backup og meta

ရေဓာတ်နည်းလို့ ကြွက်သားနာတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေဓာတ်နည်းလို့ ကြွက်သားနာတဲ့အခါ

    ကြွက်သားတွေက နေ့စဉ် လှုပ်ရှားမှုတွေမှာ မပါမဖြစ် ပါဝင်ရတဲ့ အရာတွေပါ။ လမ်းလျှောက်တဲ့အခါ ခြေသလုံး ကြွက်သားကို အားပြုရတယ်။ ပစ္စည်းလေးတွေကို ကောက်ကိုင်တယ်ဆိုရင် လက်ချောင်းလေးတွေက ကြွက်သားလေးတွေ လက်ဖျံ၊ လက်မောင်းစတဲ့နေရာတွေက ကြွက်သားတွေကို အားကိုးရပါတယ်။

    ဒီတော့ လှုပ်ရှားမှုတိုင်းမှာ သူတို့လေးတွေက မပါမဖြစ်ပေါ့။ ဒီတော့ သူတို့က ပင်ပန်းနိုင်တယ်။ နာကျင်နိုင်တယ်။ ကိုက်ခဲနိုင်တယ်လေ။ လမ်းလျှောက် များရင် ခြေသလုံး ကြွက်သားတွေ ကိုက်တယ်ဟုတ်။ ဒါက ခြေသလုံး ကြွက်သားလေးတွေ ပင်ပန်းသွားလို့ပါ။ အားပြတ်သွားတဲ့ သဘောပေါ့။

    ဒီလိုအခြေအနေမှာ အာဟာရဖြည့်တာ အနားပေးတာတွေ လုပ်ရတယ်လေ။ ဒါမှ ကြွက်သားလေးတွေက ပြန်လည်အားပြည့်ကျန်းမာလာမှာပေါ့။ ဒီတော့ ကြွက်သားလေးတွေ နာကျင်မှုကင်းပြီး ကျန်းမာနေစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ …။

    အဖြစ်များတဲ့ ကြွက်သားနာကျင်ရတဲ့ အကြောင်းအရင်း

    ကြွက်သားတွေကို နာကျင်စေရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ ဥပမာ

    • ထိခိုက်မိတာ
    • လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာ
    • ရေဓာတ်နည်းတာ
    • ဆေးဝါးတွေ သောက်သုံးနေရတာ
    • ရောဂါတစ်ခုခု ရှိနေတာ
    • အလေးအပင်မတာ စတာတွေကြောင့် ကြွက်သားနာနိုင်ပါတယ်။ ဒါပေမယ့် အဖြစ်အများဆုံး ကြွက်သားနာကျင်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ ရေဓာတ် နည်းလို့ပါ။ ရေဓာတ်နည်းတာက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ အများကြီး သက်ရောက်မှုတွေ ရှိနေပါတယ်။

    အရွယ်ရောက်ပြီးသူ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ကိုယ်ထဲမှာ ရေဓာတ်နည်းသွားတဲ့အခါ ကြွက်သားတွေ နာကျင်တာ၊ ခေါင်းကိုက်တာလိုမျိုး လက္ခဏာတွေနဲ့ ရေဓာတ်ဖြည့်ဖို့ ခန္ဓာကိုယ်က အချက်ပြတတ်ပါတယ်။

    ရေဓာတ်နည်းတဲ့အခါ အများဆုံး အချက်ပြတာကတော့ ကြွက်သားတွေ နာကျင်တာ၊ ကြွက်တက်တာတွေပါ။ ရေဓာတ်က ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ချောမွေ့အဆင်ပြေစွာ လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးတဲ့အရာပါ။ ဒါကြောင့်လည်း ရေဓာတ်ပြည့်ဝဖို့ ကအရေးကြီးတယ်လို့ ပြောရတာပေါ့။

    တစ်ခါတလေမှာ အလေးအပင်လည်း မမမိပါဘဲ ကြွက်သားနာတယ်ဆိုတာက ရေသောက်နည်းနေတယ်ဆိုတဲ့ လက္ခဏာပါ။ ဒီလိုအခြေအနေမှာ ကြွက်သားနာကျင်တာ သက်သာစေဖို့ ဘာတွေ လုပ်ပေးသင့်လဲ။

    ရေသောက်နည်းလို့ ကြွက်သား နာကျင်တာကို သက်သာစေဖို့ ဘာလုပ်သင့်လဲ …?

    ရေသောက်နည်းလို့ ကြွက်သားနာကျင်တာကို သက်သာစေဖို့ဆိုရင်

    ရေသောက်ပါ။

    ဒါကတော့ အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းနည်းပါ။ ​ကြွက်သားတွေ နာကျင်လာပြီ။ ကိုက်ခဲလာပြီဆိုရင် ရေအေးအေးတစ်ခွက်ကို သောက်လိုက်ပါ။ လိုအပ်တဲ့ရေဓာတ် ပြည့်ဝသွားမှုက ကြွက်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်။

    အနားယူပါ

    နာကျင်သွားတဲ့ ကြွက်သားကို ဆက်လက်လှုပ်ရှားစေတာက ဒဏ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကြွက်သားတွေက နာကျင်နေမယ်ဆိုရင် အနားယူပေးပါ။ ဒါကလည်း ကြွက်သားနာကျင်မှုကို သက်သာစေမယ့် အရိုးစင်းဆုံး နည်းလမ်းတစ်ခုပါ။

    ရေအေးဝတ်ကပ်ပါ

    ရေအေးဝတ်ကပ်တာက နာကျင်မှုကို သက်သာစေမယ့် အိမ်တွင်းကုထုံးတစ်ရပ်ပါ။ ပိတ်စ မထူမပါးထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး နာကျင်နေတဲ့ ကြွက်သားကို ကပ်ပေးရုံပါ။ ၁၅ မိနစ် ကပ်ပြီးတိုင်း ခဏ နားဖို့ မမေ့ပါနဲ့။

    ရေနွေးဝတ် ကပ်ပါ။

    ရေနွေးဝတ်ကပ်တာက ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သား နာကျင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နာကျင်နေတဲ့ ကြွက်သားတွေကို ပြေလျော့စေဖို့ ရေနွေးဝတ် ကပ်ပေးလို့ ရပါတယ်။ ရေနွေးစိမ်ပေးတာ၊ ရေနွေးနဲ့ ရေချိုးတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။

    ဆေးပလာစတာကပ်ပါ။

    ရေနွေးဝတ်တွေ၊ ရေခဲဝတ်တွေကပ်ရတာ အလုပ်ရှုပ်တယ်ထင်ရင်တော့ မြန်ဆန်လွယ်ကူပြီး အလုပ်ကင်းတဲ့ ဆေးပလာစတာလေး ကပ်ပေးလို့ ရပါတယ်။ ဆေးပလာစတာကပ်တာက ကြွက်သားနာကျင်မှုကို သက်သာစေမယ့် အထိရောက်ဆုံး နည်းလမ်းတစ်ခုပေါ့။

    ဆေးပလာစတာ ကပ်တဲ့အခါ မွေးညှင်းအိတ်လေးတွေကို ထိခိုက်တာမျိုး မဖြစ်စေဖို့ မြဲမြံတဲ့ ပလာစတာဖြစ်ဖို့နဲ့ အရေပြားလောင်တာကင်းစေဖို့ လေဝင်လေထွက်ကောင်းတဲ့ အမျိုးအစားကို ရွေးဖို့တော့ လိုပါမယ်။ ပရုပ်အေးလေးပါ ပါရင်တော့ အေးမြပြီး နေလို့ပိုကောင်းတာပေါ့။

    ဆေးလိမ်းပါ

    ကြွက်သားနာတာကို ဒဏ်ကြေလိမ်းဆေး လိမ်းပေးလို့လည်း ရပါတယ်။ ဆေးလေးလိမ်းပြီး ပတ်တီးခပ်ပါးပါးလေး စည်းထားတာကလည်း နာကျင်မှုကို သက်သာစေမှာပါ။

    ကဲ….. နာကျင်နေတဲ့ ကြွက်သားလေးကို အခုလို နည်းလမ်းလေးတွေ သုံးပြီး အနားပေးလို့ ကျန်းမာအောင် ပြုစုလိုက်စို့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement