backup og meta

အမှောင်ထဲမှာ နေရင်း စိုးရိမ်ထိတ်လန့်စိတ်တွေ ဖြစ်ဖူးလား


Ye Myo Myat မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမှောင်ထဲမှာ နေရင်း စိုးရိမ်ထိတ်လန့်စိတ်တွေ ဖြစ်ဖူးလား

    လူတိုင်းမှာ အကြောက်တရားရှိသလို တစ်ယောက်နဲ့ တစ်ယောက် ကြောက်တဲ့ အရာချင်းလည်း မတူညီကြပါဘူး။ ဒီလို ပုံမှန်ထက် ပိုပြီး ေကြာက်ရွံ့တဲ့စိတ် ဖြစ်လာတာ၊ ဒီစိတ်ကြောင့်ပဲ ကိုယ့်မှာ ဘာမှမလုပ်ရဲ၊ မကိုင်ရဲ၊ နေ့စဉ်ဘဝကို တစ်နည်းနည်းနဲ့ ထိခိုက်လာနိုင်တာ၊ ပြင်းပြင်းထန်ထန် ထိတ်လန့်မှုကြောင့် သတိမေ့သည်အထိ ဖြစ်လာတဲ့အခြေအနေကိုတော့ Phobia – စိုးရိမ်အကြောက်လွန် စိတ်ဝေဒနာ (ဖိုးဘီးယား) လို့ သတ်မှတ်လို့ ရပါတယ်။

    ဖိုးဘီးယား ဘယ်နှစ်မျိုးရှိလဲ။

    အထက်မှာ ပြောခဲ့သလိုပါပဲ။ လူတစ်ဦးနဲ့ တစ်ဦး ကြောက်ရွံ့ထိတ်လန့်ပုံခြင်း မတူကြသလို ကြောက်တဲ့ အရာဝတ္ထုချင်းလည်း ထပ်တူကျချင်မှ ကျမှာပါ။ ဒါကြောင့် ဖိုးဘီးယား ဘယ်နှစ်မျိုးရှိလဲဆိုတာကို အတိအကျပြောဖို့တော့ ခက်ပါတယ်။ ခုပြောပြပေးမယ့် အမှောင်ကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာကတော့ ကလေးတော်တော်များများမှာ အဖြစ်များတဲ့ စိတ်ဝေဒနာဖြစ်ပြီး ကြီးလာတဲ့အထိ မပျောက်ဘဲ ပိုပြီးဆိုးလာတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

    အမှောင်ကို ကြောက်ရွံ့ခြင်းဆိုတာ ဘာလဲ။

    Nyctophobia – အမှောင်ကို ကြောက်ရွံ့ခြင်း စိတ်ဝေဒနာလို့ခေါ်ပါတယ်။ ညဘက်ရောက်လာလေ ကြောက်လန့်စိုးရိမ်တဲ့ စိတ်က ပိုပြင်းလာလေ၊ အမှောင်ထဲမှာ နေနေတဲ့အခါ စိတ်က ဂယောင်ခြောက်ခြားတွေ ဖြစ်ပြီး မမြင်ရတဲ့ အရာဝတ္ထုတွေကို ကြည့်ရင်းကနေ စိုးရိမ်ပူပန်လွန်ကဲမှုတွေ ပိုပြင်းထန်လာတတ်ပါတယ်။ ကလေးအရွယ်မှာ အလွန်အဖြစ်များတဲ့ ကြောက်ရွံ့မှု စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး လူကြီးတွေအနေနဲ့ အချိန်တန်ရင်ပျောက်သွားမှာပါဆိုတဲ့ စိတ်နဲ့ ပစ်ထားလိုက်တဲ့အခါ ဒီပြဿနာက ပိုပိုပြီး ဆိုးရွားလာနိုင်ပါတယ်။

    ဘယ်လက္ခဏာတွေကို တွေ့ရနိုင်လဲ။

    တခြားသော ဖိုးဘီးယား စိတ်ဝေဒနာတွေနဲ့ ဆင်တူတဲ့ လက္ခဏာတွေဖြစ်တဲ့

    • အသက်ရှူရခက်ခဲလာတာ
    • နှလုံးခုန်နှုန်း အရမ်းမြန်လာတာ
    • ရင်ဘတ်အောင့်လာတာ၊ မွန်းကြပ်နေသလို ခံစားရတာ
    • တစ်ကိုယ်လုံး တုန်လာတာ
    • အသားထဲက ဆူးစူးနေသလို ခံစားရတာ
    • ခေါင်းထဲမှာ မူးဝေသလို ဖြစ်တာ
    • ဗိုက်အောင့်လာတာ
    • ကိုယ်ခန္ဓါထဲမှာ ပူလိုက်၊ အေးလိုက် ဖြစ်နေတာ
    • ချွေးစေးပြန်တာ အစရှိတာတွေကို တွေ့ရတတ်ပါတယ်။

    အထူးသဖြင့် အမှောင်ကို ကြည့်လိုက်တဲ့အခါ၊ သို့မဟုတ် အမှောင်ခန်းထဲ ရောက်နေတဲ့အခါ ပုံမှန်နဲ့ မတူတဲ့ စိုးရိမ်ထိတ်လန့်မှုတွေ၊ ကြောက်ရွံ့မှုတွေ ကြီးစိုးနေတာ၊ ဒီအမှောင်ထုထဲကနေ ထွက်ပြေးဖို့ ကြိုးစားတာ၊ ကိုယ်စိတ်ထဲမှာ ကြောက်ရွံ့နေတဲ့ အရာတွေပဲ ရောက်နေပြီး တခြားဘာကိုမှ တွေးလို့မရတော့တာ၊ အသိစိတ်လွတ်သွားတာ၊ ကြာကြာနေရင် အသက်ရှူရပ်ပြီး သေတော့မလို စိုးရိမ်စိတ်တွေ ဝင်လာတာ အစရှိတဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုလည်း တွေ့မြင်ရပါတယ်။

    သာမန်ကြောက်ရွံ့တာရော မဖြစ်နိုင်ဘူးလား။

    ဒါကတော့ လူတော်တော်များများ မေးတတ်ကြတဲ့ မေးခွန်းဖြစ်ပါတယ်။ ဖိုးဘီးယားကြောင့် ဖြစ်တဲ့ ကြောက်ရွံ့မှုဆိုတာ သာမန်ကြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တဲ့ စိတ်ဝေဒနာတစ်မျိုးပါ။ ပုံမှန်အချိန်မှာ အကောင်းအတိုင်း ရှိနေတဲ့လူတစ်ယောက်ဟာ သူထိတ်လန့်ကြောက်လန့်လွန်းတဲ့ အရာကို မြင်လိုက်တဲ့အခါ သွေးပျက်မတတ် အသိစိတ်တွေလွတ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကြောက်ရွံ့မှုအခြေအနေကို ကိုယ်တိုင် သဲသဲကွဲကွဲ မသိသေးဘူးဆိုရင်တော့ စိတ်ပညာရှင်ကုထုံးနဲ့ တိုင်ပင်ပြသကြည့်တာ အကောင်းဆုံးပါပဲ။

    နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေက ဘာတွေလဲ။

    အမှောင်ကြောက်တဲ့ ဖိုးဘီးယား လက္ခဏာတွေဟာ ကလေးအသက် ၃နှစ်မှ ၆နှစ်အရွယ်ကနေ စပြီး ပြလာတတ်ပါတယ်။ သရဲ၊ မကောင်းဆိုးဝါး ကြောက်တဲ့ ကလေးတွေ၊ အခန်းထဲမှာ တစ်ယောက်တည်း အိပ်ရတဲ့ ကလေးတွေ၊ ထူးဆန်းတဲ့ အသံတွေကို မကြာခဏကြားရတဲ့ ကလေးတွေမှာ ပိုပြီးတောင် အဖြစ်များပါတယ်။ ဒီလိုကြောက်ရွံ့တဲ့စိတ်ကြောင့် ကလေးက အမှောင်ထဲမှာဆိုရင် အသိစိတ်က နိုးထနေပြီး လုံးဝအိပ်မပျော်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ ကြာလာတော့ ကြောက်ရွံ့မှုက ကလေးရဲ့ စိတ်ထဲမှာ ဖုံးလွှမ်းသွားပြီး စားလည်း ဒီစိတ်၊ ကစားလည်း ဒီစိတ်နဲ့ အမြဲတမ်း နေရာယူလာနိုင်ပါတယ်။ ဒါ့အပြင် ညဘက်တွေဆိုရင် အိပ်မပျော်တော့ရာကနေ အိပ်ချိန်ထိခိုက်လာမယ်၊ ကျန်းမာရေး ဆုတ်ယုတ်လာမယ်၊ ကလေး ကြီးထွားမှုနှေးကွေးမယ်၊ လေးလံထိုင်းမှိုင်းပြီး ဉာဏ်ရည်ကျလာမယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်နဲ့မလိုက်တဲ့ စိတ်ဖိစီးမှုတွေ ဝင်လာမှာပါ။

    ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

    အထက်မှာ ပြောခဲ့သလိုပါပဲ။ ဒီအတိုင်းထားထားလိုက်လို့ ပျောက်သွားမယ့် စိတ်ဝေဒနာမဟုတ်တဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ အရင်ဆုံးတိုင်ပင်ပြသကြည့်သင့်ပါတယ်။ ဒါမှပဲ ကိုယ့်ကလေးနဲ့ သင့်တော်မယ့် စိတ်ကုထုံးနည်းလမ်းတွေကို စောစောစီးစီး စတင်နိုင်မှာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးနဲ့ အတူအိပ်တာ၊ ဒါမှမဟုတ် ကလေးတစ်ယောက်တည်း အိပ်နေတဲ့ အခန်းထဲမှာ ညအိပ်မီးလုံးလေး ဖွင့်ပေးထားတာမျိုး လုပ်ပေးလို့ ရသလို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေလည်း ပေးနိုင်ပါတယ်။

    သိထားသင့်တာတစ်ခုကတော့ လူတိုင်း အသက်အရွယ်မရွေး ကြောက်လန့်တဲ့ စိတ်ဆိုတာ ရှိနိုင်တာပါပဲ။ ဒီစိတ်ကြောင့် ဘဝမှာ မဖြစ်သင့်တာတွေ မဖြစ်ဖို့၊ ကျန်းမာပြီး သာယာပျော်ရွှင်တဲ့ အနာဂတ်တစ်ခုပိုင်ဆိုင်ရဖို့ မိဘတွေအနေနဲ့ ဒီကိစ္စကို မပေါ့ဆသင့်ဘူးလို့ အကြံပေးလိုက်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement