backup og meta

လက်ကောက်ဝတ်နာကျင်ခြင်းကို ကာကွယ်ပေးနိုင်မယ့် အချက်လေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ကောက်ဝတ်နာကျင်ခြင်းကို ကာကွယ်ပေးနိုင်မယ့် အချက်လေးတွေ

    ကိစ္စအတော်များများကို ပြုလုပ်ဖို့ သင့်လက်တွေကို အမြဲတစေ အသုံးပြုရလေ့ရှိတဲ့အတွက် သင့်လက်ကောက်ဝတ်တွေဟာ နာကျင်မှုဝေဒနာကို ခံစားရလေ့ရှိပါတယ်။

    ပြောနေကျ စကားအတိုင်းပါပဲ၊ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတာမို့ လက်ကောက်ဝတ်နာကျင်ခြင်းကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းငါးသွယ်ကို လေ့လာကြည့်ရအောင်။

    သင့်အရိုးနဲ့ ကြွက်သားတွေကို ကျန်းမာသန်စွမ်းနေပါစေ။

    သင့်အရိုးနဲ့ ကြွက်သားတွေ ကျန်းမာသန်စွမ်းနေတဲ့အခါ လက်ကောက်ဝတ်နာကျင်မှု ခံစားရနိုင်ချေ နည်းပါးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ရိုးရှင်းတဲ့ အကြောဖြေလျှော့ လေ့ကျင့်ခန်းလေးတွေ ပြုလုပ်တာ ဒါမှမဟုတ် ယောဂကျင့်တာ စသဖြင့် လုပ်ဆောင်နိုင်ပါတယ်။

    • သင့်လက်ကောက်ဝတ်ကို ဆန့်ပေးတဲ့ လေ့ကျင့်ခန်းမျိုး မကြာခဏ လုပ်ပေးပါ။
    • တချို့ယောဂပုံစံတွေဟာ လက်ကောက်ဝတ်အတွက် များစွာအကျိုး ရှိပါတယ်။
    • အားကစားလေ့ကျင့်ခန်းတွေ မလုပ်ခင်မှာ လက်ကောက်ဝတ်ကို သွေးပူလေ့ကျင့်ခန်းဦးစွာ လုပ်ပေးရပါမယ်။ဒီလို လုပ်ပေးခြင်းအားဖြင့် သင့်လက်ကောက်ဝတ်အနေနဲ့ အားကစားလုပ်ဖို့ အသင့်အနေအထားမှာ ရှိနေမှာ ဖြစ်ပါတယ်။
    • သင့်အနေနဲ့ ကယ်လ်လဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ် စသည်)ကို စားပေးခြင်း ဒါမှမဟုတ် ဖြည့်စွက်အားဆေးတွေ သုံးစွဲပေးခြင်းတို့ကို ပြုလုပ်ရပါမယ်။ဒါပေမယ့် တန်ဆေးလွန်ဘေးမဖြစ်စေဖို့အတွက် သုံးစွဲရမယ့်ပမာဏနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်ကို ဦးစွာ မေးမြန်းတိုင်ပင်ရပါမယ်။ ကယ်လ်ဆီယမ်ဓာတ်ကို လိုတာထက်ပိုစားရင် ဆီးကျောက်တည်နိုင်တဲ့အပြင် နှလုံးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

    သင့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို လိုအပ်သလို ပြောင်းလဲပါ။

    • လက်ကောက်ဝတ်ကို ကြိမ်ဖန်များစွာ လှုပ်ရှားရတဲ့၊အပြင်းအထန် လှုပ်ရှားရတဲ့ လုပ်ဆောင်မှုတွေကို သတိထား ရှောင်ကြဉ်ပါ။
    • လက်ကောက်ဝတ်မှာရှိတဲ့ ကြွက်သား၊ အရွတ်ကြော၊ အာရုံကြောနဲ့ အရွတ်တွေကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှုတွေကိုလည်း သတိထား ရှောင်ကြဉ်ပါ။ အဆိုပါ တစ်ရှူးတွေမှာ ပြဿနာဖြစ်ရင်လည်း လက်ကောက်ဝတ် နာနိုင်ပါတယ်။
    • တကယ်လို့ သင့်အနေနဲ့ လက်ကောက်ဝတ်ကို ထိခိုက်နိုင်တဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ရင်း တစ်နေကုန် ထိုင်နေရမယ်ဆိုရင် ခုံမှာ မတ်မတ်ထိုင်ပါ၊ပုခုံးကို ဖြေလျှော့ထားပါ။ လက်ကောက်ဝတ်ကို ဖြောင့်တန်းနေပါစေ။ ခြေထောက်ကိုလည်း ကြမ်းပေါ်ချထားပါ။ သင့်ဇက်ကိုလည်း သက်တောင့်သက်သာအနေအထားမှာ ရှိပါစေ။
    • ကွန်ပြူတာကီးဘုတ်နဲ့ စာရိုက်တဲ့အခါ သင့်လက်နဲ့ လက်ကောက်ဝတ်တို့ကို သက်သောင့်သက်သာရှိပါစေ။ စာရိုက်နေချိန်မှာ လက်ကို တောင့်တောင့်ကြီးထားမယ်ဆိုရင် ကြွက်သားတွေမှာ ဒဏ်ဖြစ်လာနိုင်ပါတယ်။
    • ကီးဘုတ်၊မောက်စ်တို့ကို ကိုင်တဲ့အခါ မလိုအပ်ဘဲ အားကြီးထည့်ပြီး မကိုင်ပါနဲ့။

    မှန်ကန်သင့်တော်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုပါ။

    မှန်ကန်သင့်တော်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုပြီး သင့်လက်ကောက်ဝတ်ကို ကာကွယ်ပါ။ ဒီပစ္စည်းတွေဟာလက်ကောက်ဝတ်ကို ကူညီထောက်မပေးရုံသာမက ထိခိုက်ဒဏ်ရာတွေကိုလည်း ကာကွယ်ပေးပါသေးတယ်။

    • သင်အလုပ်လုပ်တဲ့အခါ လက်ကောက်ဝတ်ကို ထိခိုက်မှုနည်းစေဖို့အတွက် လက်အိတ်ထူထူဝတ်ပါ။
    • အရမ်းအေးတဲ့ အချိန်တွေမှာ အလုပ်မလုပ်ပါနဲ့။ တကယ်လို့ အဆိုပါ အချိန်တွေမှာ မဖြစ်မနေ အလုပ်လုပ်ရတော့မယ်၊ အေးစက်နေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ရတော့မယ်ဆိုရင် လက်အိတ်သုံးရင်သုံး၊ မသုံးရင်လည်း အဝတ် ဒါမှမဟုတ် တစ်ခုခုနဲ့ အုပ်ပြီး ကိုင်တွယ်ပါ။
    • ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ လက်တစ်ခုလုံးကို သုံးပြီးကိုင်ပါ။ လက်မနဲ့ လက်ညှိုးကိုပဲ အသုံးပြုပြီး အရာဝတ္ထုတွေကို ကိုင်တွယ်၊သယ် မ ခြင်းဟာ လက်ကောက်ဝတ်အပေါ် ဒဏ်ပိစေပါတယ်။

    ချော်လဲခြင်း၊ အမြင့်မှပြုတ်ကျခြင်းတွေကို သတိထားကာကွယ်ပါ။

    အမြင့်မှပြုတ်ကျခြင်း၊ မတော်တဆမှုများ ဖြစ်ပွားခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတွေကြောင့် လက်ကို ရုတ်တရက်ဆိုသလို ဆန့်တန်းထုတ်လိုက်မိတတ်ပါတယ်။ ဒီလို လက်ဆန့်ထုတ်လိုက်မိရင် လက်ကောက်ဝတ်ကို နာကျင်စေနိုင်တဲ့အတွက် သင့်ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းပေးနိုင်ဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်း၊ သင့်တော်မှန်ကန်တဲ့ ဖိနပ်စီးခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။

    ညအမှောင်မှာ ထိမိခိုက်မိခြင်းကို ကာကွယ်ဖို့အတွက် သင့်အိမ်မှာ မီးလင်းလင်းချင်းချင်း ထွန်းထားသင့်ပါတယ်။ ရေချိုးခန်းကြမ်းပြင်ဟာလည်း ခြောက်သွေ့နေသင့်ပါတယ်။

    သင့်လက်ကောက်ဝတ်ကို မကြာခဏ အနားပေးပါ။

    လက်ကောက်ဝတ်ကို အလွန်အကျွံ အသုံးမပြုမိစေဖို့အတွက် သတိထားပြီး မကြာခဏ အနားပေးရမှာ ဖြစ်ပါတယ်။ အချိန်အတိုင်းအတာတစ်ခု အလုပ်လုပ်ပြီးရင် ခဏရပ်ပြီး လက်ကောက်ဝတ်ကို လုံးဝ အနားပေးပါ။ အနားယူနေစဉ်အချိန်မှာ ဘာမှမခိုင်းပါနဲ့။

    လက်ကောက်ဝတ်နာကျင်ခြင်းကို ကုသတဲ့နေရာမှာ ကြိုတင်ကာကွယ်ခြင်းက အထိရောက်ဆုံးဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ လွယ်ကူရိုးရှင်းပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာပြီး သင့်လက်ကောက်ဝတ်ကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement