backup og meta

ကလေးများတွင် သံဓာတ် ချို့တဲ့ခြင်းကြောင့်သွေးအားနည်းရောဂါကိုကာကွယ်ကြမယ်။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများတွင် သံဓာတ် ချို့တဲ့ခြင်းကြောင့်သွေးအားနည်းရောဂါကိုကာကွယ်ကြမယ်။

    သံဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပါ။ သံဓာတ်ချို့တဲ့တာကြောင့် သွေးနီဥရဲ့ အဓိက အစိတ်အပိုင်းလေးတွေ ဖြစ်တဲ့ haemoglobin လေးတွေမတည်ဆောက်နိုင်တဲ့ အတွက် သွေးအားနည်းလာခြင်းဖြစ်ပါတယ်။

    ရောဂါ ဖြစ်လာပြီဆိုရင် ရောဂါလက္ခဏာတွေ အနေနဲ့ ကလေးဟာ အသားအရေဖြူဖျော့နေမယ်။ မျက်ခမ်း အတွင်းသားတွေ ဖြူဖျော့နေမယ်။ ကြီးထွားမှုနှုန်း နှေးနေမယ်။မောပန်းလွယ်မယ်။ လက်သည်းခွံလေးတွေက ချိုင့်နေ၊ ပြားနေပြီး ကျိုးလွယ်မယ်။ အခြားရောဂါပိုးတွေ အဝင်လွယ်ပြီး မကြာခဏဖျားမယ် စတဲ့ ရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘေလုံးကြီးလာခြင်း၊ နှလုံးထိခိုက်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း စတဲ့ အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီရောဂါကို ကာကွယ်ဖို့ အရမ်းအရေးကြီးပါတယ်။

    သံဓာတ် ချို့တဲ့တာကိုဘယ်လိုကာကွယ်ကြမလဲ။

    ၁။ လမစေ့၊ ပေါင်မပြည့်ကလေးများ (သို့) အမြွာကလေးများ မွေးထားမယ်ဆိုရင် ပိုဂရုစိုက်ပါ။

    လမစေ့ဘဲ မွေးတဲ့ကလေးတွေ၊ ပေါင်မပြည့်တဲ့ကလေးတွေ၊ အမြွာလေးတွေဟာ လုံလောက်တဲ့ သံဓာတ်ကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မသိမ်းဆည်းထားနိုင်တဲ့အတွက် သူတို့မှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ အဖြစ်များပါတယ်။ အဲဒါကြောင့် အဲလို ကလေးလေးရှိတဲ့ မိခင်တွေအနေနဲ့ ကလေးလေးအတွက် နေ့စဉ်လိုအပ်တဲ့ သံဓာတ်ကို ဖြည့်ပေးနိုင်ဖို့အတွက် ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ၂။ မိခင်နို့ကို သေသေချာချာတိုက်ကျွေးပါ။

    မိခင်နို့ဟာ မွေးကင်းစကလေးငယ်တွေအတွက် အသက်၆လ အထိ ပြီးပြည့်စုံတဲ့ တစ်ခုတည်းသော အာဟာရဓာတ်ဖြစ်ပြီး မိခင်နို့ကို ကလေးအသက် ၂နှစ်အထိ ဆက်ပြီး တိုက်ကျွေးနိုင်ပါတယ်။ မိခင်နို့ကို သေသေချာချာ မတိုက်ဘဲ နွားနို့ တိုက်မယ်ဆိုရင် နွားနို့မှာ သံဓာတ်ပါဝင်မှုအလွန်နည်းတာကြောင့် ကလေးလေးမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ ပိုဖြစ်နိုင်ချေ များပါတယ်။ အခြားနို့မှုန့်တွေ တိုက်မယ်ဆိုရင်လည်း သံဓာတ်အားဖြည့်ထားတာမျိုး မဟုတ်ဘူးဆိုရင် ကလေးအတွက် လုံလောက်တဲ့ သံဓာတ်ရနိုင်မှာ မဟုတ်ပါဘူး။

    ၃။ နို့တိုက်မိခင်တွေ အနေနဲ့လည်း သံဓာတ်ပြည့်ဝအောင်နေပါ။

    မိမိကလေးငယ်ကို သံဓာတ်လုံလုံလောက်လောက် ပေးနိုင်ဖို့အတွက် နို့တိုက်နေတဲ့ မိခင်တွေဟာ သံဓာတ်ပါတဲ့ အစားအစာတွေ ဖြစ်တဲ့ နီရဲတဲ့ အသားများ(ဥပမာ- အမဲသား၊ ဆိတ်သား) ၊ အသွေး၊ အသည်း၊ ပဲပင်ပေါက်၊ ပဲအမျိုးမျိုး နဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းရွက်တွေ (ဥပမာ- ကန်စွန်းရွက်၊ ဟင်းနုနွယ်) စတာတွေကို နေ့စဉ်အစားအစာတွေထဲမှာ ထည့်သွင်းပြီး စားပေးရပါမယ်။ ဒါ့ပြင် သံဓာတ်အားဆေးကိုလည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မှီဝဲသင့်ပါတယ်။

    ၄။ ဖြည့်စွက်စာတွေထဲမှာ သံဓာတ်ပါတဲ့ အစားအစာတွေကို ထည့်ကျွေးပါ။

    အသက် ၆လ ပြည့်ပြီးလို့ ဖြည့်စွက်စာတွေ ကျွေးတဲ့အခါမှာလည်း အရှေ့မှာ ပြောပြထားတဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို အသက်အရွယ်အလိုက် ဂရုတစိုက် ချက်ပြုတ်ပြီး ကျွေးသင့်ပါတယ်။ ကလေးလေးကို အစာချေးမများအောင် ငယ်စဉ်ကတည်းက စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ကျွေးမွေးထားသင့်ပါတယ်။

    ၅။ ကြီးထွားတဲ့အရွယ်မှာ သံဓာတ်ဖြည့်စွက် အားဆေးတွေ တိုက်ကျွေးပေးပါ။

    ဆယ်ကျော်သက်အရွယ်၊ အပျို(သို့) လူပျိုဖော် ဝင်တဲ့အရွယ်ရောက်နေတဲ့ ကလေးတွေဟာ ဖွံ့ဖြိုးကြီးထွားတဲ့ အရွယ်ဖြစ်တဲ့အတွက် တစ်နေ့တာအတွက် လိုအပ်တဲ့ သံဓာတ်ပမာဏပိုများပါတယ်။ ဒါ့ကြောင့် အဲဒီလို အရွယ်ကလေးတွေအတွက် သံဓာတ်ပါတဲ့ ဖြည့်စွက်အားဆေးလေးတွေ ကျွေးသင့်ပါတယ်။

    ၆။ ပုံမှန် ၆လ တစ်ကြိမ် သန်ချပေးပါ။

    သန်ကောင်တွေ ကြောင့်လည်း ကလေးငယ်တွေမှာ ဒီလို သွေးအားနည်းခြင်း ဖြစ်နိုင်တဲ့အတွက် ကလေးအသက် ၁ နှစ်ကျော်အရွယ် ကစပြီး ၆လ တစ်ကြိမ် သန်ချပေးဖို့ လိုအပ်ပါတယ်။

    ၇။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားပေးဖို့ မမေ့ပါနဲ့။

    ဗီတာမင် C ဟာ သံဓာတ်ကို ခန္ဓာကိုယ်က များများစုပ်ယူနိုင်အောင် ကူညီပေးတဲ့အတွက် ဗီတာမင် C ပါတဲ့ အစားအစာတွေ ဖြစ်တဲ့ ချဉ်တဲ့ အသီးလေးတွေ( ဥပမာ-နာနတ်သီး၊ သရက်သီး၊ သံပရာသီး၊ စတော်ဘယ်ရီသီး) စတာလေးတွေကိုလည်း ထည့်ကျွေးဖို့ မမေ့ပါနဲ့နော်။

    ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့မေမေတွေ အနေနဲ့ မိမိတို့ရဲ့ ကလေးလေးတွေမှာ သံဓာတ်ချို့တဲ့ ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

    ရေးသားသူ- Khine Phoo Ngon

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement