backup og meta

ဒူးနာ နေတဲ့ မေမေကို ဘယ်လိုကူညီကြမလဲ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒူးနာ နေတဲ့ မေမေကို ဘယ်လိုကူညီကြမလဲ

    အိမ်မှာ သက်ကြီးရွယ်အိုရှိတဲ့ သူတွေကတော့ ဒီဒုက္ခကို ကောင်းကောင်းနားလည်ပါတယ်။ အိမ်မှာ ဒူးနာ လို့ ငြီးနေတဲ့သူတို့ကို တွေ့ရတာက စိတ်မသက်မသာဖြစ်စရာပါ။ အထိုင်အထလည်းခက်၊ အတက်အဆင်းလည်းမလွယ်၊ အိမ်နဲ့တူတူအပြင်သွားမယ်ဆိုလည်း ဝေးဝေးလံလံသွားလို့မရ၊ ခရီးသွားဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်ပါဘူး။ ဒီလိုနဲ့ ဘယ်မှမသွားနိုင်ဘဲ အိမ်ထဲမှာပဲ အထီးကျန်လာပါတော့တယ်။ ကြာလာရင် ဒီစိတ်နဲ့ပဲ တခြားရောဂါတွေ ဝင်လာတော့မှာပါ။ ဒူးနာတာကြောင့် ဒီလောက်ကြီးဖြစ်ဖို့ကတော့ မထိုက်တန်ပါဘူး။ အထူးသဖြင့် ခုခေတ်ကို အစစ အရာရာတိုးတက်နေတဲ့ ခေတ်မှာပေါ့။ ကုသစရာနည်းလမ်းတွေ များပြားတဲ့ အတွက် အရင်လို ဒုက္ခခံစရာမလိုတော့ပါဘူး။ ကဲ လူကြီးတွေကို ဒီလောက် ဒုက္ခပေးတဲ့ ဒူးနာရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသကြမလဲဆိုတာ ဆက်ကြည့်ရအောင်။

    ဒါကို မပြောခင် ဒူးနာရောဂါအကြောင်း လေ့လာကြည့်ရအောင်။

    ဒူးနာ ရောဂါဆိုတာဘာလဲ။

    ရပ်ကွက်ထဲမှာ အလွယ်ပြောကြတဲ့ ဒူးနာတယ်ဆိုတာ တကယ်တော့ ဒူးဆစ်ရောင်ရမ်းတာပါ။ ဒူးဆစ်ကြားက အရိုးနုလေးတွေ ပျက်စီးလို့ ရောင်ရမ်းလာတာပါ။ တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတဲ့အတွက် ဒူးမှာ ဒူးဆစ်ရောင်ပြီး နာတယ်ဆိုတာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒူးဆစ်မှာ ရှိတဲ့ အရိုးနုလေးက ကြာလာတဲ့အခါ တောင့်တင်းလာပြီး အကွေးအဆန့်မကောင်းတော့ပါဘူး။ သူပျက်စီးလာတဲ့အတွက် သူ့နားမှာရှိနေတဲ့ အရွတ်တွေကို ဆွဲဆန့်လိုက်သလို ဖြစ်တဲ့အတွက် ဒူးနာရတာပါ။ ဒီထက်ပိုဆိုးလာရင်တော့ အရိုးနုတွေ ပြုန်းပြီး အရိုးမျက်နှာပြင်နှစ်ခု ပွတ်တိုက်ပျက်စီး လာပါတော့တယ်။

    ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

    • အသက် – အသက်၆၀ကျော်တွေမှာ အဖြစ်များပါတယ်။ အသက်ကြီးလာလေလေ ဖြစ်နိုင်ချေများလေပါပဲ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်ပါတယ်။ အသက် ၂၀၊ ၃၀ လောက်နဲ့ ဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ သူတို့ကတော့ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တာ ပိုများပါတယ်။
    • အဝလွန်တာ – အဝလွန်တဲ့ သူတွေက ဒူးအပြင် ကျောရိုး၊ ပေါင်ရိုးတွေပါ နာတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းတာ၊ ဝိတ်ချတာက ဒူးနာတာကို ကာကွယ်နိုင်တဲ့ အပြင် ဒူးနာနေတဲ့ သူတွေမှာလည်း အနာသက်သာစေပါတယ်။
    • ထိခိုက်ဒဏ်ရာ – ဒါကတော့ ငယ်တဲ့သူတွေမှာ အတွေ့ရများပါတယ်။ ဒူးကို ဖြစ်ဖြစ်၊ ခါးကို ဖြစ်ဖြစ် ထိခိုက်မိရင် ဒါရဲ့ နောက်ဆက်တွဲအနေနဲ့ ဒူးနာ၊ ခါးနာ ဖြစ်တတ်ပါတယ်။
    • အလွန်အကျွံ အသုံးပြုတာ – တချို့သောအလုပ်တွေ (ဥပမာ အလေးမရတဲ့ အလုပ်တွေ) လုပ်တဲ့သူတွေမှာလည်း ကြာလာရင် အရိုးအဆစ်တွေ နာတတ်ပါတယ်။
    • မျိုးရိုးလိုက်တာ – တချို့သူတွေမှာ အရိုးနုမှာ မျိုးရိုးလိုက်တဲ့ ရောဂါရှိနေတဲ့အတွက် အရိုးအဆစ်တွေ မြန်မြန်ပျက်စီးပါတယ်။ ဒါကြောင့် ဒူးနာတာအပြင် ခါးဆစ်ရိုးစောင်းတာ (Scoliosis) စတာတွေပါ ဖြစ်လာနိုင်ပါတယ်။
    • တခြားရောဂါများ – ရှားရှားပါးပါး သံဓာတ်စုပုံတဲ့ ရောဂါရှိတဲ့သူတွေ၊ ကြီးထွားဟော်မုန်းများတဲ့ သူတွေမှာလည်း အရိုးအဆစ်တွေ နာတတ်ပါတယ်။

    ဘာလက္ခဏာတွေ ဖြစ်နိုင်လဲ။

    လက္ခဏာတွေကတော့ တဖြည်းဖြည်းချင်း ပိုဆိုးလာပါတယ်။

    • ဒူးဆစ်တွေ နာပါတယ်။ (အထူးသဖြင့် လှုပ်ရှားရင်)
    • မလှုပ်ရှားတာ ကြာရင် ဒါမှမဟုတ် လှုပ်ရှားလွန်းရင် နာလာပါတယ်။
    • မလှုပ်ရှားတာကြာရင် အဆစ်တွေ တောင့်လာပါတယ်။
    • ဒူးဆစ်တွေ ဖောင်းလာပါတယ်။

    ဒူးနာ ရောဂါရဲ့ နောက်ဆက်တွဲက ဘာဖြစ်နိုင်လဲ။

    ဒူးဆစ်ရောင်ရမ်းတာက အသက်ကြီးလို့ ပျက်စီးတဲ့ ရောဂါဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့ အမျှ ပိုဆိုးလာပါတယ်။ ဒူးနာတာ၊ တောင့်တာကြောင့် သာမန်အလုပ်တွေ လုပ်ဖို့တောင် ခက်လာပါတယ်။ နာလွန်းလို့ ညအိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာတွေလည်း ဖြစ်လာနိုင်ပါတယ်။

    ဒူးနာ ရောဂါကို ဘယ်လိုကုသကြမလဲ။

    ခုနောက်ပိုင်း နည်းပညာတွေ တိုးတက်လာတဲ့အတွက် ဒူးနာသက်သာအောင်ရော ပြန်ပြီး သွားလာလှုပ်ရှားနိုင်အောင်ရော လုပ်လို့ ရနေပါပြီ။ နည်းလမ်းတွေကတော့

    • ဆေးဝါးများပေးခြင်း

    အကိုက်အခဲပျောက်ဆေးတွေ ပေးလို့ရပါတယ်။ တချို့သော ဆေးတွေက ရေရှည်သောက်ရင် အစာအိမ်ထိတာမျိုးရှိပေမယ့် လတ်တလော အနာသက်သာဖို့အတွက်တော့ အသုံးများကြပါတယ်။ ဒါကြောင့် ဆေးမသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    • ကုထုံးများ

    ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ – ဒီလေ့ကျင့်ခန်းတွေက ဒူးဆစ်ကို ပျော့ပျောင်းစေပြီး လှုပ်ရှားရလွယ်စေပါတယ်။

    Occupational therapy – ဒါကတော့ နေ့စဥ် လုပ်ငန်းဆောင်တာတွေကို လွယ်လွယ်ကူကူ လုပ်နိုင်အောင်၊ နာကျင်မှုနည်းအောင် လေ့ကျင့်ပေးပါတယ်။

    • ခွဲစိတ်ကုသနည်းများ

    စတီးရွိုက်ထိုးသွင်းနည်း – ဒူးဆစ်ကြားထဲကို စတီးရွိုက်ထိုးပြီး အနာသက်သာအောင်၊ အရောင်ကျအောင် လုပ်တာပါ။

    ချောဆီထိုးသွင်းနည်း – ဒူးဆစ်ကြားထဲကို  hyaluronic acid ဆိုတဲ့ ချောဆီ ထည့်ပေးတာပါ။ ဒါက ဒူးဆစ်ကြားမှာ ရှိတဲ့ သဘာဝချောဆီနဲ့ အတူတူပါပဲ။

    ဒူးဆစ်ခွဲစိတ်နည်း – ဒူးဆစ်ကို ခွဲစိတ်ပြီး ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ဖယ်ထုတ်လိုက်တာပါ။

    ဒူးဆစ်အစားထိုးနည်း – ဒါက နောက်ဆုံးပေါ်နည်းလမ်းဖြစ်ပြီး တော်တော်များများလည်း အသုံးပြုနေကြပါတယ်။ ပျက်စီးနေတဲ့ ဒူးဆစ်ကို ဖယ်ထုတ်ပြီး ပလတ်စတစ် ဒါမှမဟုတ် သတ္တုနဲ့ လုပ်ထားတဲ့ ဒူးဆစ်ကို အစားထိုးတာပါ။ ဒီအစားထိုးထားတဲ့ ပစ္စည်းတွေက အချိန်ကြာလာလို့ ပျက်စီးသွားရင်တောင် ထပ်ပြီး အစားထိုးလို့ရပါတယ်။ ကုသပြီး နောက်ပိုင်းမှာလည်း အကူမပါဘဲ ပြန်လည်လှုပ်ရှားနိုင်ပါတယ်။ ဒီကုသမှုတွေကို အရိုးကုသမှုမှာ နာမည်ကောင်းရထားတဲ့ ဆေး ဝေ့ဌာနီ ဆေးရုံလိုမျိုး ဆေးရုံတွေမှာ ကုသမှုခံယူလို့ရပါတယ်။

    အိမ်တွင်းကုထုံးများ

    အိမ်မှာလုပ်နိုင်တာတွေကတော့

    • ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်တာ
    • ဝိတ်ချတာ
    • နာတဲ့ နေရာကို အပူ၊ အအေးကပ်ပေးတာ
    • လမ်းလျှောက်ရင် အကူပစ္စည်း (ဥပမာ တုတ်ကောက်) သုံးတာ
    • Transcutaneous electrical nerve stimulation (TENS) အပျော့စား လျှပ်စစ်ဓာတ်သုံးပြီး နာကျင်မှု သက်သာအောင် လုပ်တာ စတဲ့နည်းလမ်းတွေ အသုံးပြုနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     
     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement