backup og meta

ကာပယ်လ်တန်နယ်လ်ရောဂါလက္ခဏာစု


Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာပယ်လ်တန်နယ်လ်ရောဂါလက္ခဏာစု

    အခြေခံအချက်များ

    Carpal tunnel ရောဂါလက္ခဏာစု ဆိုတာ ဘာလဲ

    လက်ကောက်ဝတ်နဲ့ လက်မှာ ဖြစ်တတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ လက်ကောက်ဝတ်နဲ့ လက်ရဲ့ ခံစားမှုနဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ အာရုံကြောကို median အာရုံကြောလို့ ခေါ်ပါတယ်။ အဲ့ဒီအာရုံကြောဟာ လက်ကောက်ဝတ်အတွင်းက carpal tunnel လို့ခေါ်တဲ့ လမ်းကြောင်းအတွင်းမှာ တည်ရှိပါတယ်။ Carpal tunnel လက္ခဏာစုဟာ လက်နဲ့ လက်ကောက်ဝတ်မှာ ထုံကျင်ခြင်း၊ လက်ကောက်ဝတ်နဲ့ လက်မောင်းတလျှောက် စူးစူးရှရှ နာကျင်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။

    Carpal tunnel ရောဂါလက္ခဏာစုဟာ ဘယ်လောက်ထိ အဖြစ်များတတ်လဲ

    ဒီပြသနာဟာ စာစီစာရိုက်လုပ်သူများ၊ ငွေကိုင်သူများ၊ သားသတ်သမားများ၊ အစောင့်များ စတဲ့ အလုပ်အကိုင် တချို့မှာ ပိုဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအရာတွေကို လျှော့ချခြင်းဖြင့် ရှောင်ကြဉ်နိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ရောဂါလက္ခဏာများ

    Carpal tunnel ရောဂါလက္ခဏာစုရဲ့ လက္ခဏာတွေက ဘာတွေလဲ

    အတွေ့များတဲ့ လက္ခဏာတွေကတော့ လက်၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေမှာ နာကျင်ခြင်း၊ ထုံခြင်း ကျင်ခြင်း၊ ဆုပ်ကိုင်ရာတွင် မမြဲခြင်း စတာတွေဖြစ်ပါတယ်။ ဒီလက္ခဏာတွေဟာ လက်ကို အားသုံးညှစ်ခြင်း၊ လှုပ်ခါခြင်း ပြုလုပ်တဲ့အခါ ပိုဆိုးတတ်ပါတယ်။ လူတချို့မှာ လက်မောင်းအပေါ်ပိုင်းနဲ့ ပခုံး မသက်မသာ ဖြစ်တတ်ပါတယ်။ ညဘက်ဆိုရင် ပိုဆိုးပြီး အိပ်စက်ရာမှာ အနှောင့်အယှက် ပေးပါတယ်။

    ဒီစာရင်းမှာ မပါတဲ့လက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ လက္ခဏာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ

    အထက်ပါလက္ခဏာတွေရှိခဲ့ရင် သိလိုတာတွေရှိရင်၊ အထူးသဖြင့် ဒီလက္ခဏာတွေဟာ နေ့စဉ်လုပ်ဆောင်တဲ့ ကိစ္စတွေကို အနှောင့်အယှက်ဖြစ်လာရင် ဆရာဝန်ပြသင့်ပါတယ်။ လူတိုင်းဟာ မတူနိုင်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

    ရောဂါ၏ အကြောင်းအရင်း

    ဘယ်အရာတွေက Carpal tunnel ရောဂါလက္ခဏာစုကို ဖြစ်စေသလဲ

    လက်ကောက်ဝတ်ရောင်လာတဲ့အတွက် carpal tunnel လမ်းကြောင်းကျဉ်းမြောင်းလာပါတယ်။ လမ်းကြောင်းကျဉ်းလာပြီး အာရုံကြောကို ဖိမိလေ နာကျင်ခြင်းနဲ့ တခြားလက္ခဏာတွေ ခံစားရလေပဲ ဖြစ်ပါတယ်။

    လက်နဲ့လက်ကောက်ဝတ်ကို တပုံစံတည်းနဲ့ ထပ်တလဲလဲ သုံးပါများတဲ့အခါ ဥပမာ စာရိုက်ခြင်း၊ စာရေးခြင်း၊ ကွန်ပျူတာမောက်စ်သုံးခြင်း စတာတွေဟာ Carpal tunnel ရောဂါလက္ခဏာစုကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာတော့ ဟော်မုန်းဓါတ် အပြောင်းအလဲကြောင့် အရည်များစုမိပြီး ဖြစ်နိုင်ပါတယ်။ တခြားရောဂါတွေ ဥပမာ ကြွက်သားနဲ့ အရိုးရောဂါတွေ၊ သိုင်းရွိုက်အလုပ်မလုပ်ခြင်း၊ ဆီးချိုစတာတွေကလည်း Carpal tunnel ရောဂါလက္ခဏာစု ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

    ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသော အကြောင်းများ

    ဘယ်အရာတွေက Carpal tunnel ရောဂါလက္ခဏာစုကို ဖြစ်စေသလဲ

    အောက်ပါအချက်တွေဟာ ဒီရောဂါဖြစ်ပွားမှုကို ပိုမို မြင့်တက်စေပါတယ်။

    • ကျား/မ ကွဲပြားမှု။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
    • အာရုံကြောထိခိုက်မှု။ ဆီးချိုရောဂါကို အာရုံကြောကို ထိခိုက်နိုင်ခြေ ရှိပါတယ်။
    • ရောင်ရမ်းခြင်းများ။ လေးဘက်နာ အဆစ်အမြစ်ရောင်ခြင်းဟာ median အာရုံကြောကိုလည်း သက်ရောက်မှု ရှိပါတယ်။
    • ကိုယ်တွင်း အရည်ဓါတ်များ ဟန်ချက်မညီခြင်း
    • အချို့အခြေအနေများ။ သွေးဆုံးခြင်း၊ အဝလွန်ခြင်း၊ သိုင်းရွိုက်ပြသနာများ၊ ကျောက်ကပ်အလုပ်မလုပ်ခြင်း စတာတွေဟာ Carpal tunnel ရောဂါ လက္ခဏာစု ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
    • လုပ်ငန်းခွင်ဆိုင်ရာ အချက်များ။ တုန်ခါတဲ့ပစ္စည်းများနဲ့ လုပ်ကိုင်ရခြင်း၊ ပစ္စည်းများ အဆင့်လိုက် တပ်ဆင်ရတဲ့ နေရာမှာ လုပ်ကိုင်ရခြင်း စတာတွေ ဖြစ်ပါတယ်။

    ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ် ဆိုင်ရာ အကြံပြုချက်များနေရာတွင် အစားထိုးရန် မဟုတ်ပါ။ အကြောင်းအရာ ပိုသိရန် ဆရာဝန်နှင့် အမြဲ ဆွေးနွေးတိုင်ပင်ပါ။

    Carpal tunnel ရောဂါလက္ခဏာစုကို ဘယ်လို ရောဂါရှာဖွေသလဲ

    ဆရာဝန်ဟာ လက်ကောက်ဝတ်ကို စစ်ဆေးပါလိမ့်မယ်။ Median အာရုံကြောနဲ့ ပတ်သက်ပြီး လက်ကို ကွေးခိုင်းတာ၊ တခုခုကို ဆုပ်ကိုင်ခိုင်းတာ လုပ်ခိုင်းပါလိမ့်မယ်။ အထူးစစ်ဆေးနည်း (EMG) တွေနဲ့ လက်ကောက်ဝတ် အာရုံကြောနဲ့ ကြွက်သားတွေကို စစ်ဆေးပါလိမ့်မယ်။

    Carpal tunnel ရောဂါလက္ခဏာစုကို ဘယ်လိုကုနိုင်လဲ

    အဆင့်၂ဆင့်ရှိပါတယ်။ ပထမအချက်ကတော့ နေထိုင်မှုပုံစံ ပြောင်းရပါမယ်။ ဒီရောဂါကိုဖြစ်စေတဲ့ အမူအကျင့်တွေကို ရပ်တန့်ရပါမယ်။ လုပ်ငန်းခွင်ကိစ္စ ဖြစ်နေရင်တော့ ပြင်ဖို့ခက်ပေမယ့် အလုပ်ရှင်ကိုတော့ ပြောရပါလိမ့်မယ်။ တခါတရံ ရိုးရှင်းတဲ့ ပြောင်းလဲမှုလေးတွေ ဥပမာ လက်ကောက်ဝတ် အောက်မှာ တခုခုခံပြီး လှုပ်ရှားရင် လက်ကောက်ဝတ် အနေအထားကို ပိုကောင်းလာစေပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာ ကာယကုသသူများဟာ နည်းလမ်း အမျိုးမျိုးကို အကြံပြုပါလိမ့်မယ်။

    ဒုတိယတချက်ကတော့ Median အာရုံကြောပေါ်ကို ဖိအားလျော့ပါးစေဖို့ ဖြစ်ပါတယ်။ ဆေးဝါးများ၊ လက်စည်းများ၊ ခွဲစိတ်ခြင်း စတာတွေဟာ အသုံးဝင်ပါတယ်။ ညဘက်မှာ လက်စည်းပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဆေးဝါးများဟာ ရောင်ရမ်းမှုကို ယာယီသက်သာစေပါတယ်။ လက်ကောက်ဝတ် အတွင်းကို ဆေးထိုးထည့်တဲ့ နည်းလမ်းလည်း ရှိပါတယ်။

    ခွဲစိတ်ပြီး အာရုံကြောအတွက် နေရာပိုရအောင် လုပ်ပေးခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ခွဲစိတ်ခြင်းဟာ လျင်မြန်စွာ သက်သာစေပါတယ်။ အနာကျက်ပြီး နောက်ထပ်မဖြစ်အောင်တော့ ၆ပတ်လောက် လက်ကောက်ဝတ်ကို အနားပေးရပါမယ်။

    နေထိုင်မှုပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ

    Carpal tunnel ရောဂါလက္ခဏာစုအတွက် နေထိုင်မှုပုံစံ ပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများဟာ ဘာတွေလဲ

    အောက်ပါအချက်တွေဟာ အထောက်အကူပြုပါတယ်။

    • Carpal tunnel ရောဂါလက္ခဏာစုကို ဖြစ်စေသော အမူအကျင့်များကို ပြောင်းလဲခြင်း
    • ဆရာဝန်ညွှန်သော ဆေးဝါးများသောက်ခြင်း
    • ကုသမှုခံယူရာတွင် နှောင့်နှေးမှု မရှိခြင်း။ မကုဘဲကြာသါားရင် ကြွက်သားတွေ သိမ်လာပြီး အပြည့်အဝကောင်းနိုင်ဖို့ ခက်ပါတယ်။
    • လက်ကောက်ဝတ်အစည်းကို တခဏမျှသာ ချွတ်ပြီး လက်လေ့ကျင့်ခန်းလုပ်တာ ကောင်းပါတယ်။ အသုံးပြုတာ၊ လေ့ကျင့်တာ လုံးဝရပ်လိုက်ခြင်း မလုပ်ပါနဲ့။

    သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement