backup og meta

လက်ကောက်ဝတ်နာကျင်ခြင်းကို သက်သာစေဖို့အတွက် ပြုလုပ်နိုင်တဲ့ ယောဂပုံစံ သုံးမျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ကောက်ဝတ်နာကျင်ခြင်းကို သက်သာစေဖို့အတွက် ပြုလုပ်နိုင်တဲ့ ယောဂပုံစံ သုံးမျိုး

    နေ့စဉ်ဘာအလုပ်ပဲလုပ်လုပ် လက်ကို အသုံးပြုပြီး လုပ်ရတဲ့ အလုပ်တွေက အင်မတန် များပါတယ် (ဥပမာ ကွန်ပြူတာကီးဘုတ်နဲ့ စာရိုက်တာ၊ထမင်းဟင်းချက်တာ၊အရာဝတ္ထုတွေကို ကိုင်တွယ်တာ၊အဝတ်အစားဝတ်တာ စသဖြင့်ပေါ့)။ ဒါကြောင့် သင့်လက်ကောက်ဝတ်ဟာ နာကျင်မှုတွေကို ခံစားရနိုင်ပါတယ်။

    လက်ကောက်ဝတ်နာကျင်မှုဝေဒနာကို ခံစားရတဲ့အခါ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့် ယောဂနဲ့ အခြားသော အကြောလျှော့လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးခြင်းအားဖြင့် ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

    လက်ကောက်ဝတ်နာကျင်ခြင်းကို ကုသရာမှာ အရေးပါတဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း

    သင့်လက်ချောင်းလေးတွေ၊ လက်ကောက်ဝတ်၊ လက်ဖျံ၊ လက်မောင်း၊ ပုခုံး စတဲ့အစိတ်အပိုင်းတွေဟာ လှုပ်ရှားမှုအများစုကို ပြုလုပ်ရပါတယ်။ ဒီလို လှုပ်ရှားမှုတွေကို ပြုလုပ်ရတာနဲ့အမျှ လက်ကောက်ဝတ်တွေဟာ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပြီး နာကျင်မှုကို ခံစားလာရပါတော့တယ်။

    သင်ဟာ လက်ကို အသုံးပြုပြီး နေ့စဉ်လှုပ်ရှားမှုတွေကို ပြုလုပ်နေရတာဖြစ်တဲ့အတွက် ဒီနာကျင်မှုဝေဒနာ အမြန်ပျောက်ကင်းသွားဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် သင့်လက်ကောက်ဝတ်တဝိုက်မှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့အပြင် ပိုပြီးတော့လည်း ကျန်းမာသန်စွမ်းလာစေမှာ ဖြစ်ပါတယ်။

    ဒါတင်မကသေးပါဘူး။ လက်ကောက်ဝတ်နားက အရိုးတွေ၊ အရွတ်၊ အရွတ်ကြောတွေနဲ့ အခြားသော အစိတ်အပိုင်းတွေကိုလည်း ကူညီထောက်ပံ့ပေးပါသေးတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ သွေးတွေ လက်ကောက်ဝတ်ဆီကို များများရောက်ရှိစေမှာဖြစ်တဲ့အတွက် ထိခိုက်ဒဏ်ရာတွေကို အလျင်အမြန် သက်သာစေမှာ ဖြစ်ပါတယ်။

    လေ့ကျင့်ခန်းလုပ်ခြင်းဟာ နာကျင်ခြင်း၊ လှုပ်ရှားရခက်ခဲခြင်း အစရှိတဲ့ ပြဿနာတွေကို ပြေလည်အောင် ကုသဖြေရှင်းပေးရုံသာမက နောက်ထပ်ဖြစ်မလာအောင်လည်း ကာကွယ်ပေးပါသေးတယ်။

    သင့်ကို အကူအညီပေးနိုင်တဲ့ ယောဂပုံစံတွေ

    အိမ်မှာနေရင်း အလွယ်တကူ လုပ်နိုင်တဲ့ ယောဂပုံစံ သုံးမျိုး ရှိပါတယ်။

  • လက်ဆန့်ကြွက်သားကို ဖြေလျှော့ခြင်းပုံစံ
  • · စစချင်းမှာ လက်တဖက်နဲ့ အရင် စရပါတယ်။ သင့်လက်ကို ရှေ့သို့ဆန့်တန်းပါ (လက်ဖဝါးက အောက်ဖက်မှာ ရှိပါစေ)။

    · အဆိုပါလက်ကို နောက်လက်တဖက်နဲ့ ဖိပြီး လက်ကောက်ဝတ်ကနေ အပေါ်ကို ကွေးလိုက်ပါ။

    · ဒီပုံစံအနေအထားအတိုင်း စက္ကန့်၃၀လောက်ထားပါ။

    · မူလပုံစံကို ပြန်သွားပါ။

    · အထက်ပါ အတိုင်း နှစ်ကြိမ်ကနေ လေးကြိမ်အထိ ဆက်လုပ်နိုင်ပါတယ်။

    · ပြီးရင် အခြားလက်တဖက်ကို ဆက်လုပ်ပါ။

    • လေးဖက်ထောက်ပုံစံ

    ဒီပုံစံမှာဆိုရင် သင့်ခန္ဓာကိုယ်ရဲ့ အလေးချိန်အချို့ကို လက်ကောက်ဝတ်ပေါ် သက်ရောက်စေမှာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ သင့်လက်ကောက်ဝတ်က ပိုမိုသန်စွမ်းလာမှာ ဖြစ်ပါတယ်။ တခုရှိတာက ဒီလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သင့်လက်ကောက်ဝတ် အလွန်အကျွံ လန်သွားခြင်းမှ ကာကွယ်ဖို့အတွက် မျက်နှာပြင်အမာပေါ်မှာ လုပ်ရမှာ ဖြစ်ပါတယ်။

    · ပထမဆုံးလုပ်ရမှာက ကြမ်းပြင်ပေါ် လေးဖက်ထောက်လိုက်ပါ။ ဒီလိုဆိုတော့ သင့်ပုခုံးက လက်ကောက်ဝတ်ရဲ့ အပေါ်ဖက်မှာ ရှိနေမှာဖြစ်ပြီး တင်ပါးက ဒူးရဲ့ အပေါ်မှာ ရှိနေမှာ ဖြစ်ပါတယ်။

    · သင့်လက်၊ လက်ဖဝါးနဲ့ လက်ချောင်းတွေဟာ ကြမ်းပြင်ပေါ်မှာ အပြားလိုက်ရှိနေပါမယ်။

    · ပြီးရင် သင့်လက်တချောင်းလုံးကို လက်ကောက်ဝတ်ကနေ မတင်လိုက်ပါ။ ဒီအချိန်မှာ သင့်အရေပြား ရှည်ထွက်လာသလို ခံစားရပါမယ်။

    · လက်မောင်းကို တဖြောင့်တည်းရှိအောင်ထားပြီး ဘေးကို ကားထုတ်လိုက်ပါ။

    · ဒီနောက်မှာတော့ ပုခုံးကို နာရီလက်တံလားရာအတိုင်း လှည့်ပါ။

    · အထက်မှာ ပြောခဲ့တဲ့ပုံစံအတိုင်း နှစ်ကြိမ်ကနေ လေးကြိမ်အထိ ဆက်လုပ်ပါ။

    • ခြေထောက်အောက် လက်ရောက်တဲ့ ပုံစံ

    ဒီပုံစံဟာ သင့်လက်ကောက်ဝတ်ပေါ်မှာ သက်ရောက်နေတဲ့ ဖိစီးမှုတွေကို လျော့ကျစေပါလိမ့်မယ်။

    · ကြမ်းပြင်ပေါ်မှာ မတ်မတ်ရပ်ပါ။

    · သင့်ခြေချောင်းလေးတွေကို လက်နဲ့ထိလို့ရတဲ့အထိ ခါးကိုကိုင်းပါ။ ဒီလို ခါးကိုင်းတာဟာ အစမှာတော့ နည်းနည်းနာပါလိမ့်မယ်။ ဒါပေမယ့် အကျင့်ဖြစ်သွားရင် အဆင်ပြေသွားပါလိမ့်မယ်။

    · သင့်ခြေချောင်းလေးတွေကို အပေါ်ကော့တင်လိုက်ပြီး လက်ကို ခြေချောင်းလေးတွေအောက်ကို ထည့်လိုက်ပါ (လက်ဖဝါးကို ပက်လက်လှန်ထားတဲ့ အနေအထားနဲ့)။

    · ပြီးရင် ခြေချောင်းလေးတွေနဲ့ လက်ကောက်ဝတ်ထိတဲ့အထိ သင့်လက်ကို ခြေဖနောင့်ဖက် တဖြည်းဖြည်း ထိုးသွင်းပါ။

    · ဒီပုံစံအတိုင်း စက္ကန့်၃၀လောက်ထားပါ။

    · အစကနေ တခါပြန်လုပ်ပါ။

    · နောက်ထပ် နှစ်ကြိမ်ကနေ လေးကြိမ်လောက်အထိ ဆက်လုပ်ပါ။

    သင့်လက်ကောက်ဝတ်နာကျင်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုဖြစ်ပြီး လေ့ကျင့်ခန်းပုံစံအချို့ကို မှန်မှန်ပြုလုပ်ပေးခြင်းအားဖြင့် ဒီပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ နာကျင်ခြင်း၊သက်တောင့်သက်သာ မရှိခြင်းတွေကို ခံစားနေရပြီဆိုရင် အချိန်တိုလေ့ကျင့်ခန်းလေးတွေနဲ့ စတင်နိုင်ပြီး တဖြည်းဖြည်းနဲ့ အရှိန်မြှင့်သွားရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement