backup og meta

ဆပ်ပြာ အဆိပ်သင့်ခြင်း - ကလေးတွေအတွက် ဆပ်ပြာပူဖောင်း အန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆပ်ပြာ အဆိပ်သင့်ခြင်း - ကလေးတွေအတွက် ဆပ်ပြာပူဖောင်း အန္တရာယ်

    ဆပ်ပြာဆိုတာ ကိုယ်ခန္ဓာ၊ အိမ်ထောင်ပရိဘောဂ ဒါမှမဟုတ် ညစ်ပေနေတဲ့ အရာတွေကို သန့်ရှင်းစေဖို့ အသုံးပြုတဲ့ ပစ္စည်းတစ်ခုပါ။ အရည်ပုံစံ၊ အခဲပုံစံနဲ့ တစ်ခါတလေ သင်းပျံ့တဲ့အနံ့ပါပြီး ရေ၊ ရေမြှုပ်အပိုင်းတွေနဲ့ ပွတ်တိုက်တဲ့အခါ အမြှုပ်အများကြီးကို ဖြစ်စေပါတယ်။

    ဆပ်ပြာပူစီဖောင်းလေးတွေနဲ့ ဆော့ရတာ ဘယ်သူမကြိုက်ဘူးလဲ။

    အဓိက ကလေး၊ ဆယ်ကျော်သက်တွေနဲ့ တချို့ အရွယ်ရောက်ပြီးသားသူတွေ သဘောကျကြပါတယ်။ နွေပိတ်ရက် အိမ်နောက်ဖက် ကွင်းပြင် ဒါမှမဟုတ် ကမ်းခြေမှာ ကလေးတွေခေါ်ပြီး ကောင်းကင်ဆီ ပူစီဖောင်းတွေ မှုတ်၊ သူတို့လေးတွေကို လိုက်ဖောက်ခိုင်း၊ အဲ့လို ကစားရရင် ပျော်စရာ မကောင်းဘူးလား။ နောက်တစ်မျိုးပြောရရင် ရေချိုးခန်းမှာ ကလေးတွေကို ဆော့ရင်း ဆပ်ပြာတိုက်ပေးရင်းနဲ့ ခန္ဓာကိုယ်ကို ဘယ်လို စနစ်တကျ တိုက်ချွတ်ရလဲ သင်ကြားပေးလို့ရပါတယ်။ အဝတ်လျှော်စက်မသုံးပဲ ဒီအတိုင်း လက်နဲ့ အဝတ်လျှော်ရင်း သင့်ကလေးတွေနဲ့ အချိန်များများ အတူရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လေထဲက ပူဖောင်းလေးတွေနဲ့ ဆော့ရတာ အမြဲပျော်ဖို့ကောင်းတယ်လေ။

    ဆပ်ပြာနဲ့ အမြှုပ်နဲ့က ခွဲလို့ လုံးဝ မဖြစ်တဲ့ အရာတွေပါ။ ဒါပေမယ့် အဲ့ ဆပ်ပြာနဲ့ အမြှုပ်တွေက အထူးသဖြင့် ကလေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တာ သိပါသလား။ ပူစီဖောင်းတွေဆိုတာ ပန်းကန်ဆေးဆပ်ပြာနဲ့ တကယ့်ကို ပါးလွှာတဲ့ရေတို့ကနေ ဖြစ်လာတာပါ။ ထုံးစံအရဆိုရင် ဆပ်ပြာပူဖောင်းတွေမှာ parabens ၊ phosphates ၊ sodium lauryl sulfates နဲ့ chlorine စတဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါတွေအကုန်လုံးက အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါ။ ဒီဓာတုပစ္စည်းတွေအားလုံးက တစ်ခါလောက် ထိုးသွင်းမိ၊ ရှူသွင်းမိတာနဲ့ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ လည်ချောင်းတွင်း ပူလောင်ခြင်း၊ ပျို့ခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။

    သင့်ကလေးတွေ ဆပ်ပြာပူဖောင်းတွေနဲ့ ဆော့နေရင် ဆပ်ပြာ အဆိပ်မတက်အောင် ကြည့်ရှုပါ။ ရောဂါလက္ခဏာတွေနဲ့ ပြုစုကုသမှုတွေကို အောက်မှာ ဖော်ပြထားပါတယ်။

    ၁။ ဆပ်ပြာပူဖောင်းတွေကို သင့်မျက်လုံးနဲ့ မထိပါစေနဲ့။ အဲ့ဒီ ဓာတုပစ္စည်းတွေက သင့်မျက်လုံးကို လောင်စေနိုင်ပြီး အမြင်အာရုံ ဆုံးရှုံးစေနိုင်ပါတယ်။

    ၂။ သင့်ကလေးတွေမှာ သူတို့ အရေပြားနဲ့ မတည့်တဲ့ ဓာတုပစ္စည်း တစ်ခုခု ရှိမရှိ စစ်ဆေးပါ။

    ၃။ အမွှေးနံ့ အရမ်းပြင်းလို့ ရူမိရင် အသက်ရှူရခက်ပြီး သင့်လည်ချောင်းကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒါက အသက်အန္တရာယ်ရှိစေတာမို့ အပြင်းထန်ဆုံး ခြိမ်းခြောက်မှု တစ်ခု ဖြစ်ပါတယ်။ လေသန့်သွားဖို့ ပြတင်းတံခါးတွေ ဖွင့်လိုက်ပါ။

    ၄။ အရွယ်အစား အရောင်အသွေး အမျိုးမျိုးနဲ့ ဆပ်ပြာခဲတွေက ကလေးတွေအတွက် မျက်စိကျစရာဖြစ်နေပြီး စားမိတာ၊ မျိုချမိတာတွေ ဖြစ်တတ်ပါတယ်။ အရသာရှိသလို မြင်ရထင်ရတဲ့ ဆပ်ပြာပူဖောင်းတွေလည်း ကလေးတွေကို ဆွဲဆောင်နိုင်ပါတယ်။ ဆပ်ပြာခဲတွေကို ကလေးတွေနဲ့ ဝေးရာမှာထားပြီး မဖိတ်စင်နိုင်တဲ့ အဖုံးနဲ့ ဆပ်ပြာပုလင်းတွေကို သုံးကြည့်ပါ။ ဒီနည်းနဲ့ ကလေးတွေကို ဆပ်ပြာထုတ်ကုန်တွေ မမျိုချမိအောင် ကာကွယ်နိုင်ပါတယ်။ မျိုချမိတာနဲ့ သင့်အစာရေမျိုပြွန်ထဲမှာ လောင်ပြီး ဆက်တိုက် အန်စေနိုင်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာ ဝမ်းဗိုက်အောင့်ပြီး သွေးပါ အန်စေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါ လက္ခဏာတွေက အထဲရောက်နေတဲ့ အရာပေါ်မူတည်ပါတယ်။

    ၅။ ပိုပြင်းထန်တဲ့ အခြေအနေမှာ သွေးဖိအား၊ အပူချိန်၊ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း တွေကို စစ်ပါ။ ခံစားနေတဲ့သူရဲ့ အခြေအနေက ချက်ချင်း ရပ်ပြီး သတိလစ်သွားနိုင်ပါတယ်။

    ၆။ အောက်ဆီဂျင်၊ အကိုက်အခဲ ပျောက်ဆေး၊ အသက်ရှူတဲ့ ပြွန်၊ လောင်တဲ့ အရေပြားတွေကို ဖယ်ရှားခြင်း၊ အရေပြားကို ဆက်တိုက် ဆေးကြောခြင်း၊ bronchoscopy ၊ endoscopy (လည်ချောင်းထဲ ကင်မရာထည့်ပြီး အဆုတ်နဲ့ အစာရေမျိုပြွန်ထဲ လောင်တာတွေကို စစ်ဆေးခြင်း) စတဲ့ အထူးကုသမှုတွေ လိုအပ်ရင် ချက်ချင်းခံယူပါ။

    ဒါ့ပြင် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ကိုယ်တိုက်ဆပ်ပြာတွေမှတင် မဟုတ်ပဲ အဝတ်လျှော်ဆပ်ပြာနဲ့ ပရိဘောဂသန့်စင်ဆေးတွေလို သန့်ရှင်းရေးပစ္စည်းတွေမှပါ တွေ့နိုင်ပါတယ်။

    ဆပ်ပြာအဆိပ်သင့်တာကို ကာကွယ်ဖို့ ဘာတွေလုပ်သင့်လဲ။

    · ပတ်ဝန်းကျင်နဲ့ သင့်တော်မယ့် ဆပ်ပြာနဲ့ သန့်ရှင်းရေးပစ္စည်းတွေကို ဝယ်ပါ။ ပြင်းပြတဲ့ ဓာတုအငွေ့တွေက သင်အသက်ရှူတာကို ထိခိုက်စေတတ်ပါတယ်။

    · သန့်ရှင်းရေးပစ္စည်းနဲ့ အစားအသောက်တွေကို တစ်အိတ်ထဲ ရောမထည့်ပါနဲ့။

    · ညစ်ညမ်းတဲ့ အနံ့တွေကို ကာကွယ်ဖို့ ဆပ်ပြာနဲ့ သန့်ရှင်းရေးပစ္စည်းတွေကို အစားအသောက်တွေနဲ့ ဝေးပြီး မတူတဲ့ ဘီဒို အံဆွဲတွေမှာ သိမ်းဆည်းပါ။

    · ဆပ်ပြာ၊ ကြေးချွတ်ဆေးနဲ့ တခြားသန့်ရှင်းရေး ပစ္စည်းတွေကို ကလေးတွေ မမီနိုင်တဲ့ နေရာမှာ သော့ခတ်ထားပါ။ ကလေးတွေအတွက် ပုံစံ၊ အနံ့နဲ့ အရောင် ထူးထူးခြားခြားတွေက ဆွဲဆောင်မှု ရှိနေပါတယ်။

    · ကလေး အထူးသဖြင့် လမ်းလျှောက်တတ်ကာစ အရွယ်လေးတွေရှိတဲ့ မိသားစုတွေအတွက် အရည်မဟုတ်တဲ့ ဆပ်ပြာ သို့မဟုတ် သန့်ရှင်းရေးပစ္စည်းတွေကို သုံးဖို့ အကြံပေးပါတယ်။

    တကယ်လို့ ဘူးအလွတ်တွေ၊ အမှိုက်တွေ လွှင့်ပစ်မယ်ဆိုရင် သေချာဆေးပီးမှ လွှင့်ပစ်ပါ။

    ဆပ်ပြာအဆိပ်သင့်ခြင်းကြောင့်ဖြစ်တဲ့ ထိခိုက်မှုက မျိုချမိ၊ ရှူမိတဲ့ ဓာတုပစ္စည်း ပမာဏအပေါ် မူတည်ပါတယ်။ သင့်ကိုယ်နဲ့ အိမ်ထောင်ပရိဘောဂတွေကို သန့်စင်ဖို့ သုံးတဲ့ ဓာတုပစ္စည်းတွေကို သတိထားပါ။ အဆိပ်ထိန်းပစ္စည်းတွေ ဒါမှမဟုတ် သင့်ကို ကူညီနိုင်မယ့် တစ်ယောက်ယောက်ကို ချက်ချင်း ရှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement