backup og meta

ဖြည့်စွက်စာ ကျွေးနည်း လမ်းညွှန်


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖြည့်စွက်စာ ကျွေးနည်း လမ်းညွှန်

    မေမေတို့ ကလေး အသက်၆လ ကျော်ပြီဆိုတာနဲ့ ဘာကျွေးရင်ကောင်းမလဲဆိုပြီး ခေါင်းခဲတတ်ကြပါတယ်။ အရင်ကတော့ မိခင်နို့ပဲတိုက်တာဆိုတော့ လွယ်တယ်လေ။ ကရိကထလည်း မများဘူး။ ခုကလေးကို ဖြည့်စွက်စာ ကျွေးရတော့မယ်ဆိုတော့ ဘာတွေများ ကျွေးရမလဲ။ လူကြီးစားသလိုပဲ ကျွေးရမှာလား။ ကလေးနဲ့ မတည့်ရင် ဘယ်လို လုပ်မလဲ။ ဗိုက်ရောပြည့်ပါ့မလား စသဖြင့် တွေးစရာတွေ ရှိလာပါပြီ။ ဒီလိုမဖြစ်ရအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ မိခင် ကလေး ကျန်းမာမှတ်တမ်းစာအုပ်ထဲက လွယ်ကူတဲ့ ဖြည့်စွက်စာ ကျွေးနည်းလမ်းညွှန် အကြောင်း ပြောပြပေးပါ့မယ်။

    မိခင်နို့ ဆက်တိုက်ပါ။

    ကလေးအသက် ၆လအထိ မိခင်နို့ တစ်မျိုးတိုက်ရပါတယ်။ ၆လကျော်သွားလည်း ဖြည့်စွက်စာတွေနဲ့အတူ မိခင်နို့ ဆက်တိုက်လို့ ရပါတယ်။ ကလေး အသက် ၂နှစ် ဒါမှမဟုတ် ၂နှစ်ကျော်တဲ့အထိ တိုက်လို့ရပါတယ်။

    ဖြည့်စွက်စာ ကျွေးပါ။

    • ကလေးအသက် ၆လပြည့်ရင် ဆက်လက်ကြီးထွားဖို့ မိခင်နို့ တစ်မျိုးတည်းနဲ့ မလုံလောက်တော့တဲ့ အတွက် ဖြည့်စွက်စာကို စတင်ကျွေးပေးပါ။
    • အသက်၆လပြည့်ပြီးတဲ့ နို့စို့ကလေးကို ဖြည့်စွက်စာကျွေးမယ်ဆိုရင်

    ဆီအနည်းငယ်ထည့်ကျွေးပါ။

    -အာဟာရဖြစ်စေမယ့် အစားအစာများ တဖြည်းဖြည်း အမျိုးစုံအောင် အကျင့်လုပ်ကျွေးပါ။

    -အာဟာရဖြစ်တဲ့ သစ်ဥသစ်ဖုတွေ၊ မုန့်ပဲသွားရည်စာများလည်း ထည့်ပြီး ကျွေးပေးပါ။

    ဖြည့်စွက်စာ စတင်ကျွေးမွေးပုံ

  • ဆန်ပြုတ် ဒါမှမဟုတ် ထမင်းကို ညက်နေအောင် ချက်ပြီး စကျွေးပါ။
  • အစာ တစ်မျိုးပဲ စကျွေးပါ။ အဲ့ဒီ အစာကိုပဲ ၃-၄ရက် ဆက်ကျွေးပါ။
  • အစားတစ်မျိုးကို ကောင်းကောင်း စားတတ်မှ နောက်အသစ်တစ်မျိုး တိုးပြီးကျွေးပါ။
  • ထမင်းနဲ့ ဖြည့်စွက်စာကျွေးပုံ နမူနာ

    အသက် ၆လမှ ၁၂လ အထိ

    • ဆန်ပြုတ် ဒါမှမဟုတ် ဆန်နဲ့ ပဲ၊ ငါးတစ်မျိုးမျိုး ရောပြုတ်ပြီး ဆီလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာထည့်ပြီး တစ်နေ့နှစ်ကြိမ် အနည်းဆုံး ကျွေးပါ။
    • ထမင်းပျော့ပျော့ကို ဆီဆမ်းပြီး ငါး၊ ပုစွန် အစိုအခြောက် ဒါမှမဟုတ် ပဲ ဒါမှမဟုတ် ချေထားတဲ့ အသား တစ်မျိုးမျိုး ရောပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ ကျွေးလို့ ရပါတယ်။
    • ကြားချိန်မှာ ငှက်ပျောသီး၊ ဘိန်းမုန့်၊ စာကလေးခွေ၊ မုန့်စိမ်းပေါင်း၊ မတ်ပဲကျော် စတဲ့ အစာကြေလွယ်ပြီး အာဟာရဖြစ်တာတွေကို ကျွေးလို့ရပါတယ်။
    • မိခင်နို့လည်း ဆက်တိုက်လို့ ရပါတယ်။

    ၁၂လမှ ၂နှစ်အထိ

  • မိသားစုစားသော အစားအစာ (အပူအစပ်မှလွဲ၍) ထမင်း ၃ကြိမ် ကျွေးပါ။
  • ငှက်ပျောသီး၊ ဘိန်းမုန့်၊ မုန့်စိမ်းပေါင်း၊ ကောက်ညှင်းပေါင်း၊ ပေါင်မုန့်၊ ပဲပြုတ်၊ ဥတစ်မျိုးမျိုး ကျွေးပါ။
  • မိခင်နို့ကို ကလေးအသက် ၂နှစ်အထိ တိုက်နိုင်ပါတယ်။
  • ၂နှစ်မှ ၅နှစ်အထိ

    • မိသားစုစားသော အစားအစာ ထမင်းနဲ့ ပဲဟင်း ဒါမှမဟုတ် ထမင်းနဲ့ အသား ဒါမှမဟုတ် ထမင်းနဲ့ ငါး၊ ပုစွန် ဒါမှမဟုတ် ထမင်းနဲ့ ဥတစ်မျိုးမျိုး တစ်နေ့ ၃ကြိမ် ကျွေးပါ။
    • ကြားချိန်မှာ သွားရည်စာ ၂ကြိမ်လောက်ကျွေးပါ။ (ဥပမာ နို့၊ ထမင်းရည်၊ အိုဗာတင်း၊ မိုင်လို တို့လည်း တိုက်နိုင်ပါတယ်။)

    ဖြည့်စွက်စာ ကျွေးရာတွင် သိထားသင့်သည့် အချက်များ

    • ဖြည့်စွက်စာစကျွေးမယ်ဆိုရင် ဟင်းသီးဟင်းရွက်ပြုတ်ရည်ကို ဟင်းချိုအနေနဲ့ ထည့်နိုင်ရင် ပိုကောင်းပါတယ်။
    • ဆီက အင်အားဓာတ်ကို တခြား အစားအစာထက် ပိုပေးနိုင်တာကြောင့် အစာအနည်းငယ်သာ စားနိုင်သော ကလေးငယ်များအတွက် အင်အားဓာတ်ကို ရအောင် ဆီအနည်းငယ်ထည့်ကျွေးရပါမယ်။
    • အသီးအနှံတွေကို ကျွေးမယ်ဆိုရင်လည်း လတ်ဆတ်သော အသီးအနှံကို ကျွေးသင့်ပါတယ်။
    • အစားအစာကို ပြင်ဆင်တဲ့နေရာမှာ လက်၊ ပန်းကန်ခွက်ယောက်ဇွန်းတွေ သန့်ရှင်းဖို့ လိုပါတယ်။
    • အစားအစာများကို မကျွေးခင် နာရီဝက် တစ်နာရီအလိုမှာ ပြင်ဆင်ပြီး ပူပူနွေးနွေးလေး ကျွေးပါ။
    • အစားအစာကို ယင်၊ ပိုးဟပ်မဝင်အောင် အုပ်ဆောင်းနဲ့ အုပ်ထားပါ။
    • ကလေးက အဖတ်စကျွေးတဲ့ရင် ထွေးထုတ်တတ်ပါတယ်။ ဒါကြောင့် အစာကို လျှာဖျားထိပ်မှာ ထားပြီး မကျွေးဘဲ ပါးစပ်အတွင်းသို့ ရောက်အောင် ခွံ့ပါ။
    • ကလေးကို ထမင်းဝါးကျွေးတာ၊ ပိတ်စိမ်းတိုက်ကျွေးတာမျိုး မလုပ်ပါနဲ့။ လူကြီးဆီက ရောဂါပိုးတွေ ကူးနိုင်သလို၊ ပိတ်မသန့်ရင် ဝမ်းလျှောတတ်ပါတယ်။ ဇွန်းနဲ့ ချေပြီးပဲ ကျွေးပါ။
    • ကလေးက ထမင်းစားရင်း လျှောက်ဆော့တတ်တာ သဘာဝပါ။ ကလေးငြိမ်အောင် တီဗွီပြပြီး၊ ဖုန်းပြပြီး ထမင်းကျွေးတာမျိုး မလုပ်ပါနဲ့။ အကောင်းဆုံးက ကလေးကို ထမင်းမကျွေးခင် မေမေ အရင်စားထားပါ။ ဒါမှ စိတ်ရှည်လက်ရှည် ကျွေးနိုင်မှာပါ။
    • ကလေးကို တစ်ခါတည်း အများကြီး ကျွေးတာထက်စာရင် နည်းနည်းနဲ့ ခဏခဏ ကျွေးတာက ပိုပြီး အဆင်ပြေပါတယ်။
    • ကလေး နည်းနည်း အရွယ်ရောက်လာရင် ထမင်းဝိုင်းမှာ သူ့ဟာသူကိုင်ပြီး စားပါစေ။ ရှုပ်ပွပေမယ့် ဒီနည်းက ကလေးကို ဉာဏ်ကောင်းစေပြီး အစားကောင်းကောင်း စားစေပါတယ်။
    • ကလေးငယ် နေမကောင်း ဖြစ်နေချိန်နဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ အစာမကျွေးဘဲ မထားပါနဲ့။ အစာပျော့ပျော့ ခဏခဏ ကျွေးပါ။ အရည်များများတိုက်ပါ။ မိခင်နို့တိုက်ပါ။ ဓာတ်ဆားရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ်တိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement