home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အမျိုးသား တွေရဲ့ မျက်နှာအဆီပြန်ခြင်း ပြဿနာ ဒီလိုဖြေရှင်းပါ

အမျိုးသား တွေရဲ့ မျက်နှာအဆီပြန်ခြင်း ပြဿနာ ဒီလိုဖြေရှင်းပါ

အမျိုးသား တွေ ဘယ်လိုပဲ သန့်ပြန့်နေအောင် စမတ်ကျကျနေတတ်သူ ဖြစ်ပါစေ၊ သိပ်မကြာခင် မျက်နှာအဆီပြန်လို့ တစ်ရှူးနဲ့သုတ်လိုက်၊ မျက်နှာသစ်လိုက် လုပ်ရတော့တာပဲလား။ အဆီပြန်ခြင်း ဆိုတာ ယောကျာ်းလေး၊ မိန်းကလေးမရွေး အတော်စိတ်ညစ်ရတဲ့ အသားအရေ ပြဿနာပါ။

အမျိုးသား တွေ ဘာလို့ အဆီပိုပြန်တာလဲ

အမျိုးသားတွေက မိန်းကလေးတွေထက် အဆီပိုပြန်တတ်ပါတယ်တဲ့။ ဘာကြောင့်လဲ…

အရေပြားအောက်မှာ sebaceous glands လို့ ခေါ်တဲ့ ဂလင်းတွေ ရှိပါတယ်။ ဒီဂလင်းတွေက sebum လို့ခေါ်တဲ့ သဘာဝအဆီ နဲ့ အသားအရေကို ထိန်းသိမ်းပေးပါတယ်။ အမျိုးသား တွေမှာ ယောကျာ်းသွင်ပြင် ခန္ဓာကိုယ်အချိုးအစား ဖြစ်တည်ရေးအတွက် အခြေခံကျတဲ့ dihydrotestosterone (DHT) ဆိုတဲ့ ဟော်မုန်းတစ်မျိုးလည်း ရှိပါတယ်။ ဒါပေမယ့် DHT ပမာဏများလာရင် sebum ထုတ်လုပ်မှု လွန်ကဲပြီး အသားအရေမှာ အဆီပြန်တဲ့ အသွင် ဖြစ်စေတာပါ။

ဒါဆိုရင် အဆီပြန်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

အသားအရေ ထိန်းသိမ်းချင်တဲ့ အဆီပြန်သူ အမျိုးသား တွေအနေနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတွေကို အောက်မှာ ဖော်ပြထားတယ်နော်။

မျက်နှာသစ်ပါ

အရည်အသွေးကောင်းပြီး oily skin အတွက် ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးကိုသုံးပါ။ မနက်တစ်ကြိမ်၊ အိပ်ကာနီးတစ်ကြိမ် မျက်နှာသစ်ပါ။နေ့လယ်ဘက်မှာ အရမ်းအဆီပြန်နေတယ်ဆိုရင်တော့ ခပ်မြန်မြန်လေး မျက်နှာသစ်နိုင်ပါတယ်။

ဒါပေမယ့် မျက်နှာခဏခဏ သစ်လွန်းရင်တော့ အသားအရေမှာရှိတဲ့ အဆီတွေကို ခြောက်ခန်းသွားစေနိုင်တဲ့အပြင် အခြေအနေပိုဆိုးစေမယ်၊ မျက်နှာအဆီ ပိုဖြစ်ပေါ်နိုင်စေမှာ ဖြစ်လို့ အကြိမ်ရေကို မလွန်ကဲဖို့ သတိထားပါ။

ကိုယ်တိုက်ဆပ်ပြာနဲ့ မျက်နှာမသစ်ပါနဲ့

မျက်နှာအတွက် ထုတ်လုပ်ထားတာ မဟုတ်တဲ့ ကိုယ်တိုက်ဆပ်ပြာတွေနဲ့ မျက်နှာမသစ်ပါနဲ့။ မျက်နှာသစ်လိုက်တဲ့အခါ အရေပြားပေါ်က သဘာဝအဆီတွေပါ ပါသွားစေနိုင်လို့ပါ။ အဲ့လိုဖြစ်ပြီး အသားမှာ ခြောက်သွေ့လာတဲ့အခါ အရေပြားထဲမှာ အဆီဓာတ်ထုတ်လုပ်မှု ပိုများလာစေပြီး အရေပြားပြဿနာတွေပိုဖြစ်စေနိုင်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေအတွက် သီးသန့်ထုတ်တဲ့ မျက်နှာသစ်ဆေးကိုရွေးသုံးပါ။

Scrub လုပ်ပါ (ဆဲလ်သေဖယ်ရှားခြင်း)

အရေပြားပေါ်က ဆဲလ်သေတွေရယ်၊ အဆီဂလင်းလုပ်ဆောင်ချက် လွန်ကဲမှုကြောင့် ဖြစ်လာတဲ့ တခြားကပ်ငြိမှုတွေကို ဖယ်ရှားနိုင်ဖို့ face scrub ကို တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် လုပ်သင့်ပါတယ်။

scrub လုပ်ပေးသင့်တယ်ဆိုပေမယ့် တကယ်တမ်းကျ အပေါ်မှာပြောခဲ့သလိုပဲ ခြောက်သွေ့စေပြီး ချွေးပေါက်ကျယ်စေ၊ အဆီပိုပြန်စေနိုင်တာကြောင့် အကြိမ်ရေ မလွန်စေဖို့ သတိထားပါ။

Toner သုံးပါ

အဆီပြန်တတ်တဲ့သူတွေဟာtonerကောင်းကောင်းသုံးဖို့လည်းလိုပါတယ်။ toner သုံးမှ အဆီပိုတွေကို ပယ်ဖျက်နိုင်ဖို့နဲ့ချွေးပေါက်တွေ ကျဉ်းစေဖို့ ချက်ချင်းအေးမြခြင်းကိုပေးစွမ်းနိုင်ပါတယ်။ မျက်နှာသစ်ပြီးချိန်တိုင်း toner သုံးပေးရင် သိသာတဲ့ရလဒ်ကို သတိထားမိမှာပါ။

Moisturizer သုံးပေးပါ

အဆီပြန်တဲ့ အသားအရေမှာတောင် မျက်နှာကို moisturize လုပ်ပေးဖို့ လိုအပ်ပါသေးတယ်။ အရေပြားဆိုတာ အစိုဓာတ်ကို လိုအပ်ပါတယ်။ အစိုဓာတ်မရှိရင် အကာအကွယ်အလွှာအတွက် အဆီဓါတ်ကို အလိုလိုဖန်တီးလိုက်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်နှာကို အစိုဓါတ်ထိန်းပေးမယ့် serum တစ်ခုခုသုံးပေးပါ။

မုတ်ဆိတ်ရိတ်တဲ့အခါ

အမျိုးသား တွေ မုတ်ဆိတ်ရိတ်တဲ့အခါ shaving creams တွေနဲ့ aftershave တွေမှာ alcohol ပါဝင်တာတွေ မသုံးဖို့ သတိထားပါ။ alcohol က အသားအရေကို ပိုခြောက်သွေ့စေပါတယ်။ ပိုခြောက်သွေ့ရင် ပိုအဆီပြန်ပါမယ်နော်။

လက်ကို သန့်အောင်ထားပါ

မျက်နှာအဆီပြန်တတ်သူတွေမှာ ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုက ဘက်တီးရီးယားကြောင့်ပါ။ အဆီပြန်နေတဲ့ အသားအရေမှာ ဘက်တီးရီးယားတွေ ကပ်ငြိဖို့က တခြားသူတွေထက် ပိုလွယ်ကူပါတယ်။ ယောကျာ်းလေး တော်တော်များများက မျက်နှာသစ်ဖို့ နဲ့ moisturizer သုံးဖို့ကို သတိရတတ်ကြပေမယ့် ဖုန်းပွတ်နေတတ်တဲ့သူတို့ရဲ့ လက်တွေက တစ်နေ့ကို အကြိမ်ပေါင်းများစွာ မျက်နှာကိုထိမိ ကိုင်မိနေတာကို မေ့နေတတ်ကြပါတယ်။

ကိုယ့်ရဲ့စမတ်ဖုန်းကို တစ်နေ့တစ်ကြိမ်လောက်တော့ သေချာသုတ်ပေး၊ သန့်ပေးပါ။ ညစ်ပေတာတွေ၊ ဖုန်မှုန့်တွေရှိတဲ့ နေရာတွေကို ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးပါ။ လက်သန့်ဆေးရည်ကလည်း အသုံးဝင်ပါတယ်။ မျက်နှာကို မကြာခဏ ထိနေ၊ ကိုင်နေတာတော့ မလုပ်တာ အကောင်းဆုံးပါပဲ။

အဆီစုပ်စက္ကူလေးတွေ သုံးပါ

အဆီစုပ်စက္ကူလေးတွေက အဆီပြန်ခြင်းကို မတားဆီးနိင်ပေမယ့် မျက်နှာ T Zone (နှာခေါင်း၊ နဖူး၊ မေးစေ့) မှာ အဆီပြန်နေတာတွေကို အသာအယာဖိကပ်လိုက်ရုံနဲ့ စုပ်ယူဖယ်ရှားပေးနိုင်မှာ ဖြစ်လို့ အသုံးဝင်ပါတယ်။ သွားရင်းလာရင်း မျက်နှာမှာ သိသိသာသာ အဆီပြန်လာတဲ့အခါ လိုအပ်သလို အသုံးပြုနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။