backup og meta

ခါးနာနေတဲ့ သင့်ရဲ့ခင်ပွန်း (သို့) ဇနီးကို ဘယ်လိုဂရုစိုက်မလဲ


Kyaw Thura Htun မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးနာနေတဲ့ သင့်ရဲ့ခင်ပွန်း (သို့) ဇနီးကို ဘယ်လိုဂရုစိုက်မလဲ

    သင့်ရဲ့ လက်တွဲဖော်က ခါးနာရောဂါခံစားနေရပါသလား? ခါးနာခြင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်ခြင်း တစ်မျိုးပါ။ ကျွန်တော်တို့အားလုံး တစ်သက်မှာ တစ်ခါတော့ ခါးနာဖူးကြမှာပဲ။ ဒါပေမယ့် တချို့သူတွေက ခါးနာခြင်းကို နာတာရှည်ပုံစံ ဆက်တိုက်ခံစားလာရတဲ့အခါမှာ သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတောင် မလုပ်ကိုင်နိုင်တော့တဲ့ထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုတော့ နာတာရှည်ခါးနာရောဂါလို့ ယေဘူယျခေါ်ပါတယ်။ ခါးနာနေတဲ့ သင့်ရဲ့လက်တွဲဖော်ကို ကူညီနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။ အခုပြောပြသွားမှာကတော့ ခါးနာရောဂါရှိနေတဲ့ သင့်ရဲ့ လက်တွဲဖော်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

    ခါးနာခြင်းနဲ့ ပတ်သက်သမျှ သင်လေ့လာနိုင်သလောက် လေ့လာပါ။

    သင်ကိုယ်တိုင် ခါးနာရောဂါအကြောင်း အခြေခံ နားလည်ထားဖို့ အရေးကြီးပါတယ်။ အဲဒီထဲမှာ ခါးနာစေတဲ့အကြောင်းအရင်းများ ကုသနည်းများ နာကျင်မှုကိုဘယ်လိုထိန်းညှိရမလဲဆိုတဲ့ နည်းလမ်းများကိုလည်း သိထားရပါမယ်။ ဒီလိုလေ့လာထားခြင်းက သင့်လက်တွဲဖော်ရဲ့ နေ့စဉ်ဘဝမှာ ဖြတ်သန်းနေရတဲ့ နာကျင်မှုကို သင့်အားနားလည်စေပါတယ်။ ခါးနာခြင်းအကြောင်း လေ့လာထားခြင်းက သင့်လက်တွဲဖော်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် ဆုံးဖြတ်ချက်ချရာမှာ ကူညီပေးနိုင်မယ့်အပြင် သက်တောင့်သက်သာဖြစ်စေမယ့် နေထိုင်မှုပုံစံ ပြောင်းလဲတဲ့နေရာမှာလည်း ကူညီပေးနိုင်ပါတယ်။ သင့်လက်တွဲဖော်ရဲ့ ခါးနာမှုအခြေအနေအကြောင်း သေချာနားလည်ထားခြင်းက သင်တို့နှစ်ဦးအကြား ဆက်ဆံရေး ပိုမိုအဆင်ပြေလာမှာဖြစ်ပါတယ်။

    သင်ကိုယ်တိုင်မခံစားရဘဲနဲ့ သင့်လက်တွဲဖော်ခံစားနေရတဲ့ နာကျင်မှုအခြေအနေကို သင်မသိနိုင်ပါဘူး။ ဒီလိုမသိခြင်းက သင့်လက်တွဲဖော်ကို သင်ကသူ့ကို ပစ်ထားတယ်လို့ ထင်ကောင်းထင်လာနိုင်ပါတယ်။ သင့်လက်တွဲဖော်ရဲ့ နာကျင်မှုအခြေအနေကိုသိနိုင်ဖို့အတွက် သူ့ကိုဘယ်အခြေအနေလောက်နာလည်းဆိုတာ ၁ ကနေ ၁၀ အတွင်း သတ်မှတ်ခိုင်းပါ။ ဒီလို သတ်မှတ်ထားခြင်းအားဖြင့် တစ်ရက်ပြီးတစ်ရက် သင့်လက်တွဲဖော်ရဲ့ နာကျင်မှုက လျော့သွားလား တိုးသွားလားဆိုတာကို သင်သိနိုင်မယ့်အပြင် ကုသမှုတွေရဲ့ ထိရောက်မှုကိုလည်း သိနိုင်ပါလိမ့်မယ်။

    သင့်လက်တွဲဖော် သက်တောင့်သက်သာ သွားလာနိုင်ရန် အိမ်တွင်းရှိ ပရိဘောဂတွေကို နေရာပြန်ချပါ။

    ခါးနာနေတဲ့သူတွေအတွက် တစ်ခုခုကို ကုန်းယူခြင်း တစ်ခုခုကို ခါးဆန့်ယူခြင်းတွေက အခက်ခဲဆုံး နဲ့ အကြီးမားဆုံး ပြသနာတွေပါ။ သင့်ရဲ့ ခါးနာနေတဲ့လက်တွဲဖော်ကို ကူညီနိုင်မယ့်နောက်တစ်နည်းက အိမ်ထဲက ပရိဘောဂတွေကို သင့်လက်တွဲဖော် နေထိုင်ဖို့အဆင်ပြေအောင်အပြင် ခါးနာခြင်းပိုမဆိုးလာဖို့ သင့်တော်တဲ့ နေရာရွှေ့ဖို့ပဲဖြစ်ပါတယ်။

    ပထမဆုံး စဉ်းစားရမှာက ဘယ်အရာတွေက မကြာခဏအသုံးပြုရတဲ့အရာတွေလဲ၊ ဘယ်အရာကတော်ရုံနဲ့ အသုံးမပြုတာတွေလဲဆိုတာပဲ ဖြစ်ပါတယ်။ မကြာခဏ အသုံးပြုတဲ့အရာတွေ ပရိဘောဂတွေကို ရင်ဘတ်နဲ့တစ်တန်းတည်း အမြင့်မှာ ယူရ ကိုင်ရအဆင်ပြေအောင် နေရာပြောင်းထားပေးသင့်ပါတယ်။

    နောက်တစ်ဆင့်က သင့်ရဲ့အိမ်ကို ခါးနာနေတဲ့သင့်လက်တွဲဖော် သက်တောင့်သက်သာ နေထိုင်နိုင်တဲ့ အိမ်ဖြစ်အောင် စီမံပါ။ သင့်အိမ်ရဲ့ ပရိဘောဂတွေကို သင့်လက်တွဲဖော်ရဲ့ခါးအတွက် အထောက်အပံပေးနိုင်အောင် စီစဉ်ပေးရပါမယ်။ ဥပမာ ထိုင်ခုံမှာ ခေါင်းအုံးခံထားပေးခြင်းက သင့်လက်တွဲဖော်ရဲ့ ခါးနဲ့ ထိုင်ခုံအမှီရဲ့ မာကျောနဲ့မျက်နှာပြင်ကို မထိစေဘဲ အထောက်အကူပြုပါတယ်။ ခါးနာနေတဲ့သူတွေဟာ လှေကားမတက်သင့်ပါဘူး။ ဒါကြောင့် တကယ်လို့ သင့်လက်တွဲဖော်ရဲ့ အခန်းက အပေါ်ထပ်မှာဆိုရင် သူ့ရဲ့အခန်းကို လှေကားမတက်ရတဲ့ မြေညီထပ်ဆီ နေရာရွှေ့ပေးဖို့ လိုပါတယ်။

    သင့်လက်တွဲဖော်ရဲ့ ခါးနာပြန်ကောင်းဖို့ ကြိုးစားနေသမျှထဲမှာ သင်လည်းပါဝင်ကူညီပါ။

    နှစ်ယောက်က တစ်ယောက်ထက်စာရင်ပိုကောင်းပါတယ်။ ဒါကြောင့် သင်ဟာသင့်လက်တွဲဖော်ရဲ့ လေ့ကျင့်ခန်းသင်တန်းမှာဖြစ်စေ ယောဂ အဖွဲ့အစည်းများတွင်ဖြစ်စေ သင်ရော ပါဝင်လိုက်ပါ။ နောက်တစ်ခုက သင်ရောသူပါ ကျန်းမာရေးနဲ့ညီညွတ်မယ့် စားစရာတွေကိုပဲ စားဖို့စီစဉ်နိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ရလာနိုင်ပါတယ်။ ဒါပေမယ့် သင့်လက်တွဲဖော်မှာ ခါးနာရောဂါရှိနေတယ်ဆိုတိုင်း သင်ကသူ့ရဲ့ ပုံမှန်နေ့စဉ်ဘဝလုပ်ငန်းတွေကိုပါ ပိတ်ပင်ရမယ်လို့မဆိုလိုပါဘူး။ အနာပြင်းထန်နေတဲ့အချိန် နားတာကသာအကောင်းဆုံးဆိုပေမယ့် သာမန်အချိန်တွေဆို သူရဲ့လှုပ်ရှားမှုတွေ( ဥပမာ ဈေးဝယ်ထွက်ခြင်း အိမ်မှုကိစ္စလုပ်ခြင်း ) ကိုလုပ်ခွင့်ပေးလိုက်ပါ။ ဒါတွေက သူတို့ကို သူတို့ရဲ့နာကျင်မှုအပေါ်ခံနိုင်ရည်ရှိစေပါတယ်။ ဒါပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေကြောင့် သူ့ရဲ့ခါးအခြေအနေကိုပိုမဆိုးလာစေဖို့အတွက် သင်ကဂရုစိုက်ပေးလိုက်ပါ။

    ကိုယ်လက်လှုပ်ရှားမှုကလည်း ကျောဘက်ကြွက်သားတွေကို သန်မာလာစေဖို့ အထောက်အကူပြုပါတယ်။ ဒါတွေက နာလန်ထူရေးမှာ အထောက်အကူပြုရုံသာမက နောင်အခါ ခါးနာထပ်မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သင့်အနေနဲ့ သင့်ရဲ့လက်တွဲဖော်ကို စိတ်ဓါတ်တက်ကြွအောင် လှုံ့ဆော်ပေးပြီး သူ့ရဲ့မနက်လမ်းလျှောက်ခြင်း ဒါမှမဟုတ် ညနေခင်းလမ်းလျှောက်ချင်း လှုပ်ရှားမှုတွေမှာ သင်ပါ ပါဝင်လိုက်ပါ။

    နာတာရှည်ခါးနာရောဂါဖြစ်နေတဲ့ လူတွေဟာ အချိန်အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ လိုအပ်ပါတယ်။ ဒါကခါးနာရောဂါကို ကိုယ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ခံစားနေရသူတွေအတွက်တော့ တော်တော်လေး မှန်ကန်ပါတယ်။ ခါးနာရောဂါခံစားနေရတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို ကူညီပေးခြင်းက သူတို့ရဲ့ နာလန်ပြန်ထနိုင်ရေးကို အရှိန်မြှင့်တင်ပေးတဲ့အပြင် မိမိတို့က သူတို့ရဲ့ ကျန်းမာရေးကိုဂရုစိုက်ကြောင်း အရေးတယူရှိကြောင်း သူတို့ကိုသိစေပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement