backup og meta

ဆဲတတ်တာ ကလေးအပြစ်လား


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆဲတတ်တာ ကလေးအပြစ်လား

    လူကြားထဲရောက်မှ အမေကို ထဆဲတဲ့ ကလေး၊ မျက်စောင်းထိုး ခြေဆောင့်တဲ့ကလေးတွေကို တွေ့ဖူးပါသလား။ သင့်စိတ်ထဲ ဘာတွေးသလဲ။ ဟာ ဒီကလေး တော်တော်ရိုင်းပါလားပေါ့။ ငယ်ငယ်လေးနဲ့ အမေကိုတောင် ပြန်ပြောတယ်ကြည့်စမ်း ဆိုပြီး မတွေးမိဘူးလား။ သူ့အမေကရော ဘာလုပ်လိုက်လဲ။ ဆဲဦးဟာဆိုပြီး ဗျင်းတော့တာပေါ့။ လူကြားထဲမှာ အမေကရိုက် ကလေးကအော်ငိုနဲ့ တော်တော်ကြည့်ရဆိုးတဲ့ မြင်ကွင်းပါပဲ။ ဒီလို ရိုင်းတဲ့ ကလေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ဖူးမှာပါ။ ဒီ ၅နှစ် ၆နှစ်အရွယ် ကလေးတစ်ယောက် ရိုင်းနေတာ ဘာကြောင့်များလဲ။ ဘာတွေကများ ကလေးကို ဆဲတတ်အောင် သင်ပေးလိုက်တာပါလိမ့်။

    ကလေးတွေ ဘာကြောင့် ရိုင်းတာလဲ။

    ကလေးတွေက မွေးကတည်းက ရိုင်းတာမဟုတ်ဘူး။ မွေးကတည်း မျက်စောင်းထိုး၊ ဆဲတတ် ဆိုတတ်တာ မဟုတ်ဘူးဆိုတာ လက်ခံတယ်ဟုတ်။ ကလေးဆိုတာ ပတ်ဝန်းကျင်ကိုကြည့်ပြီး သင်ယူရင်း ကြီးလာကြတာပါ။ သူ့ပတ်ဝန်းကျင်က ဆဲတာကို လက်ခံတဲ့ ပတ်ဝန်းကျင်ဆိုရင် ဒီကလေး ဆဲတတ်တာ ဘာဆန်းလဲ။ မဟုတ်ဘူး။ သူ့ပတ်ဝန်းကျင်က ဆဲတာ ဆိုတာကို ကြိုက်တယ်ဆိုရင် ဒီကလေး ဘယ်မှာလာ ယဉ်ကျေးလိမ့်မလဲ။ သူ့နားက ဘယ်သူမှ ဆဲတာ ဆိုတာ ရန်ဖြစ်တာ မရှိဘူးဆိုရင် ဒီကလေးက ဆဲတာကို ဘယ်က သွားသင်မှာလဲ။  ကျေးညီနောင် ပုံပြင်လိုပါပဲ။ အကြောင်းရင်းကို ရှာကြည့်ရင် သူ့ပတ်ဝန်းကျင်က အဓိကပါပဲ။ ဒီတော့ ကလေးကို ရိုင်းတတ်အောင် ဘယ်သူကများ သင်ပေးနေတာလဲ။

    လက်ဦးဆရာ မိနဲ့ ဖဆိုတာ တကယ်ပါပဲ။ အဖေ၊ အမေက ရပ်ကွက်အော်ကြောလန် တစ်နေကုန် ဆဲရေးတိုင်းထွာနေမယ်ဆိုရင် ကလေးက ဘာမှမသိဘဲ လိုက်ပြောနေမှာပါ။ သူ့အနေနဲ့ ဒါဟာ ဆဲနေတာပါလား။ ဆဲတာဟာ မကောင်းဘူးဆိုတာ သိချင်မှ သိမှာပါ။ သာမန်စကားပြောတယ်ပဲ ထင်ပြီး လိုက်ပြောနေမှာပါ။

    • မိဘတွေ ရန်ဖြစ်တာ

    ကလေးရှေ့မှာ မိဘတွေက လင်မယားချင်းပဲ ဖြစ်ဖြစ် သူများနဲ့ပဲဖြစ်ဖြစ် ရန်မဖြစ်ပြရပါဘူး။ အထူးသဖြင့် လင်မယားချင်း ရန်ဖြစ်တာပါ။ မိဘတွေက ကလေးရှေ့မှာ ရန်ဖြစ်မယ်။ ပစ္စည်းတွေ ရိုက်ခွဲမယ်။ ဆဲဆိုမယ်။ တစ်ရက် နှစ်ရက်လောက်နေတော့ ပြန်အဆင်ပြေသွားတယ်။ ဒါဆိုရင် ကလေး စိတ်ထဲမှာ ဘယ်လိုထင်မလဲ။ ဆဲတာက ဘာမှ မဟုတ်ပါလား။ ဆဲပြီးရင်လည်း အချင်းချင်း ပြန်ပြေလည်နိုင်ပါလားလို့ ထင်သွားပါမယ်။

    မိဘတွေကို ရန်ဖြစ်ပြီး ပြန်မခေါ်ရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ လင်မယားအချင်းချင်း ရှင်းစရာရှိရင် ကလေးမျက်ကွယ်မှာ ရှင်းဖို့ ပြောချင်တာပါ။ နောက်ပြီး ကလေးတွေ ရှေ့မှာ မိဘတွေ ခဏခဏ ရန်ဖြစ်ရင်၊ ရန်ဖြစ်တာကို မြင်နေရရင် ကလေးစိတ်ဒဏ်ရာ ဖြစ်သွားပါမယ်။

    • အားပေးအားမြှောက်လုပ်တာ

    မိဘတွေက ကလေး စကားစပြောရင် သိပ်ဝမ်းသာ ကြပါတယ်။ ကလေး ဘာလေးပဲ ပြောလိုက် ပြောလိုက် ပျော်နေကြပါတယ်။ မတော်တဆ ကလေးရှေ့မှာ တစ်ယောက်ယောက်က ဆဲပြတာကို ကလေးက လိုက်ပြောရင် ကလေးက အတတ်မြန်လိုက်တာဆိုပြီး ဝမ်းသာကြပါတယ်။ မပီကလာ ပီကလာဆဲတာကို ချစ်စရာ ကောင်းတယ်လို့ ထင်ကြပါတယ်။ တစ်ယောက်ယောက်က စလိုက်၊ ကလေးက မပီတပီ ဆဲလိုက်တာကို အဟုတ်ထင်နေကြပါတယ်။

    တချို့ဆို ‘ဆဲလိုက် သားလေး ဦးဦးကို ဆဲလိုက်’လို့ မြှောက်တောင် ပေးလိုက်သေး။ ကလေးက ဆဲတာကို မိဘတွေက ရယ်နေတော့ ကလေး စိတ်ထဲ ဘယ်လိုထင်မလဲ။ သူက ဒါကို ဆဲတယ်လို့တောင် မသိဘူးလေ။ ဒါပေမယ့် သူဆဲရင် မိဘတွေက ရယ်နေတော့ ငါဒီလို လုပ်လို့ရတယ်။ ဒါဒီလိုလုပ်ရင် ဖေဖေနဲ့ မေမေက ရယ်နေတယ်ဟဆိုပြီး ကလေးက မှတ်ထားပါတယ်။

    နောက်တဖြည်းဖြည်းနဲ့ ကလေးက မိဘတွေရဲ့ အာရုံစိုက်တာ ခံချင်ရင် ဆဲပြပါတော့တယ်။ ဒီခေတ်စကားနဲ့ဆို Attention seeker ပေါ့။

    • ပတ်ဝန်းကျင်ကြောင့်

    ဘေးက အိမ်နီးနားချင်းတွေက ရန်ဖြစ်ရင် ကလေးပီပီ စပ်စုတတ်ပါတယ်။ လူကြီးတွေ ဘာတွေများ ပြောနေလည်းပေါ့။ သူက သင်တဲ့ အရွယ်ကိုး။ မိဘက ဒါကို သတိထားမိရင် ဒါဟာ မကောင်းဘူးဆိုတဲ့ အကြောင်း တစ်ခါတည်း ရှင်းပြပါ။ လိုက်မလုပ်သင့်ဘူး။ ဒါက ဆိုးတဲ့ သူတွေပဲ ပြောတဲ့ စကားဖြစ်ကြောင်း တစ်ခါတည်း သင်ပေးလိုက်ပါ။

    • ဆွေမျိုးတွေကြောင့်

    တစ်ခါတစ်လေ မေမေတွေက မအားလို့ ကလေးကို ဆွေမျိုးအိမ်သွားအပ်ထားတယ်။ ပြန်ခေါ်လာတော့ ကလေးက စာလုံးအသစ်လေးနဲ့ ဆဲတတ်နေပြီ။ မေမေရင်ကျိုးတော့တာပဲ။ ခုနပြောတဲ့ အချက်တွေကို မေမေနားလည်ရင်တောင် ဆွေမျိုးတွေက မသိနိုင်ဘူးလေ။ ဒါကြောင့် ကလေးရှေ့မှာ ဆဲမိမယ်။ ပြောမိမယ်ဆိုရင် ကလေးကလိုက်ပြောမှာပဲ။ ဒါကြောင့် မေမေက ကလေးကို ဆွေမျိုးတွေဆီ အပ်ခဲ့မယ်ဆိုရင် ကလေးနဲ့ ပတ်သတ်တဲ့ စည်းကမ်းတွေကို တစ်ခါတည်း မေတ္တာရပ်ခံခဲ့ပါ။

    • ဂိမ်းပေးဆော့တာ

    လက်တောက်လောက်လေးနဲ့ ဖုန်းနဲ့ ဂိမ်းဆော့ပြီး ပါးစပ်က တရစပ် ဆဲနေတဲ့ ကလေးများ တွေ့ဖူးပါသလား။ မရှိလောက်ဘူး ထင်ခဲ့တာ ရှိတယ်ဗျ။ ဆဲနေတာများ လူကြီးလေးတစ်ယောက်လိုပဲ။ တကယ်တော့ ဒီအရွယ်ကလေးတွေကို ဂိမ်းပေးမဆော့သင့်ပါဘူး။ Screen timeကို ထိထိရောက်ရောက် ထိန်းချုပ်ထားရမှာပါ။ ဆော့တဲ့ ဂိမ်းက လူကြီးဂိမ်းဖြစ်နေရင် ပိုဆိုးပါတယ်။ အသတ်အဖြတ်ဂိမ်းတွေကို တစ်ယောက်နဲ့ တစ်ယောက် ချိတ်ပြီး ဆော့မယ်။ ဆော့နေရင်း အားတွေ ပါလာပြီး ဆဲမယ် ဆိုမယ် စသဖြင့် ဖြစ်လာပါတယ်။ ဒီဂိမ်းတွေက အသက်ကန့်သတ်ချက်ရှိပြီးသားပါ။ ကလေးတွေနဲ့ မသင့်တော်ပါဘူး။ မိဘက သေသေချာချာ စောင့်ကြည့်နေရမှာပါ။

    လူဆိုတာ အခက်သား။ ခုနေ ဘာလုပ်ချင်လဲ မေးရင် ငယ်ငယ်တုန်းကလို စားလိုက် အိပ်လိုက်ပဲ လုပ်ချင်တယ်။ အလုပ်တွေ မလုပ်ချင်ဘူး။ စားလိုက် အိပ်လိုက် လုပ်လို့ရတဲ့ အရွယ်တုန်းကရော စာရေးသူတို့ ဘာလုပ်ချင်ခဲ့လဲ။ ဖေဖေ့လို ပိုက်ဆံရှာချင်တယ်။ ဖေဖေက အပြင်ပဲ သွားနေရတာ ကောင်းလိုက်တာလို့ တွေးဖူးတယ်ဟုတ်။ မိန်းကလေးတွေဆို မေမေ့ ဆလင်းအိတ်ဘတ်လွယ် နှုတ်ခမ်းနီဆိုးပြီး ဆော့မယ်။ သားတွေဆို ဆေးလိပ်သောက်သလို ခဲတံကို လက်ကြားညပ်ပြီး ဆော့မယ်။ လူကြီးဖြစ်ချင်တာပေါ့။

    ခုလည်း အဲ့လိုပဲ။ ကလေးဆိုတာ မဆဲရဘူးလို့ မေမေက သင်ထားရင် ဒါမှမဟုတ် လူကြီးတွေက ဆဲပြရင် ကလေးက ဆဲတာက လူကြီး အလုပ်ပဲလို့ ယူဆပြီး ဆဲလိုက်ရင်ပဲ လူကြီး ဖြစ်သွားသလို ခံစားရလို့ လိုက်ဆဲတာပါ။ ဒါကြောင့် မေမေတွေက ကလေးကို ဆဲတာက မကောင်းဘူးလို့ ရိုးရိုးရှင်းရှင်း သင်ထားရင် ရပါပြီ။

    ဒါက ကလေးတွေ ဘာကြောင့်များ ဆဲသလဲနဲ့ ပတ်သတ်ပြီး စဉ်းစားမိသလောက် ရေးထားတာပါ။ ဘာတွေများ ကိုယ်နဲ့ ကိုက်နေသလဲ။ ဖေဖေ မေမေတို့ အချိန်မီပြင်နိုင်ဖို့ မျှော်လင့်ပါတယ်။ နောက်ဆောင်းပါးမှာ ဆဲတတ်တဲ့ ကလေးတွေကို ဘယ်လို ကိုင်တွယ်မလဲနဲ့ ပတ်သတ်ပြီး ဆက်ပြောပြပေးပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement