backup og meta

ကြွက်သားနာကျင်နေတဲ့ သင့်ကလေးငယ်ကို သင်ဘယ်လိုကူညီရမလဲ


Kyaw Thura Htun မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြွက်သားနာကျင်နေတဲ့ သင့်ကလေးငယ်ကို သင်ဘယ်လိုကူညီရမလဲ

    မိဘတစ်ယောက်အနေနဲ့ သားသမီး ထိခိုက် အနာတရမဖြစ်အောင် ကာကွယ်ပေးကြတာချည်းပါပဲ။ ဘယ်လောက်ပဲ ကာကွယ်ပေးပါစေ ကလေးဆိုတာ ကလေးသဘာဝအရ ဆော့ကစားပြီး အနာတရဖြစ်တာချည်းပါဘဲ။ မိဘတွေက ကလေးတွေကို တကယ်သင်ပေးရမယ့်အချက်ကတော့ နာကျင်မှုကနေ သူတို့ကိုယ်တိုင် ဘယ်လိုပြန်ထရမလဲ ဆိုတာပါပဲ။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့နာကျင်မှုအများစုက ကြွက်သားနာကျင်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင့်ကလေးကို သင်ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပါမယ်။

    စကားမပြောတတ်သေးတဲ့ သင့်ကလေးက သင့်ဆီကို “ဘူး ဘူး” လို့အော်ပြီး ပြေးလာတဲ့အခါမှာ သင့်အနေနဲ့ ကလေးငယ်က နာကျင်နေလားဆိုတာကို သေချာကြည့်ပြီး သင့်တော်တဲ့ကုသမှုပေးဖို့ လိုအပ်ပါတယ်။ ပိုငယ်တဲ့ ကလေးငယ်တွေက ဘာမှတောင်ပြောနိုင်မှာမဟုတ်တဲ့အတွက် သူတို့နာကျင်မှုခံစားနေရလားဆိုတာ သူတို့မငိုမချင်း သင်မသိနိုင်ပါဘူး။ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးရဲ့ အပြုအမူကိုအကဲခတ်ပြီးတော့ သူတို့ဘာခံစားနေရလဲဆန်းစစ်ပါ။ ဥပမာ – အံကြိတ်ခြင်း လိုမျိုး အပြုအမူပြောင်းလဲသွားတာမျိုးကိုဆိုလိုတာပါ။ တချို့ကလေးတွေကတော့ လူးလှိမ့်နေပြီး အစာစားဖို့ငြင်းဆိုပါလိမ့်မယ်။ တကယ်လို့ ခုနကပြောသွားသလို သင့်ကလေးပြုမူနေမယ်ဆိုရင် သင့်ကလေးက နာကျင်မှုကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။

    တကယ်လို့ သင့်ကလေးက စကားမတောက်တစ်ခေါက် ပြောတတ်ပြီ ဆိုလျှင် သူတို့ရဲ့နာကျင်မှုအဆင့်ကို သင့်အနေနဲ့ ၁ ကနေ ၁၀ အတွင်း သတ်မှတ်ခိုင်းပါ။ ဒီလိုမှသာ သင်ဟာသင့်ကလေးရဲ့ နာကျင်မှုအခြေအနေကို သိနိုင်ပြီး သင့်တော်တဲ့ကုသမှုကို ပေးနိုင်မှာဖြစ်ပါတယ်။ ပထမဆုံးလုပ်ရမှာက သူတို့နာကျင်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာရမှာဖြစ်ပါတယ်။ ဒါကတော့ သင့်ကလေးက စကားမပြောနိုင် ဆက်သွယ်မှုမလုပ်နိုင်သေးတဲ့အရွယ်ဆိုရင် သင့်အတွက် ခက်ခဲနိုင်ပါတယ်။ အဲအခါကျရင်တော့ နာကျင်မှုနဲ့သက်ဆိုင်တဲ့တခြား လက္ခဏာတွေ ကိုလိုက်ကြည့်ဖို့ လိုလာပါပြီ။ ဥပမာ အဖျားတက်ခြင်း၊ အပြုအမူ အနေအထိုင်ပြောင်းလဲခြင်း။ နာကျင်မှုဖြစ်စေတဲ့ အကြောင်းအရင်းကိုသိခြင်းအားဖြင့် သင်ဟာအဲဒီအကြောင်းအရင်းကို ဖယ်ရှားပြီး ကလေးငယ်ရဲ့ နာကျင်မှုကို ရပ်သွားအောင် လုပ်နိုင်ပါလိမ့်မယ်။

    ကလေးငယ်ရဲ့ နာကျင်မှုကိုလျှော့ချဖို့အတွက် ဆေးမလိုဘဲ အောက်ပါအချက်လေးတွေလည်း ပြုလုပ်နိုင်ပါတယ်။

    • ကလေးငယ်ကို အာရုံပြောင်းသွားအောင် လုပ်ခြင်း – ငယ်ရွယ်တဲ့ ကလေးငယ်တွေကို အာရုံပြောင်းအောင်လုပ်ရတာ ပိုမိုလွယ်ကူပါတယ်။ သူတို့ကြိုက်တဲ့ TV အစီအစဉ် ဒါမှမဟုတ် ရုပ်ရှင်ကို ဖွင့်ထားပေးခြင်းက သူတို့နာကျင်နေမှန်းကို မေ့လျော့နေစေပါတယ်။ နာကျင်မှု အသေးစားတွေဆိုရင် ဒီနည်းလမ်းက ထိရောက်ပါတယ်။ ဒါ့အပြင် သူတို့ကိုပုံပြင်ပြောပြခြင်း ဒါမှမဟုတ် အရုပ်လေးတွေ ဝယ်ပေးခြင်းနဲ့လည်း အာရုံပြောင်းအောင် လုပ်နိုင်ပါတယ်။

    • အအေးထုပ်ကပ်ခြင်း – သင့်ကလေးငယ် ကြွက်သားနာကျင်မှု စဖြစ်ဖြစ်ချင်းမှာ သင့်အနေနဲ့ အအေးထုပ် လေးနဲ့ နာကျင်နေတဲ့နေရာတစ်ဝိုက်ကို အုပ်ထားပေးလို့ရပါတယ်။ အအေးနဲ့ အကြာကြီးထိနေတဲ့အတွက် သင့်ကလေး နှင်းမကိုက်အောင်တော့ ဂရုစိုက်ပါ။ တစ်ခါကပ် ကြာချိန် မိနစ် ၂၀ နဲ့ တစ်နေ့လိုအပ်သလောက် ကပ်ပေးနိုင်ပါတယ်။

    • ရေနွေးထုပ်ကပ်ခြင်း – နာကျင်မှုလျော့သွားပြီးတဲ့အခါမှာ သွေးလှည့်ပတ်မှုကောင်းဖို့နဲ့ ဒဏ်ရာအကောင်းမြန်ဖို့အတွက် ရေနွေးထုပ်ကပ်ပေးနိုင်ပါတယ်။

    • ကြွက်သားကို ဆွဲဆန့်ပေးခြင်း – ကြွက်သားဆန့် လေ့ကျင့်ခန်းများကို ညင်သာစွာ ပြုလုပ်ပေးခြင်းကလည်း ကြွက်သားတောင့်တင်းမှုနဲ့ ကြွက်သားနာကျင်မှုကို ထပ်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒီလေ့ကျင့်ခန်းတွေက သင့်ကလေးရဲ့ အသုံးမပြုတာကြာပြီးဖြစ်တဲ့ ကြွက်သားတွေကိုလည်း အထောက်အကူပြုပါတယ်။

    • နှိပ်နယ်ပေးခြင်း – နှိပ်နယ်ပေးခြင်းကလည်း သွေးလည်ပတ်မှုကိုကောင်းစေပြီး နာကျင်မှုကို သက်သာစေတဲ့အပြင် ကြွက်သားတောင့်တင်းမှုကိုလည်း လျှော့ချပေးပါတယ်။

    • လည်ပင်းပတ်နဲ့ ခါးပတ်အသုံးပြုခြင်း – ထိုအထောက်အကူများကို အသုံးပြုပေးခြင်းကလည်း ကြွက်သားတွေကို အနားယူထားစေပြီး နာကျင်မှုကိုသက်သာစေပါတယ်။

    တကယ်လို့ အပေါ်ကပြောသွားတဲ့ နည်းလမ်းတွေနဲ့ အဆင်မပြေခဲ့လျှင် တရားမှတ်ခြင်း သို့မဟုတ် အသက်ရှူလေ့ကျင့်ခန်း လုပ်စေခြင်းဖြင့် နာကျင်မှုကို လျှော့ချနိုင်ပါတယ်။ ဆရာဝန်ကလည်း ပါရာစီတမော ဒါမှမဟုတ် ibuprofen လိုအကိုက်အခဲသက်သာတဲ့ဆေးကိုသောက်သုံးဖို့ ညွှန်းကောင်းညွှန်းနိုင်ပါတယ်။

    သင့်အနေနဲ့ သင့်ကလေးရဲ့ အခြေအနေကို ကုသမှုအပြီးမှာလည်း အကဲခတ်ဖို့လိုပါတယ်။ တကယ်လို့ ဆေးတွေ၊ သက်တောင့်သက်သာဖြစ်အောင် ပြုလုပ်ပေးတာတွေ အာရုံလွှဲအောင်လုပ်တာတွေ တစ်ခုမှ သင့်ကလေးရဲ့ နာကျင်မှုကို မလျှော့ချနိုင်ဘူးဆိုရင်တော့ ဆရာဝန်ကိုအမြန်ဆုံးခေါ်ပါ။

    တကယ်လို့ မရှင်းလင်းတာရှိခဲ့ရင်လည်း ဆရာဝန်ဆီ ဆက်သွယ်မေးမြန်းဖို့ ဝန်မလေးပါနဲ့။ ပြင်းထန်တဲ့အခြေအနေကြုံခဲ့ရင် နီးစပ်ရာ အရေးပေါ်ဆေးရုံ ဆေးခန်းတွေကိုအမြန်ဆုံးသွားပါ။ သူတို့ကသာ သင့်ကလေးလိုအပ်တဲ့ စောင့်ရှောက်မှုတွေကို အချိန်ပြည့်ပေးနိုင်မှာပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement