backup og meta

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများဆိုသည်မှာ ခြေထောက်အောက်ဆုံးအပိုင်းတွင် ခုံးနေသော အနေအထားကို ထိန်းပေးထားသော ထူထဲသည့် တစ်သျူးအလွှာများကို ဆိုလိုပြီး ယင်းတို့ရောင်ရမ်းခြင်းဖြစ်လျှင် အများဆုံးခံစားရသော ဝေဒနာမှာ ခြေဖနောင့်နာခြင်း ဖြစ်ပါသည်။

    ယင်းသို့ရောင်ရမ်းမှုဖြစ်စဉ်များသည် သက်လတ်ပိုင်းများတွင် အများဆုံးဖြစ်တတ်သော်လည်း ခြေထောက်ကို အများဆုံးအသုံးပြုရသော စစ်သားများနှင့် အားကစားသမားသည် သက်ငယ်ပိုင်းတွင်လည်း ခံစားရနိုင်ပါသည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်း ခြေတဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်ပါသည်။ အဓိကအားဖြင့် ခြေဖနောင့်နေရာမှ နာကျင်ခြင်း စတင်တတ်ပါသည်။ နာကျင်ခြင်းသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်ဖြစ်တတ်ပြီး ထိလိုက်လျှင် နာကျင်တတ်ပါသည်။

    နာကျင်မှုသည် မနက်စောစောနိုးချိန် လမ်းစလျှောက်ချိန်နှင့် ခြေထောက်ပေါ်တွင် မည်သည်ကိုမှ အားမပြုထားဘဲ အချိန်ကြာမြင့်စွာအနားယူပြီး လမ်းစလျှောက်ချိန်များတွင် အဆိုဆုံးဖြစ်ကြောင်းတွေ့ရသည်။

    ထိုသို့ဖြစ်လာလျှင် ညင်သာသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို တဖြေးဖြေးသက်သာစေမည်ဖြစ်ပြီး ကြာရှည်စွာ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်းများ အချိန်များစွာပြုလုပ်နေပါက ပိုဆိုးလာမည်ဖြစ်ပါသည်။

    ခြေဖဝါးကို ဆွဲဆန့်သော အနေအထားများပြုလုပ်မိခြင်း (ဥပမာ- လှေကားထစ်များတက်ခြင်း၊ ခြေဖျားထောက်ခြင်း)ကလည်း ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်းကို ပိုဆိုးစေပြီး ကြာလာလျှင် ခြေထောက် ထော့နဲ့သွားနိုင်ပါသည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်းကို ဖြစ်နိုင်ချေများစေသော အချက်များ

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်းကို ဖြစ်စေသော အကြောင်းရင်းသတ်သတ်မှတ်မှတ် မရှိသော်လည်း အောက်ပါတို့သည် ရောင်ရမ်းမှုကို ဖြစ်နိုင်ချေများစေသော အကြောင်းများဖြစ်သောကြောင့် ဖော်ပြလိုက်ရပါသည်။

    • အသက်

    အသက် ၄၀ နှင့် ၆၀ ကြားတွင် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်း ပိုဖြစ်နိုင်ချေများပါသည်။

    • အချို့သော လေ့ကျင့်ခန်းများ

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ကို ဖိအားများစေသော လေ့ကျင့်ခန်းများ (ဥပမာ- တာဝေးပြေးခြင်း၊ အေရိုးဗစ်လေ့ကျင့်ခန်း၊ အမြင့်ခုန်ခြင်း၊ ဘဲလေးကခြင်း)စသည်တို့သည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်းကို စောစီးစွာ ဖြစ်နိုင်စေသော လေ့ကျင့်ခန်းများဖြစ်ပါသည်။

    • အချို့သော အလုပ်များ

    စက်ရုံအလုပ်သမားများ၊ ခွဲစိတ်ဆရာဝန်များ၊ ဆရာများ၊ ဆရာမများသည် သူတို့၏ အချိန်အများဆုံးကို မတ်တပ်ရပ်အနေအထားနှင့် ကုန်ဆုံးရခြင်းဖြစ်သည့်အတွက် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းနိုင်ချေ ပိုများကြောင်းတွေ့ရသည်။

    • ခြေဖဝါး အနေအထား

    ခြေဖဝါးအခုံးမြင့်ခြင်း၊ ပြားခြင်းနှင့် လမ်းလျှောက်ပုံမမှန်ကန်ခြင်းတို့ကြောင့် ခြေဖဝါးပေါ်တွင် ကိုယ်အလေးချိန်သက်ရောက်မှုများ မညီမျှဖြစ်ကာ ခြေဖဝါးရှိ တွယ်ဆက်တစ်သျူးများတွင် ဒဏ်ဖြစ်လာပါသည်။

    • အဝလွန်ခြင်း

    အဝလွန်ခြင်းကြောင့်လည်း ခြေဖဝါးရှိ တွယ်ဆက်တစ်သျူးများတွင် ဖိအားသက်ရောက်မှုများကာ ဒဏ်ဖြစ်လာပါသည်။

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်းကြောင့် ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများ

    ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်းကို အမှုမဲ့အမှတ်မဲ့ထားလိုက်သော် ကြာလာလျှင် သင့်နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာနိုင်ပါသည်။ ထို့ပြင် နာကျင်မှုကိုသက်သာစေရန် လမ်းလျှောက်ပုံအနေအထား ပြောင်းလဲမှုကြောင့် ကြာလာလျှင် သင့်သင့်ခြေဖဝါး၊ ဒူးများ၊ တင်ပါးနှင့် တင်ပါးဆုံနှင့် ခါးနေရာတို့တွင် နာကျင်မှုများ ခံစားရလာနိုင်ပါသည်။

    အချုပ်ဆိုရသော် သင်သည် ခြေဖနောင့်နာခြင်းကို ခံစားနေရပြီဆိလျှင် ဆရာဝန်ထံသွားပြပြီး စစ်ဆေးမှုများ ခံယူသင့်ပါသည်။ ဆရာဝန်က သင့်ခြေဖဝါးကို စစ်ဆေးခြင်း၊ မတ်တပ်ရပ်ပုံ လမ်းလျှောက်ပုံတို့ကို စစ်ဆေးခြင်းတို့ပြုလုပ်ပြီး သင့်ခြေခုံရိုးတွင် ဒဏ်ဖြစ်ပြီး ကျိုးပဲ့ခြင်းတို့ကဲ့သို့သော အရိုးပြသနာများကို သိရှိနိုင်ရန် လိုအပ်လျှင် ဓါတ်မှန်ရိုက်ပြီး စစ်ဆေးခြင်းတို့ကို ပြုလုပ်ပါလိမ့်မည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement