backup og meta

ဝမ်းချုပ်ခြင်းကို အားပေးတဲ့ အစားအသောက် (၈) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းချုပ်ခြင်းကို အားပေးတဲ့ အစားအသောက် (၈) မျိုး

    ဝမ်းချုပ် စေတတ်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒီထဲမှာ ရေ သိပ်မသောက်လို့ ၊ လှုပ်ရှားမှု နည်းလို့ ၊ အစာခြေစနစ် မကျန်းမာလို့၊ အူလမ်းကြောင်းလှုပ်ရှားမှုမမှန်လို့ ဆိုတာတွေ ပါဝင်တာပေါ့။ တချို့က ဝမ်းနှုတ်ဆေးကို သုံးတတ်ကြပေမယ့် ဝမ်းနှုတ်ဆေးဆိုတာ မကြာခဏ သုံးလို့ကောင်းတဲ့ နည်းလမ်းမဟုတ်ပါဘူး။

    ဒီတော့ သဘာဝအတိုင်းသာ ဝမ်းမှန်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ရေ ကို လုံလောက်အောင် သောက်ပါ၊ အသီးအနှံ၊ အသီးအရွက်တွေ မျှတအောင် စားပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ ဒါဆို လုံလောက်ပါတယ်။ ဒါပေမယ့် နေထိုင်မှုပုံစံကြောင့် ဖြစ်စေ ရောဂါအခံကြောင့် ဖြစ်စေ ဝမ်းချုပ်ခြင်း ဖြစ်လာတဲ့အခါ အထူးသဖြင့် ဒါတွေကို သတိထားစားသုံးဖို့ အကြံပြုပေးလိုက်ပါတယ်။

    ဝမ်းချုပ်ခြင်းကို အားပေးတဲ့ အစားအသောက်တွေ

    ဝမ်းချုပ်ခြင်းကို အားပေးတဲ့ အစားအသောက်တွေကတော့

    (၁) နို့ထွက်ပစ္စည်း

    မကြာခဏ ဝမ်းချုပ်တတ်တယ် ဆိုရင် အစားအသောက်ရွေးတဲ့နေရာမှာ ဂရုစိုက်ပေးပါ။ ဥပမာ ချိစ် နဲ့ နွားနို့စားတာ များလွန်းရင် ဝမ်းချုပ်တတ်ပါတယ်။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေကို လုံးဝရှောင်စရာ မလိုပါဘူး။ ဒီလိုအချိန်မှာ နည်းနည်းလျှော့စားဖို့ပဲ လိုတာပါ။ အစာခြေစနစ်အတွက် ကောင်းတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတဲ့ ဒိန်ချဉ်ကို ရွေးချယ်တာ ကောင်းပါမယ်။

    (၂) အသင့်အမြန်စား အစားအစာ

    အလုပ်တွေ များလို့ လမ်းမှာ အလွယ်စား၊ ဝယ်စားတတ်တာလား။ ရယ်ဒီမိတ်အစားအစာတွေက အဆင်ပြေလွယ်ကူတယ်၊ အချိန်ကုန်သက်သာတယ် ဆိုပေမယ့် ဆိုးကျိုးတွေက ရှိနေပါတယ်။ သူတို့တွေ အများစုက အစာခြေစနစ်နဲ့ ဝမ်းမှန်စေဖို့ အထောက်အကူပြုတဲ့ အမျှင်ဓာတ်တွေ နည်းပါးပြီး ကျန်းမာရေးနဲ့ မညီတဲ့အချက်တွေ များပါတယ်။

    (၃) ဆီကြော် အစားအစာ

    ကြက်ကြော်၊ အာလူးကြော် စတဲ့ ဆီကြော်အစားအစာတွေက ဝမ်းချုပ်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ အကြော်အလှော်တွေက အဆီများပြီး ချေဖျက်ဖို့ခက်ခဲပါတယ်။ ဒီအစားအစာတွေက အူမကြီးရွေ့လျားမှု နှေးစေပြီး သူ့ကို ဝမ်းအဖြစ် စွန့်နိုင်ဖို့ ရေများများသောက်ဖို့ လိုပါတယ်။ ရေသောက်နည်းရင် ဝမ်းချုပ်ပြီး စမြင်းတုံး ဖြစ်စေပါလိမ့်မယ်။

    (၄) ကြက်ဥ

    ကြက်ဥက ပရိုတင်း များတယ် ဆိုပေမယ့် အမျှင်ဓာတ်နည်းပါတယ်။ ဝမ်းချုပ်ချိန်မှာ သူ့ကို အများကြီး မစားသင့်ပါဘူး။ လုံးဝရှောင်ရမှာ မဟုတ်ဘူးနော်။ သူ့ကို အမျှင်ဓာတ် များတဲ့ တခြားအစားအစာတွေ နဲ့ ရောပြီး စားလို့ရတယ်။

    (၅) အသား

    ပရိုတင်းနဲ့ အဆီပါဝင်မှု များပြီး အမျှင်ဓာတ် မပါတဲ့အတွက် အသီးအရွက်အစားနည်းပြီး အသားစားများသူတွေ အတွက် ဝမ်းပိုချုပ်စေပါတယ်။ အသားကို ပန်းဂေါ်ဖီစိမ်းလို အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ မျှတအောင်စားရင်တော့ ပြဿနာမရှိပါဘူး။

    (၆) ပေါင်မုန့်

    ပေါင်မုန့် ချည်းပဲ စားတာ များရင်လည်း ဝမ်းတွေ မာကျစ်ပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ အမျှင်ဓာတ် နည်းတဲ့ ဂျုံနုပေါင်မုန့်ဆိုရင် ပိုဆိုးတာမို့ အမျှင်ဓာတ်များတဲ့ ဂျုံကြမ်းပေါင်မုန့်တွေကို ရွေးချယ်ပါ။

    (၇) ကဖင်း

    တချို့က ကော်ဖီသောက်လိုက်မှ အိမ်သာသွားရတယ်တဲ့။ ဒါပေမယ့် ဆန့်ကျင်ဘက်သက်ရောက်မှုလည်း ရှိနိုင်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေမှာပါတဲ့ ကဖင်းဓာတ်က များရင် ဝမ်းချုပ်စေနိုင်တယ်။ ဒါ့ကြောင့် ဝမ်းချုပ်နေပြီဆို ကော်ဖီကို တစ်ခွက်ထက် ပိုမသောက်ပါနဲ့။

    (၈) အယ်လ်ကိုဟော

    ကော်ဖီ လိုပဲ အယ်လ်ကိုဟော ကလည်း ခန္ဓာကိုယ်ကို ရေဓာတ် ခမ်းခြောက်စေပြီး ဝမ်းပိုချုပ်စေပါတယ်။ အရက်နဲ့ ဘီယာ မဟုတ်တောင် ဝိုင်နဲ့ ကော့တေးတို့လို အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေ သောက်ပြီးရင် ရေများများ သောက်ပေးပါ။

    ဝမ်းချုပ် နေတဲ့အချိန်မှာ ဒီအစားအစာတွေကို ကြည့်ကျက်စားပါ၊ သောက်ပါနော်။ ဝမ်းပျော့ဆေး နဲ့ ဝမ်းနှုတ်ဆေးတွေက တစ်ခါတစ်လေ အဆင်ပြေပေမယ့် ရေရှည်မှာ ဘေးထွက်ဆိုးကျိုး ရှိလာနိုင်တာမို့ ကျန်းမာရေးနဲ့ညီအောင် စားသုံးရင်း ဉာဏ်ရှိသလို ဖြေရှင်းပါလို့ အကြံပေးချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement