backup og meta

ကလေးကို ဝမ်းမှန်စေဖို့ ဘာတွေဂရုစိုက်ပေးရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ဝမ်းမှန်စေဖို့ ဘာတွေဂရုစိုက်ပေးရမလဲ

    အိမ်မှာ ချစ်တီးလေးတွေရှိလား။ ကလေးက ဝမ်းမှန်မှန်မသွားတော့ အစားလည်းသိပ်မစားဘူး၊ အင်အင်းတည်တိုင်း ငိုယိုရုန်းကန်တာ ကျွက်ကျွက်ကိုညံလို့ပါပဲ။ ကလေးက တစ်ပတ်ကို အများဆုံး သုံးကြိမ်လောက်ပဲဝမ်းသွားတယ်၊ သွားတဲ့အခါလည်း ဝမ်းကမာကျစ်ပြီး တစ်နေတယ်(စမြင်းတုံးပေါ့)၊၊ ဗိုက်အောင့်တယ်ဆို ချစ်တီးလေးဖြစ်နေပါပြီ။ ဝမ်းသွားဖို့ ညှစ်ရင် စအိုမှာနာကျင်ရမယ်၊ တအားညှစ်ရမှာပင်ပန်းမယ်ဆိုတာ သိနေတော့ အင်အင်းတည်ရင် အကြောက်အကန်ငြင်းတာပေါ့၊ ဝမ်းသွားချင်စိတ်လေးပေါ်လာရင်တောင်အောင့်ထားတတ်ပါတယ်။

    ကလေးတွေ ဝမ်းချုပ်တဲ့ကိစ္စကရောဂါကြီးတော့မဟုတ်ပေမယ့် အဖြစ်များတဲ့ပြဿနာပါ။ ဒါပေမယ့် ဂရုမစိုက်ပေးဘဲ အချိန်ကြာလာရင်တော့စအိုဝမှာ ကွဲလာမယ်၊ စအိုကျွံကျခြင်း လိုမျိုး စအိုအတွင်းသားအပြင်ကိုထွက်လာမယ် စတဲ့နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်သလိုရောဂါအကြောင်းရင်းတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်လို့ မပေါ့ဆသင့်တာဖြစ်ပါတယ်။

    ဒါဆို ဝမ်းမချုပ်အောင် ဘယ်လိုကာကွယ်ရမလဲ

    အရည်များများတိုက်ပါ

    ရေ သို့မဟုတ် အရည်(နို့၊ဖျော်ရည်၊စွတ်ပြုတ်၊စတာတွေ) တွေကို လုံလောက်အောင် တိုက်ကျွေးရင် ဝမ်းမှန်စေပါတယ်။ ဘယ်ပမာဏလောက်ဆိုလုံလောက်မလဲဆိုတာကတော့ ကလေးရဲ့ကိုယ်အလေးချိန်နဲ့ အသက်အရွယ်ကိုမူတည်ပါလိမ့်မယ်။ အဓိကကရေဓါတ်မနည်းစေဖို့ပါ။ ရေသောက်နည်းတဲ့ကလေးကို ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီးတို့ကို ကြိတ်တဲ့ဖျော်ရည်တိုက်ပေးပါ။

    အမျှင်ဓါတ်ကြွယ်ဝတာတွေပိုကျွေးပါ

    အမျှင်ဓါတ်ပါဝင်မှုများတဲ့အစားအစာတွေ(သစ်သီး၊ဟင်းသီးဟင်းရွက်တွေနဲ့ ဂျုံကြမ်းပေါင်မုန့် စတာတွေ)က ဝမ်းမချုပ်အောင်ကာကွယ်ပေးပါတယ်။ အမျှင်ဓါတ်က အစာခြေစနစ်နဲ့အူလမ်းကြောင်းလုပ်ဆောင်ချက်တွေကို ကူညီပေးပါတယ်။ အမျှင်ဓါတ်များတာ ပိုကျွေးပေးခြင်းအားဖြင့် အစာချေဖျက်မှုပိုကောင်းပြီး ဝမ်းမှန်စေပါလိမ့်မယ်။ရေသောက်ဖို့တော့ သတိထားပြီးတိုက်ကျွေးဖို့လိုပါတယ်။ ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ ဘယ်ရီသီးတွေ၊ထောပတ်သီး၊ ငှက်ပျောသီးမှည့်၊ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံ(ကွေကာ)၊သင်္ဘောသီး၊ ပဲအမျိုးမျိုး စတာတွေကို ပါအောင်ကျွေးပါ။

    ထိုက်သင့်တဲ့ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

    ကိုယ်လက်လှုပ်ရှားမှုက အစာကြေစေပြီး အူလမ်းကြောင်းကို တွန်းအားပေးတဲ့အတွက် ကလေးကိုလှုပ်လှုပ်ရှားရှားကစားဖို့အားပေးပါ။ငြိမ်ငြိမ်နေနော် ဆိုတဲ့ ဆူသံ၊ စကားသံတွေက ကလေးရဲ့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ ငြိမ်မနေပါစေနဲ့။ ပြေးကစားတာ၊ဘောလုံးကန်တာ၊ လမ်းလျှောက်တာလိုမျိုး လှုပ်ရှားမှုလေးတွေရှိမှဖြစ်မှာပါ။

    အစားစားချိန်ပုံမှန်သတ်မှတ်ပါ

    ကလေးကတောင်းနေတိုင်း မကျွေးပါနဲ့ ဒါမှမဟုတ် စားမှအားရှိမှာဆိုပြီး မတောင်းလည်း တစ်ခုပြီးတစ်ခုကျွေးနေတာမျိုး မလုပ်ပါနဲ့။ ပုံမှန်အစားစားချိန်ရှိနေမယ်ဆို ကလေးရဲ့အစာခြေစနစ်လုပ်ဆောင်ချက်မှန်ကန်ပြီး ဝမ်းလည်းမှန်ပါလိမ့်မယ်။

    အိမ်သာတည်တဲ့အလေ့အကျင့်လုပ်ထားပါ

    ကလေးက အင်အင်းပါချလိုက်မှ ဒါမှမဟုတ် အိမ်သာသွားချင်တယ်ပြောမှ အရေးစိုက်ပေးတာမျိုးမလုပ်ပါနဲ့။ ဆီးသွားဖို့၊ ဝမ်းသွားဖို့ အချိန်သတ်မှတ်ပြီး တည်ပေးပါ။ အတင်းညှစ်ခိုင်းတာမဟုတ်ဘဲ သက်တောင့်သက်သာအနေအထားနဲ့ ကလေးကို အိမ်သာသွားအောင် တည်ပေးဖို့ပါ။

    ဆေးဝါးတွေကို ကြည့်ပါ

    ကလေးသောက်သုံးနေတဲ့ဆေးဝါး(အားဆေး သို့မဟုတ် ကျန်းမာရေးအတွက်သောက်နေရတဲ့ဆေးဝါးတခုခု)တွေက ဝမ်းချုပ်စေတတ်တဲ့ဘေးထွက်ဆိုးကျိုးပါနေနိုင်လို့ ဝမ်းချုပ်တာ တစ်ပတ်ထက်ပိုပြီးကြာလာရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement