backup og meta

ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖြည့်စွက်စာ တွေကို ဘယ်လို ကျွေးကြမလဲနဲ့ အခြားဂရုစိုက်သင့်သော အချက်များ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖြည့်စွက်စာ တွေကို ဘယ်လို ကျွေးကြမလဲနဲ့ အခြားဂရုစိုက်သင့်သော အချက်များ။

    မိခင်နို့ဟာ ကလေးငယ်တွေရဲ့ အသက် ၆လ အထိ ပြည့်၀ လုံလောက်တဲ့ အာဟာရဓါတ်ကို ပေးနိုင်တဲ့ တစ်ခုတည်းသောအရာ ဖြစ်တဲ့အတွက် အသက် ၆ လအထိ ကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ဒါပေမယ့် အသက် ၆ လ ကျော်သွားတဲ့အခါမှာ နို့တစ်မျိုးတည်းနဲ့ မလုံလောက်တော့ဘဲ  ဖြည့်စွက်စာ တွေ ထည့်ကျွေးဖို့ လိုအပ်လာပါတယ်။ ဒီဆောင်ပါးလေးမှာတော့ ကလေးလေးအသက် ၆ လပြည့်ပြီးသွားတဲ့ ကလေးလေးတွေရဲ့ မေမေတွေအနေနဲ့ ကလေးရဲ့ဘယ်အသက်အရွယ်အလိုက် ဘာတွေ၊ ဘယ်လို ဖြည့်စွက် ကျွေးနိုင်တယ် ဆိုတဲ့အကြောင်းလေး မျှဝေပေးသွားချင်ပါတယ်။

    ၁။ အသက် ၆လ မှ ၈လ အထိ

    မိခင်နို့ကိုတော့ ကလေးလေးစို့ချင်သလောက် ပေးစို့နိုင်ပါတယ်။ ဒါ့အပြင် ဖြည့်စွက်စာ အနေနဲ့ မိသားစုစားတဲ့ ထမင်းအိုးထဲက မကျက်တစ်ကျက် ထမင်း အနည်းငယ်ယူပြီး ဆီတစ်ပေါက် နှစ်ပေါက်ထည့်၊ ရေထည့်ပြီး ပိုပြီး ပျော့သွားအောင်၊ နူးညံ့သွားအောင် ကျိုချက်ပေးနိုင်ပါတယ်။ (သို့) ဆန်အမှုန့် ၄ဆ၊ ပဲအမှုန့် ၁ဆ ရောပြီး၊ ဆီအနည်းငယ် နဲ့ ရေထည့်ပြီး ကျိုချက်ပေးနိုင်ပါတယ်။ အဲဒီဖြည့်စွက်စာကို နို့တိုက်ပြီးတဲ့အခါ တစ်နေ့ကို တစ်ကြိမ်၊ နှစ်ကြိမ် တစ်ခါကျွေးရင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ဇွန်းလောက် ကျွေးနိုင်ပါတယ်။

    ၂။ အသက် ၈လ မှ ၁နှစ် အထိ

    ၈လမှ ၁နှစ်အရွယ်ကလေးလေးတွေ အတွက် ဖြည့်စွက်စာ အနေနဲ့ အရှေ့က နည်းအတိုင်းချက်ထားတဲ့ ထမင်းအပြင် နူးညံ့အောင် ချက်ပြုတ်ထားတဲ့ အသား၊ငါး၊ ကြက်ဥပြုတ်၊ ပဲ၊ ကြက်အသဲ၊ ကြေညက်အောင်လုပ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကိုပါ အနည်းငယ်ထည့်ပြီး ကျွေးနိုင်ပါတယ်။  ဒါ့အပြင် သေသေချာချာ ကြိတ်ထား၊ ချေထားတဲ့ ငှက်ပျောသီး၊ သရက်သီးနဲ့ သင်္ဘောသီးတွေကိုလည်း ထည့်ပေးသင့်ပါတယ်။ မိခင်နို့ကိုလည်း ကလေးလေးတောင်းသလောက် တိုက်နိုင်ပြီး မိခင်နို့ သောက်နေတဲ့ ကလေးလေးဆိုရင်တော့ တစ်နေ့ကို ဖြည့်စွက်စာ ၃ကြိမ်နဲ့ နို့မသောက်တဲ့ ကလေးဆိုရင်တော့ ၅ကြိမ်လောက်ထိ ကျွေးပေးနိုင်ပါတယ်။

    ၃။ အသက် ၁နှစ်မှ ၅ နှစ်အရွယ်အထိ

    မိခင်နို့ကို ကလေးလေးအသက် ၂ နှစ်အထိ ဆက်ပြီး တိုက်ကျွေးနိုင်ပါတယ်။ အခြားမိသားစုဝင်တွေနဲ့ အတူတူ ထမင်းကို ဟင်း ( စပ်တဲ့ အစားအစာတွေ၊ အရမ်း မာတဲ့အစားအစာတွေ မဟုတ်တဲ့ ဟင်းတွေ ) အပြင် ဥအမျိုးမျိုး၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် တစ်မျိုးမျိုးနဲ့ တစ်နေ့ ၃ ကြိမ်လောက် နည်းနည်းစီ ကျွေးနိုင်ပါတယ်။ ကြားထဲမှာလည်း ကလေးလေးကို အာဟာရ ဖြစ်စေနိုင်မယ့် အစားအစာတွေ ( ဥပမာ-အာလူး၊ ကန်စွန်းဥ၊ ပဲ၊ ဆန်စတာတွေနဲ့ ပြုလုပ်ထားတဲ့ မြန်မာမုန့်လေးတွေ၊ နာနတ်သီး၊ ငှက်ပျောသီး၊ သရက်သီး၊  စတဲ့သစ်သီးလေးတွေ) ကို ကျွေးသင့်ပါတယ်။

    သတိထားရမည့် အချက်များ

    ၁။ ကလေးလေးအသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းကို သာ တိုက်ကျွေးပြီး ဖြည့်စွက်စာတွေကို အသက် ၆လပြည့်ပြီးမှသာ စပြီး ကျွေးရပါမယ်။

    ၂။ ပုံမှန် နို့သောက်နေကျ ကလေးလေးကို ရုတ်တရက် အစားအစာစကျွေးတာ ဖြစ်တဲ့အတွက် ပါးစပ်ထဲကို တစ်ခါထည့်ရင် နည်းနည်းချင်းစီလောက်ပဲ ထည့်ပြီး ကျွေးပေးဖို့ အရေးကြီးပါတယ်။ “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားအတိုင်း လိုအပ်တာထက် ပိုကျွေးမိမယ်ဆိုရင် အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် သူတို့ရဲ့ အသက်အရွယ်အလိုက် ကျွေးသင့်တဲ့ အစားအစာနဲ့ ပမာဏကိုသာ ကျွေးရပါမယ်။

    ၃။ အစားအစာ တစ်ခုခုကို ကျွေးလို့ကလေးလေးက ငြင်းတယ်၊ မစားဘူးဆိုရင်လည်း ကလေးကို အမြဲတမ်းမကျွေးတော့တာမျိုး မလုပ်ဘဲ နောက် သုံး၊လေးရက်နေရင် ပြန်ကျွေးကြည့်တာမျိုး၊ ထပ်ခါ ထပ်ခါကြိုးစားပြီး ကျွေးသင့်ပါတယ်။

    ၄။ နောက်ထပ် အရေးကြီးတာ တစ်ချက်ကတော့ ကလေးငယ်လေးတွေဟာ ခုခံအားနည်းတဲ့အတွက် ဖြည့်စွက်စာ ချက်ပြုတ် ပြင်ဆင်တဲ့အခါမှာ အစားအစာတွေနဲ့ ထည့်မယ့်ခွက်တွေကို ဆေးကြောပေးတာ၊ လက်သေသေချာချာဆေးပေးတာ၊ ကျက်အောင် နူးညံ့အောင် ချက်ပြုတ်ပေးတာ စတဲ့ နည်းလမ်းတွေနဲ့ အန္တရာယ်ကင်းအောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

    မိဘတိုင်းအတွက် မိမိတို့ ကလေးလေးတွေလိုအပ်တဲ့ အာဟာရဓါတ်တွေရနိုင်ပြီး ကျန်းမာတဲ့ ကလေးလေးတွေအဖြစ် ပြုစုပျိုးထောင်နိုင်ကြဖို့ ဒီဆောင်းပါးလေးက အကူအညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

    ရေးသားသူ-  Khine Phoo Ngon

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement