backup og meta

ကလေးများအတွက် ကျန်းမာသော အိပ်စက်ခြင်းနည်းလမ်းများ


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများအတွက် ကျန်းမာသော အိပ်စက်ခြင်းနည်းလမ်းများ

    အိပ်စက်ခြင်းဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ တိုးတက်လာစေဖို့ အကြီးမားဆုံး အထောက်အပံ့ပါပဲ။ အားလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် ကလေးတစ်ယောက်ဟာ သူ့ရဲ့ကလေးဘ၀၄၀%လောက်ကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးစေပါတယ်။

    မိဘတွေအနေနဲ့ သင့်ကလေးဟာ လုံလောက်ပြီး အရည်အသွေးမြင့်တဲ့ အိပ်ချိန်တွေရရှိတယ်ဆိုတာ သေချာနိုင်ဖို့ သင်ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။

    အိပ်စက်ခြင်းရဲ့ အရေးပါပုံများ

    ကလေးတွေအတွက် အိပ်စက်ခြင်းဟာ အရေးပါတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ကျန်းမာရေးကို ကောင်းမွန်ပြည့်စုံစေဖို့တွက် အိပ်စက်ခြင်းက ဘယ်အခန်းကဏ္ဍမှာ လှုပ်ရှားနေတာလဲ။

    အိပ်စက်ခြင်းဟာ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပါတယ်။ အမျိုးသားကလေးဆေးရုံကြီး (Children’s National Medical Center) က အိပ်ဆေးဒါရိုက်တာ၊MDဖြစ်တဲ့ Judith Owens ကတော့ နှစ်နှစ်ခြိုက်ခြိုက် အချိန်ကြာကြာအိပ်စက်ခြင်းဟာ ကလေးတွေရဲ့ ခန္ဓါကိုယ်ကနေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးကောင်းမွန်စေတဲ့ ကြီးထွားတဲ့ဟော်မုန်းတွေကို ထုတ်ပေးနိုင်ပါတယ်လို့ဆိုပါတယ်။

    လေ့လာသူတွေကလည်း IQမြင့်မားတဲ့ကလေးတွေဟာ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ ပိုပြီးကြာကြာအိပ်လေ့ရှိပါတယ်တဲ့။ အထူးသဖြင့် အသက်၃နှစ်နဲ့ ၄နှစ်ကြားမှာ အိပ်ချိန်နည်းခြင်းဟာ အာရုံကြောဆိုင်ရာစစ်ဆေးမှုတွေမှာတော့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေ ကျဆင်းနေတာနဲ့ Hyperactivity (တက်ကြွလွန်ခြင်း)တွေနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။

    အိပ်စက်ခြင်းဟာ နှလုံးကျန်းမာရေးအပေါ် သက်ရောက်စေပါတယ်။ မိဘတွေ ကလေးကိုသိပ်ခြင်းဟာ ဦးနှောက်ကျန်းမာရေးအတွက် အဓိကအကြောင်းရင်းဖြစ်တယ်လို့ သတ်မှတ်ထားပေမယ့် အိပ်စက်ခြင်းဟာ ဦးနှောက်တစ်ခုတည်းပေါ်သက်ရောက်နေတာထက်တော့ အများကြီးပိုနေပါတယ်။

    အိပ်စက်ခြင်းက နှလုံးသွေးကြောစနစ်အတွက် ပြန်လည်ကုသခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းတွေမှာ ပါဝင်နေပြီး ပုံမှန်အိပ်စက်ချိန်ချို့တဲ့ခြင်းဟာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တဲ့ သွေးဖိအားမြင့်ခြင်းနဲ့ လေဖြတ်ခြင်းတွေ နဲ့ ဆက်စပ်နေပါတယ်။

    အိပ်စက်ခြင်းဟာ အလေးချိန်ပြောင်းလဲခြင်းကိုလည်း ထိန်းချုပ်ပါတယ်။ အိပ်စက်ချိန်နည်းသူတွေဟာ အိပ်ရေးဝသူတွေထက် ကယ်လိုရီတွေ ပိုပြီးစားမိပါတယ်လို့ UCL (University College London)ရဲ့ လေ့လာသူတွေက ၂၀၁၄တုန်းက လေ့လာတွေ့ရှိထားပါတယ်။

    ကျွမ်းကျင်သူတွေကတော့အိပ်ရေးမဝခြင်းဟာ Leptin (ခန္ဓါကိုယ် ပြည့်ဝမှုကို ဦးနှောက်ကို သတင်းပို့သော ဟော်မုန်း) ထုတ်လွှတ်မှုကို အနှောက်အယှက်ဖြစ်စေတယ်လို့ ရှင်းပြထားပြီး ဒါကြောင့်ပဲ အိပ်ချိန်နည်းသူတွေက ပိုစားဖြစ်ကြတာလို့ ဆိုပါတယ်။

    ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ (John Hopkins University) အခြားသော လေ့လာမှုတစ်ရပ်ကတော့ တစ်နာရီပိုတိုးပြီးအိပ်စက်တိုင်းမှာ ကလေးငယ်တွေ အဝလွန်ခြင်းဖြစ်နိုင်ချေကို ၉%လျှော့ချပေးနိုင်ပါတယ်တဲ့။

    အိပ်စက်ခြင်းက ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ cytokines-signaling ဆဲလ်တွေ( ရောင်ယမ်းခြင်းနဲ့ စိတ်ဖိစီးမှုတွေအတွက် ခန္ဓါကိုယ်ရဲ့တုံ့ပြန်မှုတွေကို လှုံ့ဆော်ပေးတဲ့ ဆဲလ်တွေ) ထုတ်လုပ်ပေးမှုဟာ အိပ်ချိန်အလိုက်မြင့်တက်လာပါတယ်။ (ဒါဟာ ကျွန်တော်တို့အားလုံး ဖျားနေတဲ့အခါ ဒါမှမဟုတ် အအေးမိတဲ့အခါ ဘာကြောင့်အိပ်ချင်နေရတာလဲဆိုတာရဲ့ အဖြေပါပဲ) အိပ်ချိန်အရမ်းနည်းခြင်းခြင်းဟာ cytokineရဲ့ အရေအတွက်ကို သက်ရောက်စေနိုင်ပြီး ဒါကြောင့်ပဲ ကျွန်တော်တို့ ရောဂါဖြစ်နိုင်ချေတွေကို မြင့်တက်စေနိုင်ပါတယ်။

    အိပ်ချိန် ဘယ်လောက်က လုံလောက်တဲ့အိပ်ချိန်ဖြစ်မလဲ။

    မွေးကင်းစ (၄လမှ ၁၂လထိ) : ၁၂နာရီမှ ၁၆နာရီထိ

    လမ်းလျှောက်တတ်စအရွယ်(၁နှစ်မှ ၂နှစ်) : ၁၁နာရီမှ ၁၄နာရီထိ

    မူကြို (၃နှစ်မှ ၅နှစ်) : ၁၀ နာရီမှ ၁၃နာရီ

    ကျောင်းနေအရွယ် (၆နှစ်မှ ၁၂နှစ်) : ၉နာရီမှ ၁၂နာရီ

    ဆယ်ကျော်သက် (၁၃နှစ်မှ ၁၈နှစ်) : ၈နာရီမှ ၁၀နာရီ

    ကလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်ခြင်းကို ရရှိစေနိုင်မယ့် အချက်များ

    တိကျတဲ့ အိပ်ချိန်တစ်ခုသတ်မှတ်ပါ။ ကလေးတွေအတွက် သူတို့ ငယ်ရွယ်စဉ်ကတည်းက ပုံမှန် အိပ်စက်ခြင်း၊ နိုးထခြင်း စက်ဝန်းကို မှန်ကန်စေဖို့အတွက် အိပ်ချိန်သတ်မှတ်ပေးတာဟာ သိပ်ကိုအရေးကြီးပါတယ်။

    ဒါဟာ အနာဂတ်မှာလည်း အချိန်တန်ရင် အိပ်ရာဝင်ဖို့ တိုက်တွန်းတဲ့အခါ သင့်ကိုဒုက္ခမရောက်စေနိုင်တော့ဘူးလေ…

    နေ့ဘက်မှာ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ခြင်းကို အားပေးပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကလေးငယ်ရဲ့ ခွန်အားနဲ့ အရပ်အမြင့်ကိုသာ ထောက်ပံ့နေတာမဟုတ်ဘဲ ညဘက်မှာပါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်စေဖို့ အထောက်အကူပြုပါတယ။်

    ကျွမ်းကျင်ပညာရှင်တွေကတော့ ဒါဟာ သူတို့ရဲ့ လှုပ်ရှားနေမှုတွေအတွင်းနဲ့ လှုပ်ရှားမှုအပြီးမှာ ပြောင်းလဲသွားတဲ့ ခန္ဓါကိုယ် အပူချိန်ကြောင့် အိပ်ချင်စိတ်ကို ပိုတိုးစေတာလို့ ဆိုပါတယ်။

    ကလေးရဲ့အခန်းထဲက လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေကို ဖယ်ရှားပေးပါ။ လေ့လာမှုတွေအရတော့ လက်ကိုင်ဖုန်းသို့မဟုတ် TV စတဲ့လျှပ်စစ်အသုံးအဆောင်တွေကနေထွက်တဲ့ အပြာရောင် အလင်းတန်းတွေဟာ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။

    ကဖိန်းဓါတ်ပါတဲ့အရာတွေ ဒါမှမဟုတ် သကြားအလွန်အကျွံပါတဲ့စားစရာတွေကို တစ်ရေးတမောအိပ်စက်အနားယူချိန်တွေနဲ့ အိပ်ချိန်တစ်ဝိုက်မှာ လုံးဝမကျွေးပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement