backup og meta

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

    အရွတ်များဟာ ကြွက်သားများနဲ့ အရိုးကို တွယ်ဆက်ပေးထားတဲ့ ခိုင်မာတောင့်တင်းတဲ့ တစ်ရှူးတွေပဲ ဖြစ်ပါတယ်။ ကြွက်သားများ ကျုံ့သွားတဲ့အခါ အရွတ်များဟာ အရိုးများကိုပါ ဆွဲယူပြီး အဆစ်တွေရဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ အရွတ်များဟာ အကြောင်းအမျိုးမျိုးကြောင့် စုတ်ပြဲခြင်း၊ ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။

    ကိုယ်ကာယပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် လှုပ်ရှားရရင်ဖြစ်စေ၊ ခြေလက်များက အလုပ်ပုံစံတမျိုးကိုပဲ ထပ်ကာထပ်ကာလှုပ်ရှားနေရရင်ဖြစ်စေ အရွတ်များကို ထိခိုက်လာစေပါတယ်။ အရွတ်များ ပျက်စီးလာတဲ့အခါ လှုပ်ရှားမှုတွေ ကောင်းစွာ မပြုလုပ်နိုင်တော့ပါဘူး။

    ထိခိုက်ထားတဲ့နေရာမှာလည်း အားနည်းသွားပြီး နာကျင်ကိုက်ခဲလာတတ်ပါတယ်။ အရွတ်များထိခိုက်ပျက်စီးခြင်းကြောင့် နေ့စဉ်ဘဝမှာ လှုပ်ရှားသွားလာဖို့ ခက်ခဲနေရင်၊ နာကျင်ကိုက်ခဲမှုကို အမြဲခံစားနေရရင် ခွဲစိတ်ပြုပြင်ခြင်း ပြုလုပ်နိုင်ပါတယ်။

    ခွဲစိတ်ပြုပြင်သင့်သော အကြောင်းများ

    အဆစ်များ ပုံမှန်လှုပ်ရှားမှု ပြန်လုပ်နိုင်အောင် ခွဲစိတ်ပြုပြင်သင့်ပါတယ်။ အရွတ်များ ထိခိုက်ပျက်စီးခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ထိခိုက်မှုအများဆုံးနေရာတွေကတော့ ပခုံး၊ တံတောင်ဆစ်၊ ခြေကျင်းဝတ်၊ ဒူးဆစ်၊ လက်ချောင်းအဆစ်လေးတွေ ဖြစ်ပါတယ်။ အပေါ်ယံအရေပြားမှာ စုတ်ပြဲဒဏ်ရာရပြီး အောက်ခံအရွတ်ကိုပါ ထိခိုက်စုတ်ပြဲနိုင်ပါတယ်။

    ဘောလုံး၊ နပန်း စတဲ့ အားကစားတွေ ပြုလုပ်ရာကနေလည်း အရွတ်များကို ထိခိုက်နိုင်ပါတယ်။ အားကစားပွဲတွေမှာ တွေ့ရများတဲ့ အရွတ်ထိခိုက်တဲ့ အခြေအနေကတော့ ဂျာစီဖင်းဂါး (Jersey Finger) ဆိုတာပါပဲ။ တွန်းတိုက်ပြေးလွှားရင် ပြိုင်ဖက်ကစားသမားရဲ့ အကျီၤကို လှမ်းဆွဲရာကနေ လက်ချောင်းကလေးများရဲ့ အရွတ်များကို ထိခိုက်ဒဏ်ရာရခြင်း ဖြစ်ပါတယ်။

    အရွတ်များဟာ အရိုးကနေ ပြုတ်ထွက်တဲ့အထိ ဖြစ်တတ်ပါတယ်။ လေးဘက်နာအဆစ်ရောင်ခြင်းကြောင့်လည်း အရွတ်များထိခိုက်နိုင်ပါတယ်။ တခါတရံ အရွတ်များ စုတ်ပြဲတဲ့အထိ ဖြစ်စေပါတယ်။

    အဆိုပါ ပြဿနာများ ကြုံရချိန်မှာ အရွတ်ကို ခွဲစိတ်ပြုပြင်မှု ပြုလုပ်သင့်ပါတယ်။

    အရွတ်ခွဲစိတ်ပြုပြင်ခြင်း ဘယ်လိုပြုလုပ်သလဲ

    လူနာကို မေ့ဆေးထုံဆေးတမျိုးမျိုး ပေးပါတယ်။ ပျက်စီးနေတဲ့ အရွတ်နေရာရဲ့ အပေါ်ယံအရေပြားကို ခွဲစိတ်ပြီး ဖွင့်ပါတယ်။ အရွတ်ကို တွေ့ရချိန်မှာ စုတ်ပြဲနေတဲ့နေရာကို ပြန်ချုပ်ပါတယ်။ ပတ်ဝန်းကျင်တစ်ရှူးများ၊ သွေးကြောများ အာရုံကြောများ ထိခိုက်ပျက်စီးမှု ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ ပြီးရင် ခွဲထားတဲ့ အပေါ်ယံအရေပြားကို ပြန်ပိတ်ပါလိမ့်မယ်။ အနာကို ပိုးသတ်ထားတဲ့ ပတ်တီးစများနဲ့ ဖုံးအုပ်ပြီး အဆစ်ကို မလှုပ်ရှားနိုင်ဖို့ ကြပ်စီးပါလိမ့်မယ်။

    အကယ်၍ အရွတ်များဟာ ပြန်လည်တွယ်ဆက်နိုင်ဖို့အထိ အခြေအနေမကောင်းရင် ကိုယ်ခန္ဓာရဲ့ အခြားတနေရာရာက အရွတ်ကို အစားထိုးတွဲဆက်ပါတယ်။ များသောအားဖြင့် တခြားနေရာက အရွတ်ကို ပြန်လည်အစားထိုးကုသခြင်းဟာ အဆစ်တွေရဲ့ လှုပ်ရှားမှုကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။

    ခွဲစိတ်မှုကြောင့် ဖြစ်နိုင်ခြေပြဿနာများ

    အရွတ်ကို ခွဲစိတ်ကုသရာမှာ ကြုံတွေ့နိုင်ခြေ အန္တရာယ်တွေကတော့

    – အမာရွတ်တစ်ရှူးများ ဖြစ်ပေါ်ခြင်း။ နောက်ပိုင်းမှာ အဆစ်တွေ ချောမွေ့စွာ လှုပ်ရှားနိုင်ဖို့အတွက် အခက်အခဲဖြစ်စေပါတယ်။

    – အဆစ်များကို မူလအတိုင်း ပြန်လည်အသုံးမပြုနိုင်ခြင်း

    အဆစ်များတောင့်တင်းနေခြင်း

    – အရွတ်များ ပြန်လည်စုတ်ပြဲခြင်း စတာတွေ ဖြစ်ပါတယ်။

    မေ့ဆေးထုံဆေးနဲ့ ခွဲစိတ်ရတာမို့လည်း မေ့ဆေးထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ ကြုံနိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ရောဂါပိုးဝင်ခြင်းလည်း ကြုံနိုင်ပါတယ်။

    ခွဲစိတ်ပြီးနောက်ဆက်တွဲအခြေအနေများ

    များသောအားဖြင့် ပြင်ပလူနာအနေနဲ့ပဲ ခွဲစိတ်ခြင်းဖြစ်တာမို့ ခွဲစိတ်မှုပြုလုပ်ပြီးချိန်မှာ အိမ်ပြန်နိုင်ပါတယ်။ ဆေးရုံမှာ နေရမယ်ဆိုရင်လည်း ရက်အနည်းငယ်ပါပဲ။ အနာကျက်ဖို့ဆိုရင်တော့ ၁၂ပတ်ခန့် ကြာနိုင်ပါတယ်။

    ပြုပြင်ထားတဲ့အရွတ်ကို မလှုပ်ရှားနိုင်အောင် ကြပ်စီးထားရတတ်ပါတယ်။ ပြန်လည်သန်စွမ်းရေးဆေးပညာအရ ကာယကုသမှု လေ့ကျင့်ခန်းအချို့ ပြုလုပ်ဖို့ လိုနိုင်ပါတယ်။ ဆရာဝန်ချိန်းဆိုတဲ့ နေ့ရက်တွေအတိုင်း ပြန်လည်ပြသပြီး ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement