backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

လမ်းလျှောက်တတ်စအရွယ် မှာ ကလေးတစ်ယောက်ဟာ လျင်မြန်တဲ့ ပြောင်းလဲမှုတွေ နဲ့ ကြီးထွားလာတာပါ။ ဒီအရွယ်မှာ သင်ယူလေ့လာမှုတွေကို လုပ်ကြပါတယ်။ အရာရာနဲ့ ချိတ်ဆက်ဖို့ ကြိုးစားကြတယ်။ လေ့လာ စူးစမ်းကြတယ်။

ဒါတွေက ကလေးတစ်ယောက်ရဲ့  ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စဉ် တစ်ရပ်ပါ။ ဒီကာလမှာ ကလေးတွေရဲ့ သိမြင်မှုစွမ်းရည်တွေ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ ဘာသာစကားစွမ်းရည်တွေ၊ လူမှုဆက်ဆံရေးတွေအကုန် ဖွံ့ဖြိုးလာပါတယ်။

လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

လမ်းလျှောက်တတ်စ အရွယ်က ကလေးမှာ ပြောင်းလဲမှုတွေ အများကြီး ကြုံတွေ့ရတဲ့ အချိန်ပါ။ ဘယ်လို ပြောင်းလဲမှုတွေ တွေ့ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

သိမြင်မှု စွမ်းရည် ဖွံ့ဖြိုးမှု

ဒါကတေ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုပါ။ ကလေးက ဗဟုသုတတွေကို စတင် မှတ်သား ရယူနိုင်ပြီး သတင်းအချက်အလက်တွေ ရယူစုဆောင်းတဲ့ အဆင့်ပါ။ တွေးတောတာ၊ ကျိုးကြောင်းဆင်ခြင်တာတွေကို လုပ်ဆောင်နိုင်တဲ့ စွမ်းရည် တိုးတက်လာတာပါ။

ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

လမ်းလျှောက်တတ်စ အရွယ်မှာ သူတို့ရဲ့ စကားပြောဆိုနိုင်မှု စွမ်းရည် တိုးလာသလို လှုပ်ရှားနိုင်မှု စွမ်းရည်လည်း တိုးလာပါတယ်။ ဒီကာလမှာ ကလေးက လမ်းလျှောက်တာ၊ ပြေးတာတွေကို လုပ်ဆောင်လာနိုင်သလို အချို့သော လှုပ်ရှားပြုမူမှုတွေကို သူ့ကိုယ်တိုင် လုပ်ဆောင်လာနိုင်ပါပြီ။

  • Gross motor development  – ခြေထောက်နဲ့ လက်မောင်းက ကြွက်သားတွေ ဖွံ့ဖြိုးလာပါပြီ။
  • Fine motor development – လက်ချောင်း၊ ခြေချောင်းတို့က သေးငယ်တဲ့ ကြွက်သားလေးတွေကိုလည်း လှုပ်ရှားနိုင်ပြီ ဖြစ်ပါတယ်။
  • ဘာသာစကား စွမ်းရည်

    ဒါကလည်း လမ်းလျှောက်တတ်စ ကလေးတွေမှာ တွေ့ရတဲ့ ဖွံ့ဖြိုးမှုတွေထဲက တစ်ရပ်ပါ။ အသက် ၁ နှစ် ကနေ ၃ နှစ်အရွယ်မှာ အရာဝတ္တုတွေ တစ်ခုချင်းစီ နဲ့ စကားလုံး တစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်တွေကို ကလေးက မှတ်သားပါတယ်။

    ဒီလို မှတ်သားမှုတွေကနေတဆင့်  စကားစုတွေကို ပြောဆိုပြီး စကားကို အကောင်းဆုံး ပြောဆိုလာနိုင်မှာပါ။

    လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှု

    ဒီကာလမှာ ကလေးတွေ သင်ယူမှုထဲက တစ်ခုက လူမှုဆက်ဆံရေးပါ။ ညွှန်ပြတာ၊ လိုအပ်တာ၊ လိုချင်တာကို ဖော်ပြတာ၊ အကူအညီတောင်းခံတာ၊ အပြန်အလှန် ပြောဆို ဆက်ဆံတာ၊ ကိုယ့်ကိုယ့်ကို ယုံကြည်မှု တည်ဆောက်တာတွေ လုပ်ဆောင်ကြပါတယ်။

    ဒီကာလမှာ ရွယ်တူ သူငယ်ချင်းတွေနဲ့ ပြောဆို ဆက်ဆံတာတွေကိုလည်း လုပ်ဆောင်လာနိုင်ပါပြီ။

    ဒီ ဖွံ့ဖြိုးမှုတွေက လမ်းလျှောက်တတ်စ ကလေးတိုင်းမှာ မတူနိုင်သလို ဒီအခြေအနေတွေ အားလုံး ဖြစ်ပေါ်မယ်လို့လည်း တထစ်ချ ပြောလို့ မရပါဘူး။

    လမ်းလျှောက်တတ်စ ကလေးကို  မိဘတွေဘက်က ဘယ်လို ထောက်ပံ့ပေးမလဲ။

    လမ်းလျှောက်တတ်စ ကလေးကို  မိဘတွေဘက်က ဘယ်လို ထောက်ပံ့ပေးမလဲ။

    ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုက မိဘတွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ဒါကြောင့် လမ်းလျှောက်တတ်စ အရွယ်မှာ ကလေး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် ဒီအချက်လေးတွေ ဂရုစိုက်ပေးဖို့ လိုပါမယ်။

    အစာအာဟာရ မျှတ ပါစေ။

    လမ်းလျှောက်စအရွယ်ကလေးတွေက အစားရွေးသူတွေလို့ နာမည်ကြီးသူတွေပါ။ ဒီကာလမှာ ကလေးကို အာဟာရ ပြည့်ဝအောင် စားသောက်မိစေဖို့အတွက် မိဘတွေအနေနဲ့ အသေအချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

    American Academy of Pediatricsရဲ့ အကြံပြုချက်အရ လမ်းလျှောက်တတ်စ ကလေးတစ်ယောက်ဟာ တစ်နေ့ကို အစား (၃) ကြိမ် စားဖို့ လိုအပ်ပါတယ်။ ဒီ အစား (၃) ကြိမ်မှာ နှစ်ကြိမ်က ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ သစ်သီးတွေ။ ဟင်းသီးဟင်းရွက်တွေ၊ အဆီ မပါတဲ့ အသား၊ ကောက်နှံ စတာတွေ ပါဝင်ရပါမယ်။

    အာဟာရနဲ့ လိုအပ်မယ့် သတ္တုဓာတ်တွေ ပါဝင်မှု မရှိတဲ့ အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေက ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေသလို သွားပိုးစားတာ၊ အဝလွန်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အာဟာရ လိုအပ်ချက် ပြည့်မီအောင် သေချာလေး ဂရုစိုက်စေချင်ပါတယ်။

    လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးပါ။

    လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် အနေအထားက ကလေးရဲ့  စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ တိုးတက်မှုတွေကို အထောက်အကူ ပြုသလို ကျန်းမာစေဖို့လည်း အထောက်အကူ ပြုပေးပါတယ်။

    လုံခြုံစိတ်ချရမှု မရှိတဲ့ ပတ်ဝန်းကျင် အနေအထားက ကလေးရဲ့ ဘာသာစကားစွမ်းရည်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မှုနဲ့ လူမှုဆက်ဆံရေးတိုးတက်မှုဗတါကို ထိခိုက်စေတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

    ကစားခွင့်ပေးပါ။

    ဒီကာလမှာ ကလေးက သင်ယူမှုတွေ တိုးတက်မှုတွေ ဖြစ်ပေါ်နေတာနဲ့အတူ ကစားနိုင်လာပါပြီ။ ဒါကြောင့် ဒီကာလမှာ ကလေးကို လွတ်လပ်စွာ ကစားခွင့်ပေးပါ။ ကလေးနဲ့ အတူကစားပေးတာကလည်း ကလေးကို ကြီးထွား ဖွံ့ဖြိုးစေဖို့ အားပေးရာ ရောက်ပါတယ်။

    ဒါကြောင့် ကလေးကို ဒီကာလမှာ လွတ်လပ်စွာ ကစားခွင့်ပေးပါ။ ကလေးကို ချစ်ကြောင်းလည်း ပြသပေးပါ။ ချစ်ခင်မှုကို ရရှိတာက ကလေးကို ရဲရင့်ပြီး ယုံကြည်မှု ပြည့်ဝတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်း အရွယ်ရောက်လာစေမှာပါ။

    ကစားတာက ကလေးကို ကြွက်သားတွေ သန်မာဖွံ့ဖြိုးစေပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

    ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိပါစေ။

    ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ ဒါ​ကြောင့် ကလေးကို တစ်နေ့တာမှာ ၁၁ နာရီ ကနေ ၁၄ နာရီ အိပ်စက်ချိန်ရှိအောင် ဂရုစိုက်ပေးပါ။ တစ်နေ့ကို ကလေးကို ညအိပ်ချိန် အပြင် ၂ ကြိမ် ကနေ ၃ ကြိမလောက်အထိ အိပ်စက်စေပါ။

    ဒီကာလမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိမှ ကလေးက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။

    ကျန်းမာရေး ဂရုစိုက်ပါ။

    ကလေးကို အကောင်းဆုံး ဖွံ့ဖြိုးကြီးပြင်းစေဖို့ဆိုရင် ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် ကလေးကို လိုအပ်မယ့် ကာကွယ်​ဆေးတွေ ထိုးနှံပေးတာကစလို့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို သေချာ လုပ်ဆောင်ပေးဖို့ လိုပါမယ်။

    Takeaways

    လမ်းလျှောက်တတ်စ ကလေးတစ်ယောက်ကို အကောင်းဆုံး ကြီးပြင်းလာစေဖို့ မေမေဖေဖေတို့အနေနဲ့ အခုပြောခဲ့တဲ့ အချက်လေးတွေအတိုင်း သေချာ လုပ်ဆောင်ပေးရင်း စိတ်ရောကိုယ်ပါ အကောင်းဆုံး ဖွံ့ဖြိုးလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement