backup og meta

အမွှေစိန်လေးတွေရဲ့ ကျောင်းပိတ်ရက်ရှည် ရောက်လာတော့မယ်နော်


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမွှေစိန်လေးတွေရဲ့ ကျောင်းပိတ်ရက်ရှည် ရောက်လာတော့မယ်နော်

    နွေဦးရာသီ ရောက်လာပြီဆိုရင်တော့ ကလေးတို့မျှော်နေတဲ့ ကျောင်းပိတ်ရက်ရှည် ကြီး နီးကပ်လာပါပြီ။ အမွှေစိန်လေးတွေ အိမ်မှာမြဲပြီး ကဲကြမှာကို စိုးရိမ်နေတဲ့ မိဘတွေ ရှိကြပါတယ်။ ဒါပေမယ့် အလုပ်တွေ၊ ကျောင်းတွေနဲ့ လည်ပတ်နေရတဲ့ မိသားစုတွေ လူစုံတက်စုံရှိကြတဲ့အချိန်မို့ ပျော်စရာကောင်းမှာပါနော်။

    မိသားစုရဲ့ပျော်ရွှင်စရာအမှတ်တရတွေ ဖန်တီးနိုင်မယ့်အချိန်လည်းဖြစ်လို့ ကလေးတွေကို စည်းကမ်းတွေအတင်းမချပါနဲ့၊ ပိတ်ရက်လေးတောင် ကျူရှင်ကိုပဲအတင်းမပို့ပါနဲ့။ ကလေးတို့လည်းအကျိုးရှိ၊ ပျော်ဖို့လည်းကောင်းတဲ့ အရာတွေလည်း ဖန်တီးရအောင်ပါ။

    ခရီးသွားကြမယ်။

    အခွင့်အရေးရတုန်းလေး အမှတ်တရအဖြစ်ရော အပန်းဖြေခရီးအနေနဲ့ပါ ကျောင်းပိတ်ရက်ရှည် မှာ မိသားစုလိုက် ခရီးတစ်ခုခုထွက်သင့်ပါတယ်။ ဘုရားဖူး သို့မဟုတ် ကမ်းခြေ ခရီးသွားတာမျိုးမှာ ပျော်ရွှင်စရာအမှတ်တရတွေဖန်တီးပါ။ ခရီးမှာတွေ့ရတဲ့ အသစ်အဆန်းတွေကို စူးစမ်းလေ့လာတဲ့ကလေးအတွက် သမိုင်းကြောင်းတွေ၊ ဗဟုသုတဖြစ်စရာလေးတွေ ပြောပြပေးပါ။

    ပျော်စရာသင်တန်းတွေ တက်ခိုင်းမယ်။

    (၁) ဂီတသင်တန်း

    အားလပ်ရက်မှာ ကလေးကို စန္ဒရား၊ တယော သို့မဟုတ် တူရိယာပစ္စည်းတစ်ခုခုကို တီးခတ်နည်းသင်ပေးလိုက်ပါ။ သားယောက်ျားလေးဆိုရင် ဂီတာတီးသင်ပေးတာလည်းကောင်းပါတယ်။ ဂီတဆိုတာ စိတ်ကိုသိမ်မွေ့စေတဲ့အရာမို့ ကလေးကိုစိတ်ထားနူးညံ့စေပြီး သွန်သင်ထိန်းသိမ်းရလွယ်စေနိုင်ပါတယ်။

    (၂) ရေကူးသင်တန်း

    ရေလမ်းခရီးသွားတဲ့အခါ ဒါမှမဟုတ်ရေနဲ့နီးစပ်တဲ့နေရာမှာ ကစားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ကလေးကိုရေကူးသင်ပေးပါ။ ကလေးတွေခေါ်ပြီး ဖေဖေမေမေတို့အတူရေကူးကန်သွားပါ၊ ကမ်းခြေမှာရေကစားရင်းရေကူးသင်ပေးလို့လည်းရပါတယ်။ ဒါမှရေမကြောက်ဘဲရေကူးကျွမ်းကျင်လာမှာဖြစ်ပါတယ်။

    ရေနဲ့ပတ်သက်တဲ့အသက်အန္တရာယ် စိုးရိမ်စရာမလိုအောင်အသက် ၅ နှစ်ကနေ ၁၃ နှစ်အရွယ်မှာရေကူးသင်လို့အကောင်းဆုံးဖြစ်ပါတယ်။ရေကူးခြင်းက ကလေးတွေကို အရပ်ပိုရှည်စေပြီး ခန္ဓါကိုယ်ကျစ်လျစ်ဖွံ့ဖြိုးစေတဲ့အားကစားလည်းဖြစ်ပါတယ်။

    (၃) အားကစားသင်တန်း

    ကလေးတွေကို တင်းနစ် အားကစားသင်ပေးပါ၊ တင်းနစ်ကစားရင်း အမြင်အာရုံ နဲ့လက်လှုပ်ရှားမှု အချိတ်အဆက်ပိုကောင်းစေပြီး လျင်မြန်သွက်လက်မှုနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုစွမ်းရည်တွေ ရရှိစေနိုင်ပါတယ်။ ကလေးက ငယ်သေးရင် ရွယ်တူချင်း ကြက်တောင်ရိုက် ကစားလို့ရပါတယ်။ပျော်စရာကစားနည်းဖြစ်လို့ မကစားတတ်လည်း သင်ယူရင်း လှုပ်လှုပ်ရှားရှားကစားရတာမို့ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။

    (၄) သိုင်းသင်တန်း

    ကိုယ်လက်လှုပ်ရှားမှုအဖြစ်၊ အားကစားအဖြစ်နဲ့ တိုက်ကွမ်ဒို၊ သိုင်းသင်တန်းလေးတွေ တက်ခိုင်းတာလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ကိုယ်ခံပညာတစ်ခုခု အခြေခံရထားတဲ့ကလေးဟာ ကိုယ်လက်လှုပ်ရှားမှုကြောင့် ကျန်းမာကြံ့ခိုင်တဲ့အပြင် အတိုင်းအတာတစ်ခုထိ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ်။

    စက်ဘီးစီးသင်ပေးမယ်။

    ကားရှင်း၊လူရှင်းတဲ့နေရာတွေ၊ ဒါမှမဟုတ် ညဘက်အချိန်တွေမှာ ကလေးကို စက်ဘီးစီးသင်ပေးနိုင်ပါတယ်။ စက်ဘီးစီးခြင်းက ကလေးရဲ့စိတ်မှာပေါ့ပါးလွတ်လပ်မှုကိုခံစားရစေရုံတင်မကသွေးလည်ပတ်မှုကောင်းစေခြင်း၊ ကြွက်သားတွေသန်မာစေခြင်းနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိပိုင်ဆိုင်စေပါတယ်။

    နိုင်ငံခြားရုပ်ရှင်၊ အစီအစဉ်တွေကြည့်ကြမယ်။

    ကျောင်းပိတ်ရက်ရှည် အနားယူချိန်မှာ ဗဟုသုတရစရာ documentary တွေ၊ ပရိုဂရမ်တွေ အတူကြည့်ကြရင်း အကျိုးရှိစေနိုင်သလို သူတို့ကြိုက်တဲ့ ရုပ်ရှင်၊ အစီအစဉ်တွေကတဆင့် နိုင်ငံခြားဘာသာစကားကို ထိတွေ့ရင်းနှီးလာစေနိုင်ပါတယ်။ ကြည့်ရှုဖို့ကို အချိန်အကန့်အသတ်တော့ ထားပေးပါ။

    စာရေးဖို့၊ စာဖတ်ဖို့ အားပေးမယ်။

    စာဖတ်ဖြစ်အောင်၊ စာဖတ်ချင်လာအောင် ပညာရပ်တအားမဆန်တဲ့ စိတ်ဝင်စားစရာစာအုပ်တချို့ဝယ်ထားပေးပါ၊ စာကြည့်ခန်း သို့မဟုတ် စားပွဲကိုနေချင့်စဖွယ်အပြင်အဆင်လေးလုပ်ထားပေးပါ။ ကာတွန်းဖတ်ချင်တယ်ဆိုရင် အင်္ဂလိပ်-မြန်မာနှစ်ဘာသာပါတဲ့ ကာတွန်းစာအုပ်ကို ဝယ်ပေးပါ။ ဗဟုသုတဖြစ်စေမယ့် စာအုပ်အဆန်းလေးတွေ ရှာဝယ်ပေးပါ။ ဒိုင်ယာရီရေးခိုင်းတာလည်း စာရေးဖြစ်စေမယ့် ပံ့ပိုးမှုတစ်ခုဖြစ်ပါတယ်။

    ဒီလောက်ဆို ကလေးတွေရဲ့ကျောင်းပိတ်ရက်ပလန်အတွက် ဖေဖေမေမေတို့ အတွေးတစ်ချက်ရလောက်ပြီလို့ထင်ပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးနေတဲ့ ကလေးရဲ့ဦးနှောက်ကို အရွယ်နဲ့မလိုက်အောင် အတင်းမမောင်းပါနဲ့လို့ အကြံပြုချင်ပါတယ်။ မေမေတို့ စဉ်းစားဖို့က ပျော်ရွှင်မှုနဲ့ အနားယူမှုမရှိတဲ့ ဦးနှောက်လေးတွေက ဘယ်လောက်အတိုင်းအတာထိ ထက်မြက်လာနိုင်မယ်ထင်ပါသလဲ။ ဒီနည်းလေးတွေက အထောက်အကူဖြစ်စေပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement