backup og meta

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း အကြောင်းများနှင့် ကုသမှုများ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း အကြောင်းများနှင့် ကုသမှုများ

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဆိုသည်မှာ ခြေထောက်အောက်ဆုံးအပိုင်းတွင် ခုံးနေသော အနေအထားကို ထိန်းပေးထားသော ထူထဲသည့် တစ်သျူးအလွှာများရောင်ရမ်းခြင်းကို ခေါ်ပါသည်။ ခြေဖနောင့်နာခြင်းသည်လည်း ထိုဖြစ်စဉ်ကြောင့် အများဆုံးဖြစ်ရခြင်းဖြစ်သည်။

    ယင်းသို့ဖြစ်လျှင် အနားယူခြင်း၊ သက်တောင့်သက်သာရှိသော ဖိနပ်စီးခြင်း၊ ခြေဖနောင့်အောက်တွင် အနာသက်သာစေရန် ခုခံခြင်း၊ အနာပျောက်ဆေးများသောက်ခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်ပါသည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း ကိုဖြစ်စေသောအကြောင်းများ ကဘာလဲ။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော်လည်း ယင်းကိုဖြစ်စေသော အကြောင်းရင်းကို တိတိကျကျမသိရသေးပါ။

    သို့သော် ခြေထောက်ကို အမှတ်မထင်ဘဲ ထပ်ခါထပ်ခါ ထိခိုက်မှုများစုပေါင်းလာခြင်းမှ ကြာလာသောအခါ ဒဏ်ဖြစ်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ နာကျင်ဒဏ်ရာသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်ဖြစ်တတ်ပြီး ထိလိုက်လျှင် နာကျင်တတ်ပါသည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းကို ဖြစ်စေနိုင်သော အခြေအနေများမှာ အောက်ပါတို့ဖြစ်ပါသည်။

    · အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း(အထူးသဖြင့် သင်သည်ထိုအပြုအမူများနှင့် ကျင့်သားမရသေးခြင်း၊ လှုပ်ရှားမှုနည်းသော နေထိုင်မှုပူံစံမျိုးဖြစ်ခြင်း)

    · ခြေဖနောင့်နာစေသော၊ ခြေဖဝါးအောက်ခံ မကောင်းသော ရှုးဖိနပ်များ၊ ဒေါက်မြင့် ဖိနပ်များစီးခြင်း

    · ကိုယ်အလေးချိန်များလွန်းခြင်းကလည်း ခြေထောက်အောက်ပိုင်း အခုံးနေရာကို ဖိအားများစေပြီး နာကျင်မှုဖြစ်စေသည်။

    · ခြေဖဝါးကို ဆွဲဆန့်သော အနေအထားများပြုလုပ်မိခြင်း (ဥပမာ- လှေကားထစ်များတက်ခြင်း၊ ခြေဖျားထောက်ခြင်း)

    · ခြေချင်းဝတ်နေရာ အကွေးအဆန့်ကောင်းစွာမပြုလုပ်နိုင်သောသူများတွင်လည်း ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းဖြစ်စေနိုင်ပါသည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း ကိုဘယ်လိုစပြီး ကုသမလဲ။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများသည် အရွတ်များကဲ့သို့ပင် တဖြေးဖြေးချင်းသာ အနာကျက်ခြင်းဖြစ်သည့်အတွက် နာကျင်မှုသည် အချိန်ကြာမြင့်မည်ဖြစ်သည်။

    သို့သော် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် အနာကျက်မြန်စေနိုင်ပါသည်။

    • သင့် ခြေဖဝါးများကို အနားပေးပါ။

    ပြေးလွှားခြင်း၊ လမ်းများများလျှောက်ခြင်း၊ ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း ၊ သင့်ခြေဖဝါးကို ဆွဲဆန့်သော အနေအထားပြုလုပ်ခြင်း စသည့် အပြုအမူများသည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းနေချိန်တွင် ဖြစ်နိုင်သမျှ ရှောင်ကျဉ်ရမည့် အရာများဖြစ်ပေသည်။

    • ဖိနပ်များ ကိုဂရုစိုက်ရွေးချယ်ပါ။

    မာကြောသော မျက်နှာပြင်များပေါ်တွင် ခြေဗလာနှင့် လျှောက်ခြင်း ရှောင်ကျဉ်ပါ။ သင့်ခြေဖနောင့်ကို ကောင်းမွန်စွာထောက်ပံမပေးနိုင်သော ရူးဖိနပ်များစီးခြင်းကိုရှောင်ကျဉ်ပါ။ ခြေညှပ်ဖိနပ်များစီးခြင်းထက် ကြိုးသိုင်းဖိနပ်များကို ပိုစီးသင့်ပါသည်။

    ခြေဖိနောင့်အောက်တွင် ခုခံသောပစ္စည်းများနှင့် ခြေထောက်အခုံးကို ထောက်ပံ့ပေးသော ပစ္စည်းများ

    သင့်ခြေဖနောင့်အောက်နှင့် ခြေအခုံးအောက်တွင် သက်တောင့်သက်သာဖြစ်စေရန် ရေမြှုပ်ကဲ့သို့ ပစ္စည်းများကို ခုခံပေးပါ။ အမြဲတမ်းခုခံထားလျှင် ပိုကောင်းပါသည်။ ထိုသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ သင့်ခြေဖနောင့်ကို ပုံမှန်ထက် ၁ စင်တီမီတာခန့်မြင့်တက်စေခြင်းဖြင့် အနာသက်သာစေသောကြောင့်ဖြစ်သည်။

    • အနာပျောက်စေရန်

    ခြေဖနောင့်ကို ရေခဲဖြင့် ၁၅- ၂၀ မိနစ်ခန့်ကပ်ပေးခြင်းဖြင့် အနာသက်သာစေပါသည်။ Paracetmol ကဲ့သို့ အနာပျောက်ဆေးများသည် အနာသက်သာစေသလို Ibuprofen အရောင်ကျဆေးများကိုလည်း တခါတရံသုံးစွဲနိုင်ပါသည်။ သို့သော်ထိုဆေးများမသောက်မီ ကျန်းမာရေးဝန်ထမ်းများ၏ အကြံပေးချက်များကို ခံယူသင့်ပါသည်။

  • လေ့ကျင့်ခန်းများ
  • ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းသူအများစုသည် ခြေချင်းဝတ်အရွတ်များ တင်းနေခြင်းကြောင့်းအများဆုံးဖြစ်သောကြောင့် ခြေချင်းဝတ်နေရာကို ဖြေးညှင်းစွာ ဆွဲဆန့်ပေးခြင်းဖြင့် နာကျင်မှုများကို သက်သာစေပါသည်။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများသည် ညဘက်အိပ်ရာမှနိုးလျှင် တင်းမာပြီး နာကျင်မှုများကို ပိုဆိုးစေပါသည်။

    ထိုလေ့ကျင့်ခန်းကို ပြုလုပ်ခြင်းဖြင့် ခြေဖနောင့်၏ အောက်နှင့် အပေါ်တွင်ရှိသော တွယ်ဆက်တစ်သျူးများနှင့် အရွတ်များကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါသည်။ ထို့ပြင် သင့်ဆရာဝန်ကလည်း ကိုယ်လက်သန်စွမ်းရေးကုထုံးများကို ကုသရန်အကြံပေးပါလိမ့်မည်။

    အချုပ်ဆိုရသော် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် မကုဘဲထားလျှင် နာတာရှည်သွားနိုင်ပါသည်။ ထို့ကြောင့် ပြန်လည်သက်သာစေရန် အထက်ပါနည်းများ လိုက်နာဆောင်ရွက်ပါ။ ထိုသို့မဟုတ်လျှင် ခြေဖဝါး၊ ဒူးနှင့် ပေါင်၊ တင်ပါးများနာကျင်ခြင်းကြောင့် သင့်နေ့စဉ်အလုပ်များကို ထိခိုက်လာနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement