backup og meta

ရင်ဘတ်ချိုင့်ဝင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်ဘတ်ချိုင့်ဝင်ခြင်း

    ရင်ဘတ်ချိုင့်ဝင်တယ်ဆိုတာက ရင်ညွန့်ရိုးက မွေးရာပါ အတွင်းကို ချိုင့်ဝင်နေတာဖြစ်ပြီး ဆေးပညာအရ Pectus excavatum လို့ ခေါ်ပါတယ်။ ကန်တော့ပုံလေးနဲ့ တူတာကြောင့်လည်း funnel chest လို့ ခေါ်ပါတယ်။ မွေးရာပါ ရောဂါ ဖြစ်ပြီး အရွယ်ရောက်လာတာနဲ့အမျှ ခံစားရတဲ့ လက္ခဏာတွေက ပိုပြီး သိသာလာလေပါပဲ။ နောက်ဆုံး ခွဲစိတ်ကုသမှ ပျောက်မယ့် ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။

    ဘာကြောင့် ဖြစ်ရတာလဲ။

    ဘာကြောင့် ဖြစ်ရတာလဲဆိုတာ မပြောနိုင်သေးပါဘူး။ မွေးရာပါ ရောဂါ တစ်ခုအနေနဲ့ပဲ သိထားကြတာပါ။ တစ်ခါတစ်လေတော့ မျိုးရိုးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    ဘယ်လိုလူတွေမှာ ပိုတွေ့ရလဲ။

    ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ပိုပြီး ဖြစ်နေတာကို တွေ့ရပါတယ်။ တခြား အခြေအနေတွေကတော့

  • Marfan syndrome
  • Ehlers-Danlos syndrome
  • Osteogenesis imperfecta
  • Noonan syndrome
  • Turner syndrome စတဲ့ ရှားပါးတဲ့ ရောဂါစုတွေနဲ့ တွဲပြီးတွေ့ရတာမျိုးလည်း ရှိပါတယ်။
  • ဘယ်လိုလက္ခဏာတွေ တွေ့ရမှာလဲ။

    တော်တော်များများမှာတော့ ရင်ဘတ်ချိုင့်ဝင်နေတာက တစ်ခုတည်းသော လက္ခဏာပါပဲ။ တချို့တွေမှာတော့ လူပျိုဖော်၊ အပျိုဖော်ဝင်လာတာက စပြီး အသက်ကြီးလာတဲ့အထိ တဖြည်းဖြည်းနဲ့ ရင်ဘတ် ချိုင့်ဝင်တာက ပိုဆိုးလာပါတယ်။ ချိုင့်ဝင်နေတဲ့အတွက် ရင်ခေါင်းက ကျဉ်းလာပြီး အထဲက အဆုတ်နဲ့ နှလုံးက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။

    သိပ်ပြင်းထန်လွန်းတဲ့ အခြေအနေမှာ ရင်ညွန့်ရိုးက အတွင်းက အဆုတ်နဲ့ နှလုံးကို ဖိလာပါတယ်။ ဒါဆိုရင်တော့

    • လှုပ်လှုပ်ရှားရှား မလုပ်နိုင်တာ
    • ကလေးဘဝမှာလည်း အများနည်းတူ မဆော့နိုင်တာ
    • ရင်တုန်တာ
    • ခဏခဏ အဆုတ်ရောင်တာ
    • ခဏခဏ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ
    • ရင်ဘတ်အောင့်တာ
    • နှလုံးကနေ ပုံမှန်မဟုတ်တဲ့ အသံတွေ ကြားရတာ
    • နုံးလွယ်တာ
    • မူးမော်တာ စတာတွေ ဖြစ်တတ်ပါတယ်။

    နောက်ဆက်တွဲ ဘာပြဿနာတွေ ဖြစ်လာနိုင်လဲ။

    နောက်ဆက်တွဲအနေနဲ့ ရင်ဘတ်က အထဲကို ချိုင့်ဝင်လွန်းရင် အဆုတ်နဲ့ နှလုံးကို ဖိလိုက်တာ ဒါမှမဟုတ် နှလုံးကို ဘေးတစ်ဖက်တွန်းပို့လိုက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုက ရုပ်နဲ့မဆိုင်တဲ့ စိတ်ပြဿနာပါ။ ရင်ဘတ်ချိုင့်ဝင်တာက မြင်သာတဲ့အတွက် နည်းနည်းပဲ ချိုင့်ဝင်ရင်တောင် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘဲ စိုးရိမ်နေတတ်ပါတယ်။

    • နှလုံးနဲ့ အဆုတ်ပြဿနာ

    ရင်ဘတ်ချိုင့်လေလေ အထဲက အဆုတ်ပြန်ဖောင်းဖို့ နေရာ ကျဉ်းလေလေပါပဲ။ ဒီလိုနေရာ ကျပ်တာတဲ့အတွက်ကြောင့် အဆုတ်က လေပြန်ဖောင်းလာတဲ့အခါ ဘေးက နှလုံးကို ဖိမိတတ်ပါတယ်။ နှလုံးကို ဘေးတွန်းလိုက်တဲ့အတွက် ပုံမှန်ညှစ်အားလည်း ကျသွားပါတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှားလုပ်ရင် အပင်ပန်း မခံနိုင်တာ၊ မောတာ၊ ရင်တုန်တာ၊ ရင်ဘတ်အောင့်တာ စတာတွေ ဖြစ်တတ်ပါတယ်။

    • စိတ်ပိုင်းဆိုင်ရာ ပြဿနာ

    ဒီရောဂါရှိတဲ့သူတွေက ရင်ဘတ်ချိုင့်တာကို ကွယ်ချင်တာကြောင့် ရှေ့ကိုကုန်းပြီး လျှောက်တတ်ကြပါတယ်။ ဒါကြောင့် ကြည့်လိုက်ရင် လက်ပြင်ကုန်းနေသလို ဖြစ်နေပါတယ်။ လူကလည်းမော လက်ပြင်ကလည်း ကုန်းဆိုတော့ ကြည့်လိုက်ရင် ရှူနာရှိုက်ကုန်းလေးနဲ့ တူပါတယ်။ ဒီလိုပုံစံဖြစ်နေတာကြောင့် လူကြားထဲသွားရမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိပါဘူး။ အထူးသဖြင့် အင်္ကျီချွတ်ပြီး လုပ်ရမယ့် ကိစ္စတွေပါ။ ဥပမာ ရေကူးတာမျိုးပေါ့။ သူတို့ ရင်ဘတ်ချိုင့်တာကို အကာအကွယ်မဲ့ သူများတွေ မြင်သွားမှာကို မလိုလားကြပါဘူး။ တချို့ဆိုရင် ဒီရင်ဘတ်ချိုင့်နေတာကြောင့် စိတ်ကျရောဂါအထိ ဖြစ်သွားနိုင်ပါတယ်။

    ဘယ်လိုကုသမှုခံယူကြမလဲ။

    ရင်ဘတ်ချိုင့်ဝင်ခြင်း က ခွဲစိတ်ပြီး ကုသလို့ရပါတယ်။ ဒါပေမယ့် အခြေအနေသိပ်ဆိုးရင်တော့ ခွဲစိတ်ပြီးရင်တောင် ပြန်ပြန်ဖြစ်တတ်ပါတယ်။ လက္ခဏာ သိပ်မဆိုးရင်တော့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။ တချို့လေ့ကျင့်ခန်းတွေက သူတို့ရဲ့ ကိုယ်နေဟန်ထားကို ပြင်ပေးနိုင်တဲ့အပြင် ရင်ခေါင်းကိုလည်း ပြန်ချဲ့နိုင်အောင် ကူညီပေးနိုင်ပါတယ်။

    လက္ခဏာတွေက သိပ်မဆိုးနေဘူး။ ဒါပေမယ့် ဒီလိုချိုင့်ဝင်နေတာကို ကြည့်ရတာ အဆင်မပြေဘူး။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေရတယ်ဆိုရင် ဆီလီကွန်ထည့်လို့ရပါတယ်။ အမျိုးသမီးတွေ ရင်သားကြီးအောင် ဆီလီကွန်ထည့်သလိုပါပဲ။ ရင်ဘတ်အရေပြားအောက်မှာထည့်ပြီး ချိုင့်ဝင်နေတာကို ပြန်ဖြည့်ပေးလို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement