backup og meta

မီးညောင်လေးတွေ မွေးထားရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၇) ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးညောင်လေးတွေ မွေးထားရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၇) ခု

    Hello ဆရာဝန်ရဲ့ ပရိသတ်တွေထဲမှာ ညောင်ချစ်တတ်တဲ့သူတွေများ ရှိလား။ အိမ်မွေးတိရစ္ဆာန်တွေကြောင့် ဘာရောဂါဖြစ်မယ်၊ ဘာအန္တရာယ်တွေရှိတယ်ဆိုတာ ကြားဖူးကြမှာပေါ့နော်။ အမှန်တော့ သခင်ဖြစ်သူရဲ့ ဂရုတစိုက်ထားရှိမှု၊ သန့်ရှင်းမှု၊ စနစ်တကျစည်းကမ်းထားရှိမှု၊ ပုံမှန်ကျန်းမာရေးဂရုစိုက်မှု တို့ကို အဓိက မူတည်တာဖြစ်ပါတယ်။ ကိုယ်က ဖြစ်သလိုမွေးထားရင် ရောဂါပိုးတွေ ပွထနေမှာ သေချာတာပေါ့။

    အိမ်မွေးတိရစ္ဆာန်မွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုတွေဂရုစိုက်ရမလဲဆိုတာကို အရင်ဆောင်းပါးတစ်ခုမှာ ရေးထားပေးပြီးပြီဆိုတော့ ဒီတစ်ခါ မီးညောင်လေးတွေမွေးထားတဲ့ သခင်တွေပဲ ရနိုင်မယ့် အကျိုးကျေးဇူးတွေ၊ အားသာချက်တွေ ရေးပေးပါ့မယ်။

    ဒီအကျိုးကျေးဇူးတွေကို အိမ်မွေးတိရစ္ဆာန်မွေးမြူရာမှာ စည်းကမ်းရှိတဲ့ ညောင်သခင်တွေပဲ ရနိုင်မှာပါနော်။ လေ့လာတွေ့ရှိမှုတွေအရ ညောင်လေးတွေကြောင့် –

    (၁) စိတ်ဖိစီးမှု နဲ့ စိုးရိမ်စိတ်တွေ လျော့စေတယ်။

    ကိုယ်စိတ်ပင်ပန်းတဲ့အခါ ရင်ဖွင့်စကားပြောဖော်၊ ငိုယိုပြောပြစရာအဖော် အဖြစ်နဲ့ အမြဲနားထောင်ပေးနိုင်တဲ့ ညောင်လေးတွေရှိပါတယ်။ သူတို့ကို ပွတ်သပ်၊ ပိုက်ထွေးလိုက်ရုံနဲ့ နွေးထွေးမှုကို ပေးနိုင်တဲ့ အဖော်လေးတွေပါ။ သူတို့နဲ့ ခဏလောက် အတူကစားတာနဲ့တင် စိတ်ပြေပေါ့ပါးသွားအောင် ကူညီပေးနိုင်ပါတယ်။

    (၂) နှလုံးရောဂါအန္တရာယ်ကို လျော့စေတယ်။

    သုတေသနလေ့လာမှုတွေအရ ညောင်သခင်တွေဟာ စိတ်ဖိစီးမှုတွေလျော့စေလို့ နှလုံးရောဂါအန္တရာယ် ပိုနည်းပါတယ်တဲ့။ ညောင်မွေးထားရင် လေဖြတ်ခြင်းအပါအဝင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုနည်းတယ်လို့ သိရပါတယ်။

    (၃) ကုထုံးအာနိသင် ရှိတယ်။

    မီးညောင်လေးတွေ မေးစေ့ကို ကုတ်ပေးတဲ့အခါ၊ ပွတ်သပ်ပေးတဲ့အခါ သူတို့တွေဇိမ်ကျလို့ထွက်လာတဲ့ ဂရူးဂရူးသံလေးကို ညောင်သခင်တိုင်းသိတယ်ဟုတ်။ အဲဒီကျေနပ်နေတဲ့အသံလေးက သခင်တွေမှာဖြစ်နေတဲ့ အရိုးနဲ့ကြွက်သား နာကျင်မှုတွေ၊ ဝေဒနာတွေကို သက်သာစေနိုင်တဲ့ ကုထုံးအာနိသင်ဆက်နွှယ်မှု ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ သူတို့ကို ပျော်ရွှင်ကျေနပ်အောင် ထားလေ၊ အဲအသံထွက်လေ၊ သခင်တွေ ကျန်းမာလေပဲနော်။

    အဲဒီ Purr သံက ကြိမ်နှုန်း 20-140 HZ အတွင်းရှိတယ်လို့ သိရပါတယ်။ ဆေးသိပ္ပံပညာအရ 18-35 HZ အတွင်းရှိတဲ့ ကြိမ်နှုန်းက အရိုးအဆစ်လှုပ်ရှားနိုင်စွမ်းအပေါ် ကောင်းကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။

    (၄) ညဘက် ပိုအိပ်ပျော်စေတယ်။

    Mayo Clinic ရဲ့ Sleep Medicine စင်တာ လေ့လာတွေ့ရှိမှုတစ်ခုအရ ကြောင်လေးတွေနဲ့ အတူအိပ်တဲ့သခင်တွေဟာ အိပ်စက်မှုပြဿနာတွေနည်းပြီး နှစ်နှစ်ခြိုက်ခြိုက်ပိုအိပ်ပျော်တယ်လို့ သိရပါတယ်။

    (၅) ကိုယ်ခံအား ကောင်းစေတယ်။

    အိမ်ထဲမှာရှိနေတဲ့ ကြောင်အမွေးနဲ့ထိတွေ့တာ၊ ကြောင်နဲ့ထိတွေ့တာတွေက ကိုယ်ခံအားပိုကောင်းစေနိုင်တယ်၊ ဓာတ်မတည့်မှုတွေကို ခံနိုင်ရည်ပိုရှိစေပြီး ဓာတ်မတည့်တာ၊ ပန်းနာရင်ကျပ်တို့ကို ဖြစ်နိုင်ခြေနည်းစေပါတယ်။

    (၆) သွေးတိုးကိုကျစေတယ်။

    ညောင်သခင်တွေဟာ ညောင်မမွေးသူတွေထက် သွေးတိုးဖြစ်တာပိုနည်းတယ်လို့ တွေ့ရှိရပါတယ်။ လေ့လာမှုတချို့မှာဆို ကြောင်ကိုထိန်းဖို့ အော်ဟစ်ပြောဆိုရတဲ့ သခင်တွေမှာတောင်မှ သွေးပေါင်တက် မနေတာ တွေ့ရပါတယ်။

    (၇) အထီးကျန်တယ်ဆိုတာ ဘာလဲ။

    အထီးကျန်တယ်ဆိုတာ ဘာလဲ လို့မေးရလောက်အောင်ကိုပါပဲ။ ညောင်လေးတွေမွေးထားတယ်ဆိုရင် သူတို့က ဘေးမှာအမြဲရှိနေတတ်တဲ့ အဖော်အပေါင်းတွေပါ၊ သားသမီးတွေပါ၊ တပည့်ကျော်တွေပါ။ သခင်ပြန်လာရင် အနားမှာ လာကပ်ပြီး ချွဲတတ်၊ အစာတောင်းတတ်၊ ဗိုလ်ကျတတ်ကြတာနဲ့ မပျင်းရတော့ပါဘူး။ အထီးကျန်လိုက်တာလို့ ဘယ်အချိန်မှာ သွားညည်းမှာလဲပြော။

    သတိပြုဖို့က –

    ဒါပေမယ့် ဘယ်လောက်ပဲချစ်ပါစေ ကျန်းမာရေးအတွက်တော့ ဂရုစိုက်ရပါမယ်။ ကျန်းမာရေးအသိမရှိဘဲ၊ စနစ်တကျမဟုတ်ဘဲ တိရစ္ဆာန်မွေးမြူထားခဲ့ရင် ကိုယ့်အိမ်မှာပဲရောဂါပိုးတွေမွေးမြူနေသလိုဖြစ်နေပါလိမ့်မယ်။

    စနစ်တကျလုပ်စရာရှိတာမလုပ်ဘဲ အစာလေးကျွေးထား၊မွေးရုံမွေးထားရင်တော့ ကိုယ့်မိသားစုမှာ ရောဂါတစ်ခုခုဖြစ်တိုင်း၊ မကျန်းမာတိုင်း အိမ်မွေးတိရစ္ဆာန်လေးတွေကို တရားခံဖြစ်အောင် ဖန်တီးသလိုဖြစ်နေနိုင်ပါသေးတယ်။ ဥပမာ – “ နင်ခဏခဏဖျားနေတာခွေးတွေကြောင်တွေနဲ့ နီးနီးကပ်ကပ်မနေနဲ့လေ၊ ပိုးတွေဘာတွေနဲ့၊ သူတို့ကြောင့်ပဲနေမှာ” ဆိုပြီး ဘေးလူတွေက ပြောလာပါလိမ့်မယ်။ ကလေးငယ်ငယ်ရှိတဲ့အိမ်ဆိုရင် ပိုဂရုစိုက်သင့်ပါတယ်။

    ကြောင်လေးတွေကို –

    • ပုံမှန်ကာကွယ်ဆေးထိုးပါ၊
    • ပုံမှန်သန်ချပါ၊
    • ပုံမှန်သန့်ရှင်းပေးပါ၊
    • အိမ်သန့်ရှင်းရေးလုပ်ပါ။
    • ထိတွေ့ပြီးရင် လက်ဆေးပါ။

    ကဲ… ဒါဆို လုံလောက်ပြီ မဟုတ်ဘူးလား။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement