backup og meta

အိပ်နေစဉ်ထားရှိရမည့် ကိုယ်အနေအထားနှင့် ကျီးပေါင်းရောဂါအတွက် လေ့ကျင့်ခန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်နေစဉ်ထားရှိရမည့် ကိုယ်အနေအထားနှင့် ကျီးပေါင်းရောဂါအတွက် လေ့ကျင့်ခန်းများ

    အိပ်နေစဉ်ထားရှိရမည့် ကိုယ်အနေအထားနှင့် ကျီးပေါင်းရောဂါအတွက် လေ့ကျင့်ခန်းများ အကြောင်း သိပြီးပြီလား! သေသေချာချာ သိရှိနိုင်ဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    အိပ်နေစဉ်ထားရှိရမည့် ကိုယ်အနေအထားနှင့် ကျီးပေါင်းရောဂါအတွက် လေ့ကျင့်ခန်းများ

    သင့်ကျောရိုးသည် သင့်တစ်ကိုယ်လုံး အလေးချိန်ကို ထမ်းထားရသည့်အတွက် အခြားသော နေရာများ ထက်စာလျှင် ပြဿနာများ၊ ဒဏ်များ ပိုဖြစ်စေပါသည်။ သင်အိပ်သော အနေအထားကလည်း ခါးနာခြင်းကို ဖြစ်စေနိုင်ကြောင်း သင်သတိပြုမိပါသလား။ အောက်ပါဆောင်းပါးသည် အိပ်သော အနေအထားနှင့် ကျီးပေါင်းဖြစ်ခြင်းတို့ ဆက်စပ်နေခြင်းနှင့် ကျီးပေါင်း ဖြစ်သူများ ပြုလုပ်ရမည့် လေ့ကျင့်ခန်းများကို ဖော်ပြထားခြင်းဖြစ်ပါသည်။

    အိပ်သော အနေအထားနှင့် ကျီးပေါင်းဖြစ်ခြင်းတို့ ဆက်စပ်နေပုံ

    ကျီးပေါင်း ဖြစ်ခြင်းသည် ခါးရိုးကြားရှိ ကြားခံ ချပ်ပြားများ ပျက်စီးလာခြင်းကြောင့် ခါးနာခြင်း၊ လည်ပင်းနာခြင်းများ ခံစားရခြင်း ဖြစ်ပါသည်။ ယင်းဖြစ်စဉ်သည် ခါးရိုးကြားရှိ ချပ်ပြားများနှင့် အရိုးများသည် အိုမင်းရင့်ရော်လာခြင်းကြောင့် ဖြစ်ရခြင်း ဖြစ်ပါသည်။

    ထိုသို့ ကျီးပေါင်းဖြစ်သော နေရာများတွင် နာကျင်ခြင်းကို ခံစားရပြီး ထိုမှတဆင့် လက်မောင်းများ၊ ခြေထောက်များတွင် နာခြင်း၊ ထုံခြင်းတို့ခံစားလာရပြီး လမ်းလျှောက်ရ ခက်ခဲခြင်း ဖြစ်လာနိုင်ပါသည်။

    အနေအထား မမှန်စွာ အိပ်စက်ခြင်း၊ ဥပမာ မှောက်လျက် အိပ်ခြင်းသည် ကျီးပေါင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် ခေါင်းအုံး ပါးပါးဖြင့် ကျောခင်းပြီး အိပ်သင့်ပါသည်။ ကျောပြင်သည် ကိုယ်ခန္ဓာ၏ အကြီးဆုံး မျက်နှာပြင်ဖြစ်သည့်အတွက် ကျောခင်း အိပ်ခြင်းဖြင့် အလေးချိန်သက်ရောက်မှု မျှတကာ အရိုးဆစ်များ အပေါ်တွင် ဖိအား သက်ရောက်မှု နည်းစေပါသည်။

    ထို့အတူပင် သင်မတ်တတ် ရပ်နေစဉ် သင့် ခေါင်း၊ လည်ပင်းနှင့် ခါးအနေအထားများကလည်း သင့်ကိုယ်ဟန်အနေအထား မှန်ကန်မှုအတွက် အရေးပါပါသည်။ သင်အိပ်နေစဉ်တွင် ဒူးအောက်တွင် ခေါင်းအုံးပါးပါးခံထားခြင်းဖြင့် သင့်တင်ပါး၊ ကျောရိုးနှင့် အရိုးကွင်းများကို အနေအထား မှန်စေပါသည်။

    ခေါင်းအုံးထူထူဖြင့် အိပ်ခြင်း၊ ခေါင်းအုံးများ ဆင့်အိပ်ခြင်းမျိုး မပြုလုပ်ပါနှင့်။ ယင်းသည် သင့်လည်ပင်းနှင့် ကျောရိုးကို ဒဏ်ဖြစ်စေပါသည်။ စပရိန်မွေ့ယာများသည် ကျီးပေါင်း သမားများအတွက် သင့်တော်ပါသည်။

    ကျီးပေါင်းဖြစ်သူများအတွက် လေ့ကျင့်ခန်းများ

    လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ပေးခြင်းဖြင့် ခါးရိုးဆစ်များနှင့် ကြားခံချပ်ပြားများကို သန်မာစေပြီး ပျက်စီးယိုယွင်းခြင်းမှလည်း ကာကွယ်ပေးပါသည်။ အကြောများကို ဆန့်သော လေ့ကျင့်ခန်းများ၊ ကြွက်သားများသန်မာစေသော လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပေးခြင်း၊ တနေ့တွင်အကြိမ်များစွာပြုလုပ်ပေးခြင်းတို့ဖြင့် လည်ပင်းနှင့် ကျောဘက်တွင်ရှိသော ကြွက်သားများကို ပိုပြီး သန်မာလာစေပါသည်။

    အဆိုပါ ကြွက်သားများသည် ခါးကျောရိုးကို ထောက်ပံ့ပေးထားပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သင့်ခန္ဓာကိုယ်၏ အလေးချိန်ကို ခါးကျောရိုးက ပိုပြီး ခံနိုင်ရည်ရှိစေပါသည်။

    ထို့အပြင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စသည့်လေ့ကျင့်ခန်းများသည် ပေါ့ပါးပြီး နာကျင်ခြင်းကိုလည်း သက်သာစေပါသည်။ ထို့ပြင် နှလုံးခုန်မှန်စေခြင်း၊ ပင်မကျောရိုးသို့ သွေးလည်ပတ်မှုကောင်းခြင်းဖြစ်စေကာ သင့်ကို ကျန်းမာစေပါသည်။

    အေရိုးဗစ်လေ့ကျင့်ခန်းများပြုလုပ်ပြီး မိနစ် ၃၀- ၄၀ အကြာတွင် သင့်ကိုယ်ထဲမှ Endorphin အမည်ရှိသော အနာသက်သာစေသည့် သဘာဝဟော်မုန်းတစ်မျိုးထွက်လာပါသည်။

    ယောဂလေ့ကျင့်ခန်းများကလည်း ကျောရိုးအတွက် ကောင်းမွန်ပါသည်။ မြွေဟောက်ပုံစံ၊ တံတားပုံစံများဖြင့် ရောဂလေ့ကျင့်ခန်းများပြုလုပ်ပေးနိုင်ပါသည်။ ဘောလုံးကစားခြင်း၊ ဘောလီဘော၊ ဘတ်စကတ်ဘော ကစားခြင်းကဲ့သို့သော ပြင်းထန်သည့် လေ့ကျင့်ခန်းများကို ရှောင်ကျဉ်သင့်ပါသည်။

    အချုပ်ဆိုရသော် သင်အိပ်သော အနေအထားသည် ခါးကျောရိုးကို ထိခိုက်စေကာ ထိုမှတဆင့် ကျီးပေါင်းဖြစ်လာခြင်းဖြစ်ပါသည်။ ထို့ကြောင့် အိပ်သော အနေအထားကို မှန်အောင်ကြိုးစားခြင်း၊ လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ပေးခြင်းဖြင့် ခါးနှင့် လည်းပင်းအရိုးများပျက်စီးခြင်းကို လျှော့ချပေးပြီး နာကျင်ခြင်းကိုလည်း သက်သာစေပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement