home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ခံအားပါကောင်းစေနိုင်တဲ့ ဆေးဖက်ဝင် ကျွဲကောသီး

ကိုယ်ခံအားပါကောင်းစေနိုင်တဲ့ ဆေးဖက်ဝင် ကျွဲကောသီး

အချိုအချဉ်လည်းမပြင်းဘဲ အရည်ရွှမ်းတဲ့ ကျွဲကောသီး လေးစားရတာ ရင်အေးစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝလွန်းလို့ဆေးဖက်ဝင်အစွမ်းတွေအများကြီးရှိတယ်လို့ပြောကြပေမယ့် စားကြည့်တော့ ချိုချဉ်လေးရယ်။ အချဉ်တအားမပြင်းဘဲနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တာ ဘယ်လောက်ကောင်းလိုက်လဲ။ပြောကြတာတော့သွေးတိုးကျတယ်၊ အစာကြေတယ်နဲ့၊ တခြားဘာတွေဆေးဖက်ဝင်သေးလဲ ဆက်ပြီးကြည့်ရအောင်…

ကျွဲကောသီး က ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်လဲ

ကိုယ်ခံအားကောင်းစေတယ်

ကျွဲကောသီး မှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီရဲ့ ၆၀၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဗီတာမင်စီက သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်တဲ့free radicalsတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။ သူ့ကြောင့်ပဲချောင်းဆိုး၊ အအေးမိ၊ နာဖျားတာတွေ၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တာတွေကို ကာကွယ်ခုခံနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေကို အားဖြည့်ပေးတာမို့ အအေးမိ၊တုပ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) အစာခြေစနစ်ကို ကူညီတယ်

အသီးအနှံတွေမှာ အမျှင်ဓါတ်ပါဝင်လေ့ရှိသလိုပဲ ကျွဲကောသီးမှာ တစ်နေ့တာလိုအပ်တဲ့အမျှင်ဓါတ်ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းပါဝင်လို့ အစာခြေစနစ်ကိုကျန်းမာစေတယ်။ ဝမ်းလျှောတာ၊ ဝမ်းပျက်တာတွေတော်ရုံမဖြစ်ဘူး။ အမျှင်ဓါတ်က အစာခြေရည်တွေထွက်ရှိမှုကို နှိုးဆွပေးပြီး အစာခြေလမ်းကြောင်းအတွင်းလုပ်ဆောင်ချက်တွေ ချောမွေ့အောင်ကူညီပေးတယ်၊ အစာကြေစေတယ်။

(၃)သွေးတိုးကို ထိန်းညှိပေးတယ်

ကျွဲကောသီးမှာ တစ်နေ့တာလိုအပ်တဲ့ ပိုတက်စီယမ်ပမာဏရဲ့ ၃၇ ရာခိုင်နှုန်းလောက်ပါဝင်တယ်။ ပိုတက်စီယမ်ကြောင့်သွေးဖိအားကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးပြီးသွေးလည်ပတ်မှုကိုကောင်းစေတယ်။ နှလုံးကိုလည်း ဝန်အားလျှော့ချပေးပြီး နှလုံးရောဂါအန္တရာယ်တွေလျော့နည်းစေနိုင်တယ်။

(၄) ကြွက်တက်တာ သက်သာစေတယ်

ကြွက်တက်တာ၊ ကြွက်သားတောင့်တင်းတာတွေအတွက်အရေးပါတဲ့ ခန္ဓါကိုယ်တွင်းအရည်ဓါတ်တွေကိုထိန်းညှိရာမှာ ပိုတက်စီယမ်က အရေးပါပါတယ်။ ပိုတက်စီယမ်ချို့တဲ့ရင် ကြွက်တက်တာ၊ အရွတ်စုတ်တာ၊ ကြွက်သားတွေတောင့်တင်းတာ စတဲ့အကျိုးဆက်တွေဖြစ်လာတတ်ပါတယ်။ ပုံမှန်အားဖြင့် ကြွက်တက်ခြင်းက မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လိုelectrolyteတွေနဲ့ အရည်ဓါတ်တွေလျော့နည်းလို့ဖြစ်တတ်တာပါ။

(၅) သွားနဲ့ခံတွင်း ကျန်းမာစေတယ်

ဗီတာမင်စီ ကြွယ်ဝတဲ့ ကျွဲကောသီးက သွားနဲ့သွားဖုံးတွေကျန်းမာစေဖို့လည်း အကျိုးပြုပါတယ်။ ဗီတာမင်စီသာချို့တဲ့မယ်ဆို သွားဖုံးသွေးယိုတာ၊ သွားတွေမခိုင်တာဖြစ်လာနိုင်တယ်လေ။ ဒီအသီးမှာပါတဲ့ကော်လာဂျင်ကြောင့် သွားနဲ့သွားဖုံးတွေကို ကျန်းမာအောင် ထိန်းညှိပေးနိုင်တဲ့အပြင် ဗီတာမင်စီကြောင့် ဘက်တီးရီးယားပိုးဝင်တာတွေ ကာကွယ်ပေးနိုင်တယ်။

(၆) အရိုးသန်မာစေတယ်

ကျွဲကောသီးမှာပါတဲ့ သတ္တုဓါတ်တွေက အရိုးဆဲလ်အသစ်ဖြစ်ပေါ်ခြင်းနဲ့ အရိုးမပျက်စီးအောင်ကာကွယ်ပေးနိုင်တယ်။ ကျွဲကောသီးမကြာခဏစားပေးရင် အရိုးပွရောဂါ၊ အရိုးပါးရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်၊ အရိုးကျိုးအက်နိုင်ခြေနည်းစေတယ်။

(၇) ဝိတ်ကျစေနိုင်တယ်

သူ့မှာပါတဲ့ အမျှင်ဓါတ်နဲ့ အာဟာရဓါတ်တွေကြောင့် ကိုယ်အလေးချိန်ကိုတက်စေနိုင်တဲ့ သကြားဓါတ်နဲ့ ကစီဓါတ်တွေကို စုပ်ယူမှုလျော့နည်းစေပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး အဆီလောင်ကျွမ်းမှုကိုမြန်စေတဲ့အတွက် အဆီချလိုတဲ့သူတွေ သရေစာအချိုပွဲအဖြစ်စားလို့ရပါတယ်။

(၈) ကင်ဆာကာကွယ်တယ်

ကျွဲကောသီးမှာပါတဲ့bioflavonoidsတွေကြောင့် ပန်ကရိယကင်ဆာ၊ အူလမ်းကြောင်းကင်ဆာ၊ရင်သားကင်ဆာတို့လိုရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။

(၉) အနာကျက်မြန်စေတယ်

ဗီတာမင်စီ ကြွယ်ဝတဲ့အသီးဖြစ်လို့ အရေပြားကျုံ့ဆန့်နိုင်စွမ်းပိုကောင်းစေပြီး အနာကျက်ခြင်းကိုမြန်ဆန်စေမယ့်ကော်လာဂျင်ဖြစ်တည်မှုကိုအားပေးပါတယ်။

သတိပြုသင့်တာလေးတွေက –

  • ကျောက်ကပ်နဲ့အသည်း မကောင်းသူတွေ၊ရောဂါရှိသူတွေ၊ သွေးပေါင်ကျတတ်တဲ့သူတွေ များများမစားသင့်ပါဘူး။
  • အလွန်အကျွံစားသုံးရင် ဝမ်းချုပ်တာ၊ကျောက်တည်တာတွေဖြစ်စေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 10/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။