backup og meta

မျိုးဆက်ပွားကျန်းမာရေးရဲ့ ကောင်းကျိုးဆိုးပြစ်များ


Poe Ei Win မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျိုးဆက်ပွားကျန်းမာရေးရဲ့ ကောင်းကျိုးဆိုးပြစ်များ

    မျိုးဆက်ပွားကျန်းမာရေးတဲ့ လိင်ပညာပေးတဲ့ နာမည်ကြားတာနဲ့ စိတ်ထဲတစ်မျိုးတစ်မည်ဖြစ်ချင်သလိုလို။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေ၊ သက်ငယ်မုဒိမ်းတွေ၊လက်တည့်စမ်းရင်းကနေ HIV ပိုးကူးသွားတာတွေ စတဲ့ပြဿနာတွေ တစ်စထက်တစ်စ ပိုမိုများပြားလာတာနဲ့အမျှ မျိုးဆက်ပွားကျန်းမာရေးရဲ့ အခန်းကဏ္ဍက ပိုပိုပြီး အရေးကြီးလာပါပြီ။

    ရှေးရိုးဆန်သူတွေရဲ့ အမြင်မှာတော့ မျိုးဆက်ပွားကျန်းမာရေး၊ လိင်ပညာပေးဆိုတာ ကလေးတွေကို အရွယ်မတိုင်ခင် ဖိုမကိစ္စတွေ သိသွားအောင်၊စိတ်ဝင်စားလာအောင် သွေးဆောင်ဖြားယောင်းခြင်းတစ်မျိုးလို့ ယူဆကြတဲ့အတွက် ဒါကို ကန့်ကွက်ကြ၊မနှစ်မြို့ကြပါဘူး။ ကျောင်းတွေမှာ သင်ရိုးတစ်ခုအဖြစ် ထည့်သွင်းခြင်းကိုလည်း သဘောမတွေ့ကြပါဘူး။ တကယ်က လိင်မှုကိစ္စဆိုတာ အရွယ်ရောက်သူမှန်သမျှ ရှောင်လွှဲလို့ မရနိုင်တဲ့ကိစ္စဖြစ်တာမို့ သူတို့စိတ်နဲ့သူတို့ လက်တည့်စမ်းကြ၊အတွေ့အကြုံရှာကြတဲ့အခါ မျိုးဆက်ပွားကျန်းမာရေးအကြောင်း နားလည်သဘောပေါက်ထားတဲ့ ဆယ်ကျော်သက်တွေဟာ အများကြီးတပန်းသာတာကို တွေ့မြင်ရပါလိမ့်မယ်။

    ဒါကြောင့် အခြေခံပညာကျောင်းတွေမှာ မျိုးဆက်ပွားကျန်းမာရေးပညာပေးကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးသင့်ပါတယ်။

    ဒီဆောင်းပါးလေးမှာတော့ မျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်နှစ်ထွေကို တင်ပြဆွေးနွေးပေးသွားပါမယ်။

    ကောင်းကျိုးများ

    မျိုးဆက်ပွားကျန်းမာရေးကို အခြေခံပညာကျောင်းတွေမှာ သင်ကြားပေးခြင်းအားဖြင့် မိမိတို့ရဲ့ ဘဝနေထိုင်မှုအပေါ်မှာ ‘လိင်မှုကိစ္စ’က ဘယ်လိုသက်ရောက်နေတယ်ဆိုတာကို ကလေးတွေ ပိုမိုသိရှိလာနိုင်ပြီး ကြားဖူးနားဝတွေ၊ ကာလသားကြီးတွေရဲ့ မဟုတ်တမ်းတရား ပုံပြင်တွေ၊ဇာတ်လမ်းတွေထဲမှာ နစ်မြောနေမှာ မဟုတ်တော့ပါဘူး။

    ခုနှစ်တန်း၊ရှစ်တန်းအရွယ်ကစလို့ တွေ့ကြုံလာရတဲ့ ခန္ဓာကိုယ်အပြောင်းအလဲတွေ၊ လိင်အင်္ဂါပုံစံအနေအထား၊လုပ်ဆောင်နိုင်စွမ်း ပြောင်းလဲမှုတွေဟာ လူတိုင်းကြုံတွေ့ရမယ့် အဖြစ်အပျက်တခုမျှသာဖြစ်ပြီး ထိတ်လန့်စရာ၊ရှက်ရွံ့စရာမလိုကြောင်းကို သဘောပေါက်နားလည်လာပါလိမ့်မယ်။

    ကလေးတွေဟာ စပ်စုတတ်ပါတယ်။ သိချင်စိတ်၊ လက်တည့်စမ်းချင်စိတ်တွေ များတတ်ပါတယ်။ ဒါကြောင့် ဆန့်ကျင်ဖက်လိင်အကြောင်းကို စိတ်ဝင်စား၊ သိချင်လာတတ်တာလည်း အဆန်းတော့ မဟုတ်ပါဘူး။ မျိုးဆက်ပွားကျန်းမာရေးကို အခြေခံပညာကျောင်းတွေမှာ ထိထိရောက်ရောက် သင်ကြားပေးခြင်းအားဖြင့် ဆန့်ကျင်ဖက်လိင်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ငန်းဆောင်ရွက်ပုံသဘောသဘာဝတွေကို (အရွယ်နဲ့လိုက်လျောညီထွေစွာ) သိရှိရမှာဖြစ်တဲ့အတွက် တလွဲဆံပင်ကောင်းလက်တည့်စမ်းခြင်းတွေကို ပြုလုပ်တော့မှာ မဟုတ်ပါဘူး။

    ကျွန်တော်တို့နိုင်ငံမှာ တစထက်တစ များပြားလာတဲ့ သက်ငယ်မုဒိမ်းမှုတွေကို ကာကွယ်လျှော့ချဖို့အတွက်လည်း မျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်းဟာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါတယ်။ ကလေးတွေအနေနဲ့ မိမိခန္ဓာကိုယ်ရဲ့ ဘယ်လိုအစိတ်အပိုင်းတွေကို ကိုင်တွယ်ခွင့်မပြုရဘူး၊ ဘယ်လိုအပြုအမူတွေလုပ်နေပြီဆိုရင် မိဘ/အုပ်ထိန်းသူနဲ့ ပြန်တိုင်ရမယ်၊ ဘယ်လိုအခြေအနေတွေမှာ ကိုယ်လွတ်ရုန်းထွက်ပြေးရမယ် စသဖြင့် ပိုမိုသိရှိနားလည်လာပါလိမ့်မယ်။

    ကျွန်တော်တို့ သင်ပေးသည်ဖြစ်စေ၊ မသင်ပေးသည်ဖြစ်စေ ကလေးတွေကတော့ လိင်မှုကိစ္စတွေနဲ့ တစ်ချိန်ချိန်မှာ ထိတွေ့လာမှာပါပဲ။ ဒီခေတ်လို အင်တာနက်တွေ၊ဖုန်းတွေ အလွယ်တကူ ရနေတဲ့ခေတ်ကြီးမှာ ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါကြောင့် လိင်ပညာပေး/မျိုးဆက်ပွားကျန်းမာရေးကို စနစ်တကျသတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေအသုံးပြုပြီး သင်ကြားပေးခြင်းအားဖြင့် အင်တာနက်ပေါ်က ပေါက်ကရရှစ်သောင်း ညစ်ညမ်းကိစ္စတွေရဲ့ရန်ကနေ သင့်ကလေးကို ကာကွယ်နိုင်ပါလိမ့်မယ်။

    ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်းနဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုလည်း မျိုးဆက်ပွားကျန်းမာရေးပညာပေးသင်ကြားခြင်းက ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါလိမ့်မယ်။

    လိင်ကိစ္စဆိုတာဟာ ရှက်စရာကြောက်စရာမဟုတ်ဘဲ သဘာဝကိစ္စတစ်ခုသာဖြစ်တဲ့အတွက် မှန်ကန်ကောင်းမွန်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ (ရောဂါကူးစက်နိုင်ခြင်းမရှိတဲ့) လိင်မှုရေးရာအထွေထွေကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို မျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်းက သင်ကြားပေးပါလိမ့်မယ်။

    အားနည်းချက်များ

    မျိုးဆက်ပွားကျန်းမာရေးပညာပေးကို သင်ကြားပို့ချပေးတဲ့ အချို့သော ဆရာ/ဆရာမတွေကိုယ်တိုင်က ဒီသင်ခန်းစာတွေကို ရှက်စရာ၊ရွံ့စရာအဖြစ် သဘောထားတာ၊မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်လို့ သူတို့ကိုယ်တိုင် ဂဃနဏမသိတာ အစရှိတဲ့အချက်တွေဟာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်လေး ဖြစ်စေတတ်ပါတယ်။ ကလေးတွေအနေနဲ့ ငယ်ရွယ်စဉ်ကာလမှာ အသိသညာအမှားတွေ စွဲမှတ်သွားရင် တစ်သက်တာလုံး အယူအဆတွေလွဲသွားနိုင်တာကို သတိချပ်ရပါမယ်။ ဒါကြောင့် ကလေးတွေကို မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးမယ့် ဆရာ/ဆရာမ ကိုယ်တိုင်က လိင်ပညာပေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီး သဘောပေါက်နားလည်ဖို့ လိုအပ်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် မျိုးဆက်ပွားကျန်းမာရေးဟာ ငယ်ရွယ်တဲ့ကျောင်းသား/ကျောင်းသူလေးတွေအဖို့ အထူးအဆန်းနဲ့ စိတ်လှုပ်ရှားစရာဖြစ်ပြီး ရှက်ရွံ့မှုတွေလည်း ရှိနေနိုင်တာမို့ သင်ကြားပုံနည်းစနစ်မမှန်ကန်ရင် ကလေးတွေအနေနဲ့ ပိုမိုအိုးတိုးအမ်းတမ်းဖြစ်သွားနိုင်၊ ရှက်ရွံ့သွားနိုင်တာမို့ ပညာသားပါပါနဲ့ သင်ကြားဖို့ အထူးအရေးကြီးပါတယ်။

    ကျောင်းအများစုဟာ မျိုးဆက်ပွားကျန်းမာရေးဘာသာရပ်ကို အရေးမကြီးတဲ့ အပိုဆာဒါးကိစ္စတစ်ခုလို သဘောထားပြီး ဝတ်ကျေတန်းကျေ သင်ကြားလေ့ရှိတာကြောင့် ကျောင်းသားတွေဖက်ကလည်း အရေးတယူမလုပ်တော့တာမျိုးတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။

    နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးအချက်က ဘာလဲဆိုတော့ အခြေခံပညာကျောင်းတွေမှာ မျိုးဆက်ပွားကျန်းမာရေးကို သင်ကြားခြင်းဟာ ဘာသာရေးရှုထောင့်ကကြည့်ရင် မသင့်တော်ဘူး၊ယဉ်ကျေးမှုနဲ့ မလျော်ညီဘူး၊ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ မဟုတ်မဟတ်တွေ သင်ပေးနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒီလိုအခြေအနေမျိုးတွေကို ရှဉ့်လည်းလျှောက်သာ၊ပျားလည်းစွဲသာ ဆိုသလို အဖက်ဖက်က အဆင်ပြေအောင် အကွက်ကျကျ စီမံပေးသင့်ပါတယ်။

    အချုပ်ဆိုရင်တော့ ကိလေသာမကုန်ခမ်းသေးတဲ့ လူသားအားလုံး ထင်းခွေမကြုံ၊ရေခပ်ကြုံလာမှာဖြစ်တဲ့ လိင်မှုကိစ္စတွေ၊မျိုးဆက်ပွားပညာပေးရေး ကိစ္စတွေဟာ ကျန်းမာရေးရှုထောင့်ကပဲကြည့်ကြည့်၊လူမှုရေးရှုထောင့်ကပဲကြည့်ကြည့် အရေးကြီးလှတဲ့အတွက် သူ့ရဲ့ အားသာချက်၊အားနည်းချက်တွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး ဆယ်ကျော်သက်လူငယ်လေးတွေရဲ့ အကျိုးကို မျှော်တွေးလို့ အကောင်းဆုံး လုပ်ဆောင်ရမှာပဲဖြစ်ပါကြောင်း မျှဝေတင်ပြလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Poe Ei Win မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement