backup og meta

မိုးတွင်းက ဘာကြောင့်ပျော်ဖို့ကောင်းတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးတွင်းက ဘာကြောင့်ပျော်ဖို့ကောင်းတာလဲ

    မိုးတွင်းက ဘာကြောင့်ပျော်ဖို့ကောင်းတာလဲ ….. အတူတူ လေ့လာလိုက်ရအောင်နော်။

    မိုးကိုမျှော်နေသလား

    ကောင်းကင်မှာ မိုးတွေအုပ်ဆိုင်းလာပြီဆိုရင် မိုးရာသီကိုကြိုဆိုရမယ့်အချိန်ရောက်ပြီလို့ သိကြပါတယ်။ ပူပြင်းတဲ့ နွေအပူဒဏ်အောက်မှာ လပေါင်းများစွာ ပင်ပင်ပန်းပန်းနေခဲ့ရပြီးမှ ခြောက်သွေ့နေတဲ့ရာသီကို မိုးရေပက်ဖျန်းပေးတော့မှာပါ။ အပူဒဏ်ကိုလျော့ပါးစေဖို့မျှော်လင့်နေတဲ့ ကလေး၊လူကြီးတွေအပြင် စိုက်ပျိုးရေးတောင်သူဦးကြီးတွေပါမကျန် မိုးရွာဖို့ကို တောင့်တကြပါတယ်။

    မိုးတွင်းက ဘာကြောင့်ပျော်ဖို့ကောင်းတာလဲ

    အချိန်အတော်ကြာစောင့်စားခဲ့ရတဲ့ မိုးရေစက်တွေရဲ့အသံကိုပဲ သံစဉ်လိုလို ထင်မှတ်ပြီးပျော်ရွှင်ကြပါတယ်။ မိုးတွင်းရောက်ရင် ရာသီဥတုက မပူလွန်းမအေးလွန်း၊ နေလို့ကောင်းတဲ့အခြေအနေရှိနေတာကြောင့် လူတွေရဲ့စိတ်မှာပျော်ရွှင်မှုဘက်ကိုပြောင်းလဲစေ ပါတယ်။ အများစုက အကြောင်းအမျိုးမျိုးကြောင့် မိုးရာသီကိုတောင့်တ၊ပျော်ရွှင်ကြပေမယ့် မနှစ်သက်သူတွေလည်းရှိပါတယ်။ မနှစ်သက်သူတွေအတွက်ကတော့ မိုးတွင်းဆိုတာ သူတို့ရဲ့ အိမ်အပြင်ဘက် သွားလာလှုပ်ရှားမှုတွေကို ဟန့်တားနေတဲ့ အဆက်မပြတ်ရေသွန်းမှု အဖြစ်ပဲမြင်ကြမှာပါ။ တကယ်တော့ ရာသီတိုင်းမှာ လောကဝန်းကျင်ကိုအကျိုးပြုမှုအသီးသီးရှိကြသလို ရာသီဥတုပြင်းထန်လွန်းတဲ့အခါသဘာဝဘေးအန္တရာယ်တွေလည်းရှိတတ်ပါတယ်။ ဒါပေမယ့် မုတ်သုံမိုးဟာ သင်သတိမထားမိလောက်တဲ့ပျော်စရာလေးတွေ နှစ်စဉ် ဖန်တီးပေးနေခဲ့တယ်ဆိုတာကို သိပါရဲ့လား။

    မိုးရာသီဟာ သင့်ကို ကန့်သတ်ချုပ်ချယ်မှုရဲ့ဘောင်အတွင်းကနေ လွတ်မြောက်မှုကိုခံစားမိစေမယ့်အချိန်ကာလတစ်ခုဖြစ်ပြီး လှပတဲ့ရာသီဥတုလည်းဖြစ်ပါတယ်။

    ငယ်ငယ်ကပျော်ခဲ့ဖူးတဲ့ မိုးရာသီ /ကလေးတွေပျော်တဲ့ မိုးရာသီ

    ကလေးဘဝမှာဆို အတန်းကူးပြောင်းလို့ ကျောင်းစတက်ချိန်မို့ စိတ်လှုပ်ရှားခဲ့ကြသလို သတိမထားမိခဲ့တဲ့ တခြားပျော်ရွှင်မှုလေးတွေ လည်းအမှတ်တရရှိခဲ့ကြမှာပါ ။ ဥပမာ –

  • မိုးအရမ်းရွာလို့ကျောင်းမသွားရတာ၊
  • မိုးကြောင့် ဆရာ၊ဆရာမ မလာလို့ စာသင်ချိန်နားရတာ – အိမ်စာတွေမပြီးရင်ဆက်လုပ်ဖို့နောက်တစ်ရက်အချိန်ထပ်ရသလို ကစားလို့လည်းရတယ်။ မိုးက တကယ့်ကို ကယ်တင်ရှင်ပါပဲ။
  • အိမ်မှာနေရင်လည်း တစ်နေကုန် တီဗီကြည့်လို့ရတာ၊
  • မိုးသည်းနေချိန် ခေါင်းအုံးတွေ၊စောင်တွေနဲ့ ရဲတိုက်တွေ၊ ခံတပ်တွေတည်ဆောက် ကစားရတာပျော်စရာ၊
  • မျက်နှာကြက်က တစက်စက်ကျလာတဲ့မိုးရေတွေနဲ့ကစား၊
  • အိမ်ပြင်ပြေးထွက်ပြီး မိုးရေချိုးမယ်( မိဘတွေဘယ်လောက်တားတား)
  • စက္ကူလှေလေးတွေ လုပ်ပြီးလွှတ်မယ်
  • အုန်းလက်နွားလှည်းလုပ်တမ်း ကစားမယ်
  • ထမင်းစေ့လေး အပ်ချည်နဲ့ချည်ပြီး ငါးမျှားတမ်းကစားမယ်
  • ရေလျှံရေလွှမ်းနေရင်တောင်မှ ပျော်နေတာက လှေလေးတွေလွှတ်ပြီး သူငယ်ချင်းတွေနဲ့ပြိုင်တာ၊
  • အိမ်ရှေ့ဖုံးလွှမ်းနေတဲ့ရေပြင်မှာ ကူးကစားတာ(ရေကူးကန်အကြီးစားတစ်ခုပါပဲ။ ဒီပျော်ရွှင်မှုကို လူကြီးတွေ မသိနိုင်ပါဘူး)
  • မိုးအေးအေးနဲ့ အိပ်လို့ကောင်း ( ရာသီဥတုက ကိုယ့်ဘက်မှာရှိနေချိန်စောင်လေးနဲ့ကွေးနေရတာဇိမ်ပါပဲ)
  • လူကြီးတွေအတွက်ကလည်း မိုးတွင်းမှာ သဘောကျလောက်စရာ အချက်တွေရှိနေပါသေးတယ် ။ မိုးရွာရင် –

    မိုးထဲရေထဲ ထွက်ပြီး ဘောလုံးကန်

    မိုးတွင်းဘက်ဆို မိုးထဲရေထဲ အိမ်ပြင်ထွက်ပြီးဘောလုံးမကစားရ၊ မကလိုက်ရဘူးဆိုရင် ယောကျာ်းလေးတွေအတွက် မိုးရာသီအရသာပြည့်စုံမှာမဟုတ်ပါဘူး။ မိုးရေထဲကစားတယ်ဆိုတာကလည်း လူငယ်ဖြစ်မှမဟုတ်ပါဘူး။ မိုးရာသီမှာတော့ လူတိုင်းကို ကလေးပြန်ဖြစ်သွားစေတာပါပဲ။ မိုးရေစက်တွေကြားမှာပျော်ရွှင်မှုကိုလူတိုင်းခံစားခွင့်ရှိပါတယ်။

    တရေးတမောအနားယူ

    တကယ်တော့ အိပ်စက်ချိန်မှာ မိုးရေစက်အသံတွေလောက်ကောင်းတဲ့ သံစဉ်မရှိတော့ပါဘူး။ ခဏလောက်တမှေးလောက်နားဖို့ စဉ်းစားတယ်ဆိုရင် မိုးရွာချိန်က အချိန်ကောင်းပါပဲ။ အိပ်ရေးပျက်ထားပြီဆိုရင် နောက်နေ့ အလုပ်စွမ်းဆောင်ရည်နဲ့ ကျန်းမာရေးကိုထိစေနိုင်လို့ ညနေပိုင်းအစီအစဉ်တချို့ဖျက်ပြီး ခဏလောက်တရေးတမောအနားယူတာမျိုးလုပ်ပါ။ ၂ရက် ၃ရက်လောက် လုပ်ကြည့်ရင် အကျိုးရလဒ်သိသာစေမှာပါ။

    မိုးရေချိုးမယ်

    မိုးရေ မချိုးဖူးတဲ့သူရှိလား။ရေချိုးခန်းထဲမှာထက် ပိုပြီးစိတ်ပေါ့ပါး ရှင်းလင်းသွားစေပါလိမ့်မယ်။ မိုးရေ ချိုးတယ်ဆိုတာ ကလေးမှချိုးရမှာ မဟုတ်ပါဘူး။ ရွှဲနစ်နေမှာမကြောက်ဘဲ ပျော်ပျော်ရွှင်ရွှင် မိုးရေချိုးကြည့်ပါ။(အထူးသဖြင့် ထီးမပါလာတဲ့အခါမျိုးမှာပေါ့)

    မိုးရွာတုန်း သီချင်းတွေဟစ်

    မိုးစရွာပြီဆိုတာနဲ့ မိုးနဲ့ဆိုင်တဲ့သီချင်းတွေက အမြဲထွက်ပေါ်လာပါတယ်။ မိုးအကြောင်း မိုးသီချင်းတွေ စပ်ဆိုကြတာ အများကြီးရှိသလို မိုးရေထဲမှာ အလိုလို ဆိုညည်းမိကြမှာအသေအချာပါပဲ။ မိုးရွာတဲ့နေ့အကြောင်း သီချင်းတစ်ပုဒ်ကိုဖွင့်ပြီး မိုးရေကြားမှာ ခံစားရတာပျော်ရွှင်မှုတစ်ခုဖြစ်ပါတယ်။

    ရုပ်ရှင်ကြည့်လို့ အကောင်းဆုံးအချိန်

    မိုးရွာတဲ့နေ့ဟာ ရုပ်ရှင်ထိုင်ကြည့်ဖို့ အကောင်းဆုံးနေ့ပါပဲ။ စားစရာကောင်းကောင်း၊ မုန့်တွေအကြိုက်ဝယ်ပြီး ဘီယာ သို့မဟုတ်ကော်ဖီလေးနဲ့ တစ်နေကုန်ရုပ်ရှင်ထိုင်ကြည့်ရတဲ့အရသာကို ပိတ်ရက်တွေမှာ ခံစားမိကြမှာပါ။

    မိုး ဆိုတာ ရွာပြီးရင်ရေငွေ့ပြန်ပြီး တိမ်တွေအဖြစ်စုစည်းပြီးမှ ကမ္ဘာမြေပေါ်ပြန်ရွာချတဲ့ မပြီးဆုံးနိုင်သောရေသံသရာ စက်ဝန်းပါ။ ဒီမိုးရေကြောင့်ပဲ ကမ္ဘာပေါ်က ရာသီပြော်င်းလဲမှုစနစ်တွေနဲ့ ရာသီဥတုတွေ၊ အပင်တွေရှင်သန်မှုနဲ့ သက်ရှိဘဝတွေအတွက် အကျိုးပြုနေတာ စ်ပါတယ်။ အခုခေတ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်တွေရှိစေနိုင်ပေမယ့် မုတ်သုံမိုးဟာ စိုက်ပျိုးရေး၊ စီးပွားရေး၊ စွမ်းအင်ထုတ်လုပ်မှုနဲ့ သက်ရှိတွေအတွက် အရေးပါလှတယ်ဆိုတာ မငြင်းနိုင်တဲ့အလှတရားဖြစ်ပါတယ်။

    စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်တဲ့တောင်သူဦးကြီးတွေအတွက်ကတော့ မိုးရာသီကို ရွှေမိုးငွေမိုး သွန်းဖြိုးတဲ့လလို့ ခံယူကြပါတယ်။ စပါးပင်လေးတွေ ဝင်းမှည့်ပြီးကောက်ရိတ်သိမ်းချိန်မှာ ထမင်းရည်ချောင်းစီး အလှူအတန်းတွေကို ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုကလဲ အပူပိုင်းမုတ်သုံရာသီဖြစ်တာကြောင့် မိုးရာသီဟာပြည်သူအများမျှော်ရတဲ့ ရာသီ၊ပျော်ရွှင်စရာကောင်းတဲ့ ရာသီလို့ ဆိုချင်ပါတော့တယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement