ဟင်းမှုမရှိအောင် ဂရုစိုက်ရပါတယ်။ ဒီကြားထဲ အပေါင်းအသင်းမှားပြီး မူးယစ်ဆေးလက်တည့်စမ်းမှာ၊လမ်းမှားရောက်မှာကိုလည်း ပူရပါသေးတယ်။ မူးယစ်ဆေးဆိုတာ ခေတ်အဆက်ဆက်ရှိခဲ့ပြီး လုံးဝပပျောက်အောင် ပြုလုပ်ဖို့ မဖြစ်နိုင်သလောက် ခက်ခဲတဲ့အရာမို့ ကိုယ့်သားသမီးဖက်က သွားမပတ်သက်ဖြစ်အောင် ဂရုစိုက်ရပါမယ်။ ဒီအတွက် မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေအကြောင်းကို သင့်သားသမီးနားဝင်သဘောပေါက်အောင် ပညာပေးရှင်းပြပေးဖို့ လိုအပ်သလို ကိုယ့်ကလေး မူပျက်နေရင်လည်း သိနိုင်ဖို့အတွက် မူးယစ်ဆေးဝါးနဲ့ ဆိုင်တဲ့ ဗဟုသုတတွေကို သင့်ဖက်က သိရှိထားဖို့ လိုအပ်လှပါတယ်။

    ပထမဆုံးအနေနဲ့ ပြည်တွင်းမှာ အသုံးများတဲ့ မူးယစ်ဆေးဝါးတွေနဲ့ သူတို့ကို သုံးစွဲရင် ဖြစ်ပေါ်လာမယ့် လက္ခဏာတွေကို အရင်သိရှိထားသင့်ပါတယ်။

    ၁။ ဘိန်းဖြူ

    ဘိန်းဖြူအကြောင်းကိုတော့ အထူးတလည်မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ သက်တော်ရှည်ဘိုးဘိုးကြီးလို့ ပြောရင်လည်း ရပါတယ်။

    ဘိန်းဖြူအသုံးပြုဖို့ လိုအပ်မယ့် ပစ္စည်းတွေ = ဘိန်းဖြူဟာ သူ့နာမည်အတိုင်း အဖြူမှုန့်လေးတွေဖြစ်ပြီး ပလတ်စတစ်အိတ်အကြည်အသေးလေးတွေနဲ့ ရောင်းလေ့ရှိပါတယ်။ ဘိန်းဖြူကို ဇွန်းထဲထည့်၊အောက်က မီးရှို့ပြီး အငွေ့ကိုရှုနိုင်သလို အရည်ဖျော်ပြီး ဆေးထိုးအပ်နဲ့ သွေးကြောထဲ ထိုးသွင်းလို့လည်း ရပါတယ်။ ဒါကြောင့် သင့်အိမ်မှာ၊သင့်သားသမီးရဲ့ အခန်းထဲမှာ ဆေးထိုးအပ်အဟောင်းတွေရှိနေသလား၊မီးမြှိုက်ထားတဲ့ ဇွန်းတွေရှိနေသလား စစ်ဆေးသင့်ပါတယ်။

    ဘိန်းဖြူအသုံးပြုခြင်းရဲ့ လက္ခဏာတွေ = ကျောင်းမှာ အဆင့်တွေကျလာမယ်၊ကျောင်းပြေးမယ်၊ခါတိုင်းနဲ့မတူ ဒေါသတွေကြီးမယ်၊ပေါက်ကွဲလွယ်မယ်၊အနေအထိုင် သန့်သန့်ပြန့်ပြန့်မရှိဘဲ ကပျစ်ကညစ်ဖြစ်လာမယ်၊အပြင်ထွက်ရင် နေမပူတာတောင် နေကာမျက်မှန်ကြီးတပ်မယ်၊(သွေးကြောထဲ ဆေးထိုးထားတဲ့ အပ်ရာတွေကို ကာဖို့အတွက်) အင်္ကျီလက်ရှည်တွေ အမြဲဝတ်မယ်၊ခိုးကြောင်ခိုးဝှက်ဖြစ်နေမယ်၊အပေါင်းအသင်းအသစ်တွေနဲ့ ပေါင်းလာမယ် (အရင်သူငယ်ချင်းတွေလို သေသေသပ်သပ် မရှိတဲ့ မိတ်ဆွေသစ်တွေ)၊အိမ်ကပစ္စည်းတွေကို ခိုးတတ်ဝှက်တတ်လာမယ်၊ငွေသုံးကြမ်းလာမယ် စသဖြင့်ပေါ့။

    ၂။ ဆေးခြောက်

    ဆေးခြောက်ဟာလည်း ဘိန်းဖြူလိုပဲ ဝါရင့်ဆရာကြီးတပါးပါ။ ဟိုးအရင်ကတည်းက ကာလသားတွေညဖက် ဟင်းချက်စားတယ်ဆိုပြီး ကြက်သားဗူးသီးနဲ့ ဆေးခြောက်အတွဲအစပ်ဟာ အင်မတန် နာမည်ကျော်ပါတယ်။ ယနေ့အချိန်ထိလည်း ဆေးခြောက်ဟာ ခေတ်စားနေဆဲဖြစ်ပါတယ်။

    ဆေးခြောက်အသုံးပြုဖို့ လိုအပ်မယ့် ပစ္စည်းတွေ = ဆေးခြောက်ဟာ လက်ဖက်ခြောက်နဲ့ ခပ်ဆင်ဆင် အစိမ်းရောင် အဖတ်ကလေးတွေ၊အမှုန့်လေးတွေဖြစ်ပြီး ဆေးပေါ့လိပ်ထဲ ထည့်သွင်းပြီး အများဆုံး အသုံးပြုလေ့ရှိပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ကျင့်မရှိတဲ့ ကိုယ့်သားသမီး ဆေးပေါ့လိပ်တွေ သောက်နေပြီ၊ခါတိုင်း စီးကရက်သောက်နေကျ ကလေးဟာ ဆေးပေါ့လိပ်တွေ ဆောင်ထားနေပြီဆိုရင်တော့ သတိထားသင့်ပါပြီ(ဆေးခြောက်ကို စီးကရက်ထဲ ထည့်လိပ်ဖို့ အဆင်မပြေတဲ့အတွက် ဆေးပေါ့လိပ်ထဲကိုပဲ ထည့်လိပ်လေ့ရှိပါတယ်)။

    ဆေးခြောက်အသုံးပြုခြင်းရဲ့ လက္ခဏာတွေ = သူငယ်အိမ်ကျယ်နေမယ်၊မျက်စိနီရဲနေမယ်၊မှတ်ဉာဏ်တွေ ထုံထိုင်းလာမယ်၊ခါတိုင်းထက် အစားပိုစား၊ပိုအိပ်မယ်၊ဝလာမယ်၊မျက်စဉ်းခတ်တာမျိုး၊နေလည်းမပူဘဲ နေကာမျက်မှန်ကြီးတကားကားလုပ်နေတာမျိုးတွေ ရှိလာမယ်၊ဆေးခြောက်အနံ့အသက်တွေရမယ်၊မျက်လုံးက ရီဝေဝေဖြစ်နေမယ်၊မျက်ရည်ပူတွေ ထွက်နေမယ်၊အကြောင်းရင်းမရှိ ရယ်နေမယ်၊စိတ်ခံစားမှုအပြောင်းအလဲမြန်လာမယ် စသဖြင့်ပေါ့။

    ၃။ စိတ်ကြွရူးသွပ်ဆေးပြား

    ဒီဟာကတော့ ခေတ်ပေါ်ဆေးဝါးတမျိုးပါ။ သူ့ရဲ့ ဓါတုဗေဒအမည်ကတော့ amphatamine ဖြစ်ပါတယ်။ ဆေးပြားပေါ်မှာ ရိုက်နှိပ်ထားတဲ့ အင်္ဂလိပ်စာလုံးနှစ်လုံးကို အစွဲပြုပြီးတော့ WY ဆေးပြားလို့လည်း ခေါ်တတ်ပါသေးတယ်။

    ဆေးပြားအသုံးပြုဖို့ လိုအပ်မယ့် ပစ္စည်းတွေ = ဆေးပြားကို သောက်လို့ရသလို အရည်ဖျော်ပြီး သွေးကြောထဲလည်း ထိုးသွင်းလို့ရသေးပေမယ့် အများဆုံးအသုံးပြုတဲ့ နည်းလမ်းကတော့ ရှုသွင်းတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ အသုံးပြုတဲ့နည်းလမ်းကို အသေးစိတ်မရေးပြတော့ဘဲ လိုအပ်တဲ့ပစ္စည်းတွေကိုသာ သိနိုင်အောင် မျှဝေသွားပါမယ်။ အကယ်၍ သင့်သားသမီးရဲ့ အခန်းထဲမှာပဲဖြစ်ဖြစ်၊ကားထဲမှာ၊အိမ်ထဲတနေရာရာမှာ ကိုယ်ထည်အပေါက်ဖောက်ထားတဲ့ ရေသန့်ဗူးတွေ၊ငါးကင်တဲ့ ခဲပတ်၊အအေးသောက်တဲ့ ပိုက်အတော်များများ စတာတွေကို တွေ့ရင်၊ချောကလက်နံ့သင်းနေတဲ့ ပလတ်စတစ်အိတ်အသေးလေးတွေ (လိုင်စင်ဓါတ်ပုံထည့်တဲ့ အိတ်အရွယ်လောက်ပေါ့)တွေ့ရင် သတိရှိပါတော့။ ဒါတွေဟာ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲရာမှာ လိုအပ်တဲ့ အဆောင်အယောင်ပစ္စည်းတွေ ဖြစ်ပါတယ်။

    ဆေးပြားအသုံးပြုခြင်းရဲ့ လက္ခဏာတွေ = အစားအသောက်ပျက်မယ်(တရက်နှစ်ရောက်လောက် ဘာမှ မစားဘူး)၊ညည မအိပ်ဘူး၊ဟန်ပျက်နေမယ်၊အာခြောက်နေတဲ့ပုံပေါ်မယ်၊အအေး သို့မဟုတ် ရေ ခဏခဏသောက်မယ်၊ပုံမှန်ထက်ပိုပြီး လန်းဆန်းတက်ကြွနေမယ်၊တော်ရုံတန်ရုံ မမောဘူး၊အပင်ပန်းခံနိုင်မယ်၊ပိန်ချုံးသွားမယ်၊နှာခေါင်းပိတ်တဲ့ ပုံစံမျိုးဖြစ်နေမယ်၊ပါးစပ်ကနေ လေတွေကို မကြာခဏ စုပ်သွင်းနေမယ်စတဲ့ လက္ခဏာတွေကို အကဲခတ်ပါ။ ဆေးပြားရဲ့ အနံ့ဟာလည်း သိသာပါတယ်။

    ၄။ ချောင်းဆိုးပျောက်ဆေး

    ခေါင်းစဉ်များ မှားရေးမိသလားလို့ မထင်လိုက်ပါနဲ့။Dextromethorphan လို့ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးကို ဆယ်ကျော်သက်တွေ တလွဲသုံးလေ့ရှိကြပါတယ်။ ဒီဟာက အတော်လေးခွကျတဲ့ ပြဿနာပါ။ ချောင်းဆိုးပျောက်ဆေးဖြစ်တဲ့အတွက် ဈေးပေါပါတယ်၊အလွယ်တကူရနိုင်ပါတယ်၊လက်လှမ်းမှီပါတယ်။ အပေါ်က ဆေးတွေလို သုံးစွဲဖို့ ကရိကထလည်း မများပါဘူး။ ဒီဆေးဟာ ချောင်းဆိုးပျောက်ဆေးအဖြစ် တွင်ကျယ်စွာ အသုံးပြုရတဲ့ ဆေးဖြစ်ပေမယ့် ပမာဏများပြားစွာ သုံးစွဲမယ်ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။Dextromethorphan ချောင်းဆိုးပျောက်ဆေးရဲ့ အဓိက လက္ခဏာက အချိန်ကြာမြင့်စွာအိပ်စက်ခြင်းပဲဖြစ်ပါတယ်။ စကားပြော လေးလံလာတာမျိုး၊မျက်လုံးကဏှာမငြိမ်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

    အထက်မှာ ဖော်ပြခဲ့တဲ့ ဆေးတွေကတော့ လူငယ်တွေအကြား တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဆေးတွေပဲဖြစ်ပါတယ်။ ဒီစာရင်းမှာ မပါဝင်သေးတဲ့ ကိုကင်း၊ice လို့ခေါ်တဲ့ မူးယစ်ဆေးတမျိုး၊ectasy အစရှိတဲ့ မူးယစ်ဆေးဝါးတွေလည်း ကျန်ရှိပါသေးတယ်။ အဓိကကတော့ မိမိရဲ့ သားသမီး မူပျက်ခြင်းရှိမရှိ လေ့လာစောင့်ကြည့်ရမှာဖြစ်ပြီး ထူးထူးခြားခြား အသုံးအဆောင်တွေ၊အနံ့အသက်တွေကို သတိပြုသင့်ပါတယ်။

    ကိုယ့်သားသမီး မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ခြင်းမှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement