backup og meta

အားကစားလုပ်ပြီးနောက် ကိုက်ခဲနေတဲ့ခြေထောက်ကို ဘယ်လိုကုသမလဲ


Ye Myo Myat မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အားကစားလုပ်ပြီးနောက် ကိုက်ခဲနေတဲ့ခြေထောက်ကို ဘယ်လိုကုသမလဲ

    မာရသွန်အပြေးသမားတွေ၊ ပြင်းပြင်းထန်ထန် အားကစား၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ ကိုယ့်ရဲ့အလုပ်ပြီးသွားတာနဲ့ ခြေထောက်က မသယ်ချင်လိုက်အောင် ထိုးပြီးကိုက်ခဲနေတာ တော်တော်များများဖြစ်ဖူးကြမှာပါ။ များသောအားဖြင့်တော့ စိုးရိမ်စရာမလိုတဲ့ လက္ခဏာပဲဆိုပေမယ့် နောက်နေ့အားကစားလုပ်ဖို့အတွက် ခြေထောက်က နာတာမသက်သာသေးတဲ့အခါကျတော့ စိတ်ညစ်ရတာပေါ့။ ဒီပြဿနာကနေ ကင်းဝေးစေဖို့ ခြေထောက်နာကျင်ကိုက်ခဲတာကို အမြန်သက်သာစေမယ့် နည်းလမ်းကောင်းတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်လိုက်ကြရအောင်လား။

    ခြေထောက်က ဘာလို့ ကိုက်ခဲနေရတာလဲ။

    အားကစားအပြင်းအထန်လုပ်ပြီးသွားတဲ့အခါမျိုးမှာ ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားတွေကို အပြင်းအထန်လှုပ်ရှားအသုံးပြုလိုက်ရတဲ့အတွက် အနည်းနဲ့ အများတော့ ကိုက်ခဲတဲ့ဒဏ်ဖြစ်ပေါ်တတ်ပါတယ်။ တချို့ကျတော့လည်း ပြေးနေတဲ့အချိန်မှာ စီးထားတဲ့ အားကစားစီးဖိနပ်က ကိုယ့်ခြေထောက်ကို ကောင်းကောင်းအထောက်အပံ့မပေးနိုင်တာ၊ ကျပ်လွန်းတာ ဒါမှမဟုတ် ကိုယ်ခန္ဓာလှုပ်ရှားတဲ့ ပုံစံ၊ အနေအထား မမှန်ကန်တဲ့အခါ၊ ဒူးခေါင်းကို အလွန်အကျွံ အသုံးပြုလိုက်တဲ့အခါ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အလေးချိန်က ခြေထောက်နဲ့ ခြေဖနောင့်ကို သွားပြီး အားသက်ရောက်သလိုဖြစ်တဲ့အတွက် နာကျင်ကိုက်ခဲရတာပါ။ ဒါကတော့ စိတ်ပူစရာမဟုတ်ပါဘူး။

    ခြေထောက်နာကျင်ကိုက်ခဲခြင်းအတွက် အဖြေရှာကြမယ်။

    တချို့တွေက နာကျင်ကိုက်ခဲနေတာကို သူ့ဘာသာပျောက်သွားမှာပါလို့ ထင်တတ်ကြပါတယ်။ ဒဏ်က သိပ်မပြင်းဘူးဆိုရင်တော့ သူ့အလိုလိုပျောက်သွားနိုင်တယ်ဆိုပေမယ့် ကိုယ်က အားအရမ်းစိုက်လိုက်တဲ့အခါမျိုးမှာ ဘာကုထုံးနဲ့မှမလုပ်ဘဲ သူ့အလိုလိုပျောက်သွားဖို့ဆိုတာ အချိန်အကြာကြီးစောင့်နေရတတ်ပါတယ်။ ဒီလိုအချိန်မျိုးအတွက် ကုထုံးတွေကတော့

    ၁။ လုပ်နေတာတွေကို ခဏနားလိုက်ပါ။

    အားကစားပဲလုပ်လုပ်၊ လေ့ကျင့်ခန်းပဲလုပ်လုပ် ကိုယ့်ခြေထောက်က နာကျင်ကိုက်ခဲနေပြီလို့ ခံစားနေရရင် အရင်ဆုံး ခဏနားလိုက်ပါ။ နာနေတဲ့ ခြေထောက်ကြီးကို ထပ်ဒဏ်ဖြစ်အောင် မလုပ်ပါနဲ့။ နားနေတဲ့အချိန်မှာ ခြေထောက်ကို တန်းတန်းဆန့်ထားပြီး ရေသောက်အမောဖြေလိုက်ပါ။ ပြီးရင် ဒူးခေါင်းကို ဖြည်းဖြည်းချင်း ကွေးလိုက်၊ ဆန့်လိုက်လုပ်ပေးပါ။

    ၂။ ရေခဲဝတ်ကပ်ပါ။

    နာကျင်ကိုက်ခဲတဲ့ဒဏ်ရာအတွက် အကောင်းဆုံးကုထုံးက ရေခဲဝတ်ကပ်တာပါပဲ။ ရေခဲဝတ်မရှိဘူးဆိုရင်လည်း အဝတ်သန့်သန့်ကို ရေခဲ ၂တုံးလောက် ထည့်ပြီးစည်းလိုက်တာ၊ ရေအေးအေးနဲ့ စိမ်ထားတဲ့ အဝတ်ကို ကပ်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ ကိုက်ခဲနေတဲ့ နေရာတစ်လျှောက်ကို ရေခဲဝတ်နဲ့ မိနစ် ၂၀လောက် ဖိကပ်ထားပေးပါ။

    ၃။ အကိုက်အခဲပျောက်ဆေး လိုအပ်ရင် သောက်ပါ။

    ဒါကတော့ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲနေပြီဆိုမှ အကိုက်အခဲပျောက်ဆေး သောက်ဖို့ စဉ်းစားသင့်ပါတယ်။ မသောက်ခင်မှာလည်း ဆရာဝန်နဲ့ အရင်ပြပါ။ ဆရာဝန်ညွှန်ကြားပေးတဲ့ ဆေးကိုပဲ သေချာသောက်ပါ။ ဆေးကို နေ့စဉ်ရက်ဆက်သောက်တာမျိုးတော့ မလုပ်ပါနဲ့။ အကိုက်အခဲပျောက်ဆေးတွေထဲမှာ ibuprofen, naproxen, aspirin ပါတဲ့ ဆေးတွေဆို အဆင်ပြေပါတယ်။

    ၄။ အိမ်မှာနေရင် ဖိနပ်မစီးထားပါနဲ့။

    မြန်မာနိုင်ငံမှာတော့ တော်တော်များများ အိမ်မှာဆိုရင် ဖိနပ်မစီးကြတာ များပါတယ်။ အထူးသဖြင့် ကိုက်ခဲနေတဲ့အချိန်ဆိုရင် ခြေထောက်ကို ဒီအတိုင်းပဲထားထားပါ။ ဟိုလျှောက်သွား၊ ဒီလျှောက်သွားလုပ်ပြီး ဖနောင့်ကို ထပ်ပြီးဒဏ်မဖြစ်ပါစေနဲ့။ အိပ်ခါနီးမှာ ခြေထောက်ကို သံလွင်ဆီ၊ အုန်းဆီ ဒါမှမဟုတ် lotion တစ်မျိုးမျိုးလိမ်းပြီး လက်မနဲ့ ဖြည်းဖြည်းချင်းဖိပြီးနှိပ်ပေးပါ။ အိပ်တဲ့အချိန်တော့ ခြေအိပ်စွပ်ချင် စွပ်လို့ရပါတယ်။

    ၅။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။

    အားကစားသမားတွေအတွက် အရေးကြီးဆုံးက အိပ်ချိန်နဲ့ အစာအာဟာရပါပဲ။ တစ်နေ့အိပ်ချိန်ကို အနည်းဆုံး ၇နာရီကနေ ၈နာရီထိ ရအောင်အိပ်ပါ။ ကြွက်သားနာကျင်တာကို အလျင်အမြန်သက်သာစေနိုင်ဖို့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ ပဲ၊ ဥ၊ နွားနို့ အဓိကစားသုံးပေးပါ။

    လုံးဝမသက်သာရင် ဘာလုပ်သင့်လဲ။

    အရင်ဆုံး ကိုယ်စီးနေတဲ့ အားကစားစီးဖိနပ်က ကိုယ့်ခြေထောက်ကို ဒဏ်ဖြစ်စေနေလား၊ နေရထိုင်ရ ခက်စေလားဆိုတာ သေချာပြန်စဉ်းစားကြည့်ပါ။ ဖိနပ်ကြောင့်လည်း များသောအားဖြင့် ခြေထောက်ဒဏ်ဖြစ်တတ်တာတွေရှိပါတယ်။ ဘာကြောင့်ပဲ ဒဏ်ဖြစ်ပါစေ အိမ်တွင်းကုထုံးတွေနဲ့ အလွယ်တကူကုသလို့တော့ ရပါတယ်။ အဲ့လိုကုလို့ မသက်သာဘူးဆိုရင်တော့ အရိုးအကြော ဆရာဝန်နဲ့ သေချာပြသပြီး ခြေထောက်ကို ဓာတ်မှန်ရိုက်ကြည့်ပြီးတော့ တခြားမူမမှန်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိလားဆိုတာ စစ်ဆေးမှာဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement