backup og meta

ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ

    ကိုက်ခဲနာကျင်မှု ဆိုတာ လူအတော်များများ ခံစားရလေ့ရှိတဲ့ ပြဿနာ တစ်ခုပါ။ ကိုက်ခဲနာကျင်တဲ့ ပြဿနာ အပြင် ဘယ်ကုသမှုက အကျိုးရှိထိရောက်မလဲ ဆိုတာ မသိနိုင်တာလည်း ပြဿနာ တစ်ခုပါပဲ။ နာကျင်ကိုက်ခဲမှု ဝေဒနာကို ခံစားနေရသူ တစ်ယောက်အနေနဲ့ (ဘယ်လိုကုသမှုတွေက သူတို့နဲ့ ပိုမိုသင့်တော်သလဲ၊ ဆေးပဲသောက်ရမလား၊ တခြားနည်းတွေ စမ်းကြည့်ရမလား ဒါမှမဟုတ် ဘယ်အချိန်မှာ ဆေးခန်းပြသင့်ပြီလဲ အစရှိတဲ့) မေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့ပတ်ချာလည်နေလေ့ရှိပါတယ်။

    အခု ဆောင်းပါးလေးကို ဖတ်ကြည့်မယ်ဆိုရင် နာကျင်ကိုက်ခဲတာကို ကုသနည်းတွေ နဲ့ပတ်သက်လို့ ပိုမိုနားလည်သိရှိလာပြီး အကောင်းဆုံးသော ကုသမှုပုံစံကို ရွေးချယ်နိုင်ဖို့ အထောက်အကူဖြစ်မှာ အမှန်ပါ။

    ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ

    ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ ကတော့

    ၁။ ကာလရှည် နာကျင်ကိုက်ခဲမှုနဲ့ ရုတ်တရက် နာကျင်ကိုက်ခဲတာဟာ မတူညီပါဘူး။

    ဒါကတော့ လူတိုင်းသိတာပဲလေလို့ သင့်အနေနဲ့ တွေးကောင်းတွေးနေပါလိမ့်မယ်။ နာတာရှည်ကိုက်ခဲမှု အပြင်းအပျော့ဟာ တစ်ရှူးထိခိုက်မှု ပမာဏအနည်းအများနဲ့ ဆက်စပ်မှုမရှိပါဘူး (ရုတ်တရက် နာကျင်ကိုက်ခဲတာ မှာတော့ နာကျင်မှုပမာဏနဲ့တစ်ရှူးထိခိုက်မှုပမာဏဟာ ဆက်စပ်မှုရှိပါတယ်)။ ဥပမာ- ကျောရိုးဆစ်ကြား အချပ်ပြား (disc)တွေ ပြင်းပြင်းထန်ထန် ပျက်စီးပေမယ့် အလွန်အမင်း နာကျင်မှု ရှိချင်မှရှိမှာ ဖြစ်ပြီး အဆိုပါ အဆစ်ခွေတွေ အနည်းငယ်ပဲ ပျက်စီးတဲ့အခါ ပြင်းထန်ဆိုးရွားတဲ့ နာကျင်မှုကို ခံစားကောင်းခံစားရမှာ ဖြစ်ပါတယ်။

    ဒါကြောင့် သင့်ဆရာဝန်နဲ့ ပြသတဲ့အခါ နာကျင်ကိုက်ခဲမှု ဘယ်လောက်ပြင်းထန်သလဲဆိုတာနဲ့ ဘယ်ပုံဘယ်နည်း နာကျင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြရပါမယ်။ ဒါမှသာ ဆရာဝန်အနေနဲ့ ရောဂါကို တိကျမှန်ကန်စွာ အဖြေထုတ်နိုင်မှာဖြစ်ပြီး သင့်တော်တဲ့ကုသမှုကို ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

    ၂။ ခါးနာခြင်းဟာ သင်ထင်သလောက်မရိုးရှင်းပါဘူး။

    တခြား ကျန်းမာရေးပြဿနာတွေနဲ့ ယှဉ်ရင် ခါးနာကျင်ခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေအဖြေထုတ်ပြီး ကုသပေးနိုင်တဲ့နည်းလမ်း သိပ်များများစားစား မရှိလှပါဘူး။

    တချို့ရောဂါတွေ (ဥပမာ-ကင်ဆာကျိတ်၊ ပိုးဝင်တာ ဒါမှမဟုတ် အရိုးကျိုးတာ)ကို ရှာဖွေဖော်ထုတ်ဖို့ လွယ်ကူရိုးရှင်းပေမယ့် တခြားကျောရိုးပြဿနာအများစုအတွက် စမ်းသပ်စစ်ဆေးခြင်းနဲ့ ကုသခြင်းတို့ကို ပြုလုပ်ရာမှာ ပင်မကျောရိုးအထူးကုဆရာဝန်တွေအနေနဲ့ အယူအဆများစွာ ကွဲလွဲကြလေ့ရှိပါတယ်။

    ဒါကြောင့် ရောဂါကို စမ်းသပ်ရှာဖွေဖော်ထုတ်တဲ့ နေရာမှာရော၊ နာကျင်ကိုက်ခဲတာကို ကုသတဲ့နေရာမှာပါ သင့်အနေနဲ့ ဖြစ်နိုင်သမျှ တက်တက်ကြွကြွ ပူးပေါင်းပါဝင် သင့်ပါတယ်။ ဒါမှသာ သင့်အတွက် တကယ်အကျိုးရှိတဲ့ ကုသမှုကို ရရှိခံယူနိုင်မှာ ဖြစ်ပါတယ်။

    ၃။ အကိုက်အခဲပျောက်ဆေးတွေ ပေးရတာဟာ ကံစမ်းခြင်း တစ်မျိုးပါ။

    လူတိုင်းကတော့ ဆေးကုလိုက်ရင် လုံးဝ အပြီးအပြတ် ပျောက်သွားတာမျိုးကို လိုချင်တာ သဘာဝပါပဲ။ ဒါပေမယ့် လူတစ်ယောက်နဲ့တစ်ယောက်မှာ နာကျင်မှုကိုခံစားရတဲ့ ပုံစံမတူတဲ့အတွက် တူညီတဲ့ ဆေးကုသမှု တစ်ခုတည်းရဲ့ အကျိုးသက်ရောက်မှုဟာလည်း လူတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။

    ဥပမာ- ကျောရိုးဆစ်ခွေ (disc)ကျွံတဲ့ နာကျင်ခြင်းအတွက် အကိုက်အခဲပျောက်ဆေး သောက်လိုက်လို့ ဒါမှမဟုတ် ထိုးလိုက်လို့ လူနာတချို့မှာ သက်သာသွားပေမယ့် တချို့မှာတော့ သက်သာချင်မှ သက်သာမှာ ဖြစ်ပါတယ်။ ဒါဟာ အတော်ခွကျပြီး မချင့်မရဲ ဖြစ်ဖို့ကောင်းပါတယ်။

    ဒါပေမယ့် သင်နဲ့ကိုက်ညီအကျိုးရှိမယ့် အကိုက်အခဲပျောက်ဆေးကို မသိရှိရသေးခင်မှာ ဆေးအတော်များများကိုတော့ စမ်းကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဆေးတစ်မျိုးနဲ့အနာမသက်သာရင် နောက်တစ်မျိုးပြောင်းရုံအပြင် အခြားမရှိပါဘူး။ ဒါပေမယ့် အားတော့မလျှော့ပါနဲ့။ ဒီလို ဆေးအမျိုးမျိုးနဲ့စမ်းသပ်ကြည့်မှသာလျှင် ထိရောက်မယ့် အကိုက်အခဲပျောက်ဆေးကို သိရှိလေ့ရှိပါတယ်။

    ၄။ ခန္ဓာကိုယ် နာကျင်မှုကို သာမက စိတ်ပိုင်းဆိုင်ရာကိုပါကုသပါ။

    ရုပ်ပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲမှုကို သာမက စိတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတွေကိုပါ ပြုလုပ်ပေးရပါမယ်။ အဓိက အရေးကြီးတဲ့အချက်က လူကိုလူလို့မြင်ပြီး နွေးနွေးထွေးထွေးဆက်ဆံကုသရပါမယ်။

    အကိုက်အခဲပျောက်ဆေးတွေ စွဲသောက်ခြင်းဟာ နာကျင်ကိုက်ခဲမှုတွေကို ကုသရာမှာ အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပေမယ့် နာကျင်ခြင်း ဝေဒနာကို လျော့ပါးသက်သာစေဖို့ ဒီတစ်နည်းတည်းရှိတာ မဟုတ်သလို ဆေးဝါးသုံးပြီး ကုသတဲ့နည်းလမ်း တစ်ခုတည်းကိုပဲ အသုံးမပြုသင့်ပါဘူး။

    ပြင်းထန်ဆိုးရွားတဲ့ နာကျင်ကိုက်ခဲမှုကို ခံစားနေရသူတွေဟာ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ ဆေးဆက်မသောက်လိုတော့ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရလေ့ရှိတာမို့ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုကို ကုသတဲ့နည်းတူ အဆိုပါ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းကုသပေးရပါမယ်။

    ဒါကြောင့် ကိုယ်ခန္ဓာကိုရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ အလေးထားကုသတဲ့ နည်းလမ်းတွေကို ရွေးချယ်အသုံးပြုရပါမယ်။ cognitive-behavioral therapy လို့ခေါ်တဲ့ မှတ်ဉာဏ်အမူအကျင့်ပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုတမျိုးကို ပြုလုပ်ပေးခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ရဲ့နာကျင်မှုကို သည်းခံနိုင်စွမ်း မြင့်တက်လာမှာဖြစ်ပြီး ဒီလိုမြင့်တက်လာတာနဲ့အမျှ နာကျင်မှုတွေလျော့ပါးလာမှာပါ။ ဒါတင်မက နာကျင်ခြင်းဟာ သင့်ဘဝမှာ ဘယ်လိုအရေးပါလဲ၊ သင့်အတွက်ဘယ်လိုအဓိပ္ပါယ်သက်ရောက်သလဲဆိုတာတွေကိုပါ နားလည်လာမှာပါ။

    ၅။ နာကျင်ကိုက်ခဲမှုကိုကုသတာဟာ အထူးပြုဆေးပညာရပ် တစ်ခု ဖြစ်ပါတယ်။

    အချို့သော ကျောရိုးခွဲစိတ်ဆရာဝန်တွေဟာ နာကျင်ကိုက်ခဲမှု ကုသတဲ့ ဘာသာရပ်ကိုပါ အထူးပြု ယူလေ့ရှိပါတယ်။ ကျောရိုးခွဲစိတ်ဆရာဝန် အများစုဟာ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေကို အဓိကထား ခွဲစိတ်ပြုပြင်တာ ဖြစ်ပေမယ့် (ဒီလိုခွဲစိတ်လိုက်ရင် နာကျင်တာတွေ လျော့ပါးသက်သာသွားသင့်ပါတယ်) အရှေ့မှာပြောခဲ့တဲ့ ကျောရိုးခွဲစိတ်ဆရာဝန်တွေကတော့ ကာလရှည်နာကျင်မှုတွေ ပျောက်ကင်းအောင် ဦးတည်ပြီး ခွဲစိတ်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။

    အခြားသော ကုသမှု နည်းလမ်းတွေနဲ့ မအောင်မြင်တဲ့ နာတာရှည် နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေဖို့အတွက် ကျောရိုးပင်မ အာရုံကြောကြီးထဲကို stimulators လို့ခေါ်တဲ့ နှိုးဆွတဲ့ ပစ္စည်းလေးတွေထည့်တာ ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေ တိုက်ရိုက်ထိုးထည့်တာမျိုး ပြုလုပ်ခြင်းတွေဟာ အတွေ့ရအများဆုံး ခွဲစိတ်မှုတွေပဲ ဖြစ်ပါတယ်။

    ဒီလိုမျိုး ခွဲစိတ်မှုတွေကို ခံယူရသူ အများစုဟာ ကျောရိုးတစ်ခါခွဲထားဖူးပေမယ့် ကာလရှည်နာကျင်ခြင်း ဝေဒနာ မသက်သာနိုင်သေးသူတွေ ဖြစ်လေ့ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement